သတင်းစာများသည် သမိုင်းကို ပြောနိုင်ခဲ့သည်

သတင်းစာများသည် သမိုင်းကို ပြောနိုင်ခဲ့သည်
by -
ဘိုဘိုလန်းစင်

လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် လူဟောင်းတွေဝိုင်းရေးပေးသည့် စာအုပ်မှာ စိစစ်ရေးက ထုတ်မဖြစ်အောင် ဖြတ်တောက်ခဲ့သည်။ အမရပူရတောင်လေးလုံးကျောင်းတွင် ဆွမ်းကျွေးလေးလုပ်ရုံမျှနှင့် ပီးသွားခဲ့သည်။

(၁)

လူထုသတင်းစာ အနှစ် ၅ဝ ပြည့်အတွက် လူဟောင်းတွေဝိုင်းရေးပေးသည့် စာအုပ်မှာ စိစစ်ရေးက ထုတ်မဖြစ်အောင် ဖြတ်တောက်ခဲ့သည်။ အမရပူရတောင်လေးလုံးကျောင်းတွင် ဆွမ်းကျွေးလေးလုပ်ရုံမျှနှင့် ပီးသွားခဲ့သည်။ ၆၅ နှစ်ပြည့်ချိန်တွင်တော့ အမှတ်တရရေးမည့် တိုက်ရှင် ဒေါ်အမာလည်းမရှိတော့။ လန်ဒန်တွင် ဝင်ဒီလောရုံက သူ့အဖေ အက်ဒွပ်လောရုံအကြောင်း စာအုပ်ရေးနေသည်ဆိုတော့ ဗမာပြည်မှာ မီဒီယာတွေအကြောင်း သေချာမှတ်တမ်းတင်တာ နဲသေးသည်ဟုသာ မချင့်မရဲဖြစ်ရသည်။ ရန်ကုန်သတင်းစာတိုက်ရှင် မြို့မမောင်အကြောင်း သူ့သမီး မလှမြင့်ရေးသည်ကတအုပ်၊ ဒေါ်အမာ၏ ဦးလှအတ္ထုပ္ပတ္တိကတအုပ်သာ လောလောဆယ်ဆယ်ထွက်ထားသည်။ ဟိုရှေးက ဒေါ်မမလေး၏ သူလိုလူ၊ ဦးသောင်း၏ ဗမာ့ခေတ်မှကြေးမုံသို့၊ ချစ်ကြည်ရေးကြည်ညွန့်၏ သူရိယ မြန်မာ့အလင်းနှင့် သမိုင်းဝင်မြန်မာ့နိုင်ငံရေး၊ဦးကျော်ငြိမ်း၏ နှစ်၃ဝ မြန်မာ့အသံ၊ အထောက်တော်လှအောင်၏ သတင်းဂျာနယ် စသည်တို့လောက်သာ ထွက်ဖူးသည်။

ရန်ကုန်မှ ဖုန်းဖြင့်လာသည့် မက်ထရစ်အောင်စာရင်းကို လူထုသတင်းစာတိုက်မှ ညလုံးပေါက် ကြေညာပေးနေစဉ် (၁၉၆ဝကျော်)
ဤဆယ်နှစ်အတွင်း မီဒီယာတွေ တခေတ်ဆန်းပီး မိုးဦးကျ မှိုများလို အဖြိုင်ဖြိုင်ပေါ်လာတော့ ဘယ်အပွင့်ကို စိတ်ချလက်ချ မှီဝဲရမည် မသိအောင်ပင် အမယ်က စုံလှသည်။ သတင်းပိုင်းက ကြိုးစားကြသလောက် ဂျာနယ်တွေ များသလောက် ဆောင်းပါးရှင်ကမများလှ၊ ကြိုက်တဲ့အစောင်ဆွဲကောက်ကြည့်လျှင် မဂ္ဂဇင်းတွေထဲက လူကြီးတွေသာများနေသည်။ မျက်နှာသစ်ဆိုပီး ထွက်လာသည့်ပညာရှိလေးများကလည်း အရေးအသားအယူအဆက တော်တော်တော်တော့ကို စိတ်ကူးယဉ်ပီး လက်တွေ့နှင့်မကပ်ကာ တခါတရံ အစိုးရရှေ့နေရှေ့ရပ်များအလား အာဘော်တွေက ပြောင်မြောက်လှရာ မဆလခေတ်သတင်းစာတွေကိုပင် သတိရမိပြန်သည်။ တိုက်သုံးဆောင်းပါးရှင်တွေ၊ ပညာရပ်အလိုက်ရေးသားသူတွေနှင့် ဟန်ကြီးခဲ့သော ပြည်သူပိုင်မတိုင်ခင်က ပုဂ္ဂလိကသတင်းစာခေတ်ကိုတော့ ဘယ်သူမှ မမီနိုင်သေးပါ။

ဘိုစိတ်ပေါက် ဘိုယိမ်းကနေသော ဂျာနယ်များထက် မြန်မာလောကနှင့် ပိုအစပ်တည့်ပီး မြန်မာတို့အတွက် အတွေးအမြင်သစ်တွေ ဝေမျှနိုင်မည့် မီဒီယာတွေသာ ကျနော်တို့ လိုအပ်သည်။

အပြင်တွင် လွတ်လွတ်ကျွတ်ကျွတ် ထုတ်နေသည်ဆိုသော ဝက်ဆိုက်များတွင်ပင် ဆောင်းပါးရှင် ကောင်းက တော်တော် ရှားပါသည်။ ယခုခေတ် ဖီချာခေါ် သတင်း အဖွဲ့အနွဲ့ ဆောင်းပါးရေးသူများကလည်း သတင်းကျောင်းတွေက သင်ပေးလိုက်သည့် ပုံစံခွက်၊ တိုက်မူတွေထဲက မထွက်ပဲ အရေးအတွေးလေးများကလည်း ဂျူး၊ တာရာမင်းဝေ၊ နီကိုရဲလောက်ဖတ်ရေးသည့် “အနု”လေးတွေမှန်း သိသာနေသည်။ ဂျာနယ် လစ်ဇင်နဲ့ပတ်သက်ပီး ဖတ်စရာမျှ ပါအုံးပြောလာလျှင် မြသန်းတင့်ပြန်သည့် အီလျာအာရင်ဘတ်၏ လူများ၊ သက္ကရာဇ်များ၊ ဘဝများ၊ ခေတ်ပြိုင် ရုပ်ပုံလွှာများ၊ သိန်းဖေမြင့်၏ ပွင့်ပွင့်လင်းလင်းသတင်းစာဖြတ်ပိုင်းများ၊ လတ်တလောပြန်ထွက်လာသည့် ဦးလှ၏ သောင်းပြောင်းထွေလာ ရေးချင်ရာရာတွေ ဖတ်စေချင်မိသည်။ လူထုတိုက်ထုတ် မောင်မဲ၏ ခရီးသွားဆောင်းပါးများလည်း ပြန်ထွက်စေချင်သည်။

လူထု သတင်းစာ အဟောင်းများကို ပြန်လှန်မိလျှင် ခေတ်တခေတ်ကို ခုန်ဝင်သွားသည့်ပမာရှိလှသည်။ သူတို့ခေတ်က ရဲရဲတင်းတင်းသတင်းတင်ဆက်ပုံ၊ ဆောင်းပါးရေးပုံ၊ တီထွင်ဖန်တီးစိတ်ရှိပုံတွေက လက်ရှိ မီဒီယာ မျိုးဆက်များ သိစေချင်သည်။ သူရိယ၊ မြန်မာ့အလင်း၊ နယူးဘားမား၊ ဂါးဒီးယန်း၊ နေးရှင်း၊ ကြေးမုံ၊ ဦးဝင်းတင်ခေတ် ဟံသာဝတီစသည့် ကျော်ခဲ့ တော်ခဲ့သော ခေတ်ဟောင်းမြန်မာသတင်းလောကကို ပြန်လေ့လာခွင့်ရကြလျှင် သတင်းသင်တန်းပေါင်းစုံတက်နေရတာထက် ပိုလက်တွေ့ကျမည်ထင်ပါသည်။ လူထုစိန်ဝင်းရေးဘူးသလို ဘိုစိတ်ပေါက် ဘိုယိမ်းကနေသော ဂျာနယ်များထက် မြန်မာလောကနှင့် ပိုအစပ်တည့်ပီး မြန်မာတို့အတွက် အတွေးအမြင်သစ်တွေ ဝေမျှနိုင်မည့် မီဒီယာတွေသာ ကျနော်တို့ လိုအပ်သည်။

လူထုတွင် ပေါ်ဦးသက်၊ ဝင်းဖေတို့၏ ခေတ်ရှေ့ပြေးကာတွန်းမျိုးပါသလို ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များကလည်း အခန်းဆက် နှစ်ဆက်ပါခဲ့သည်။ ဦးမြစိန်၏ ဗုဒ္ဓဘာသာဥပဒေထုံးတမ်းဆောင်းပါးေတွ၊ ဒေါက်တာရှားမား၏ ကလေးသူငယ်ပြုစုနည်း၊ ကျော့မောင်၏ သမဝါယမလောက၊ ရွှေကိုင်းသား၏ ပုဂံသွားမှတ်တမ်းစသည့် ကော်လံဆောင်းပါးရှင်များမှာ ပညာရှင် “ခေါင်”ဆိုတာတွေများပီး ချာတိတ်တွေ ကက်ဆက်နဲ့လွှတ်မေးခိုင်းပီး ထည့်လိုက်သည့် ဆောင်းပါးမျိုးမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးကိုယ်ရည်သွေးတွေ အပိုအကဲအဖွဲ့အနွဲ့တလှေကြီးနှင့် ပျင်းရိစရာ ခေတ်ပေါ် စာရေးဆရာ ဂျာနယ်လစ်များ၏ ခရီးသွားဆောင်းပါးများကို ဖတ်တိုင်းလည်း ဦးလှ၏ဂျပန်ပြည်တခေါက်၊ အင်ဒိုနီးရှားအရှေ့မှအနောက်သို့၊ နာဂတောင်တန်းတစေ့တစောင်း၊ ဒေါ်အမာ၏ အမယ်မင့်ဘန်ကောက်မြို့တော်၊ ဆိုရှယ်လစ်တိုင်းပြည်များသို့စသည့် ခရီးသွားများကို သတိရပါသည်။ ဦးထွန်းဖေ၊ ဦးဝင်းတင်၊ သိန်းဖေမြင့်စသည့် သတင်းသမားလက်ဟောင်းကြီးများလည်း ထို့တူ စာရေးကောင်း အမြင်စူးရှကြပါသည်။ ဖိတ်သည့်နိုင်ငံအကြောင်း အကောင်းချည်းမြင်ပီး ပြန်လာသည့် တက်ခေတ် ဂျာနယ်ဆောင်းပါးများကို မြင်ရတိုင်း မျက်စိနောက်လှသည်။
    
(၂)

အခြေခံလူတန်းစားများ ဘဝတိုးမြှင့်ရေး၊ ရိုးရာ ယဉ်ကျေးမှု စောင့်ရှောက်ပြန့်ပွားရေး၊ နိုင်ငံရေး တွင် ပြည်ပ လက်ဝေခံ မဖြစ်ရေး စိတ်ဓာတ် ရှိကြသည်မှာ လူထု၊ ကြေးမုံ စသည့် အနှစ် ၅ဝ က မီဒီယာများသြဇာမကင်းဟု ဆိုချင်ပါသည်။

“သတင်းစာသည် သတင်းကိုသာ ပြောနေ၍မရ။ အမှားကိုနင်း၊ အမှန်ကို ရွက်၍ ထင်မြင်ချက်ပေးရသည်။ အဆုံးအဖြတ် ပေးရသည်။ ဟောဒါ အမှား၊ ဟောဒါအမှန်ဟု ရဲရဲကြီး ပြောရသည်။ အမှန်ဘက်က ဝင်ရပ်ရသည်။ တိုက်ပွဲဝင်ရသည်။” (ဦးဝင်းတင်၊ အိပ်မက်ကြိုးမျှင်၊ ပြည်သူတို့၏စကားပြန်၊ ၁၉၇၄မှ)

လူထုကို ထုတ်ခဲ့သည့်ခေတ်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြင်းဆုံး မတည်ငြိမ်ဆုံး၊ ကမ္ဘာတွင်လည်း စစ်အေးကြီးအရှိန်တက်ဆုံးကာလဖြစ်သည်။ အစပိုင်းက လွတ်လပ်ရေးတိုက်ပွဲဝင် ဖဆပလ၏ အာဘော် ပြန့်ပွားရေးအတွက် ၁၅ ရက်တကြိမ်ထုတ်ဂျာနယ်ကို သတင်းစာအဖြစ် တိုးချဲ့ထုတ်ဝေခြင်းဖြစ်သည်။ ထိုမှ ပြည်တွင်းစစ်အရှိန်ပြင်းဆုံး မန္တလေးကို လက်နက်ကိုင်ပါတီ ၃ ဖွဲ့က ခွဲအုပ်ချုပ်နေသည့်ကာလမျိုးမှ အစိုးရခါးပိုက်ဆောင် ပျူစောထီး၊ လဲဗီးတပ်များ တနိုင်ငံလုံးမင်းမူနေသည့် ပါလီမန်ခေတ်၊ ပြည်သူပိုင်သိမ်း လူတွေဖမ်းသည့် စစ်အာဏာသိမ်းခေတ်များထိ ရှည်ကြာခဲ့သည်။ ခေတ်အဆက်ဆက် အာဏာရအစိုးရပိုင်းနှင့် မသိမဟုတ် သိသည်ချည်းဖြစ်သော်လည်း သူတို့လိုဘဖြည့်မည့် အသုံးတော်ခံသတင်းစာမဟုတ်၍ အမျိုးစုံနှောင့်ယှက်ခံရသည်။

၁၉၄၈ ရန်ကုန်တွင် သတင်းစာတိုက်များ ပေါက်ဆိန်အပေါက်ခံရသည့် ကိစ္စကိုသာ နိုင်ငံသိမှတ်တမ်းရှိသော်လည်း ၁၉၄၉ မန္တလေးကို အစိုးရတပ်ပြန်သိမ်းအပီး တပ်က မြို့ကို ကရင်သူပုန်များလက် လက်လွတ်စပယ်ထားထွက်ပြေးသည်ဟု ရေးခဲ့သည့် လူထုပုံနှိပ်စက်များကို ဒိုင်းနမိုက်ဖြင့်ခွဲခြင်း၊ မိသားစုကို သတ်ဖြတ်မည်ထိ ခြိမ်းခြောက်ခြင်းတို့မှာ လူမသိခဲ့ပါ။ ဦးလှနှင့်အယ်ဒီတာများကို ပုဒ်မမျိုးစုံနှင့် ဖမ်းခြင်း၊ အမှုဆွဲစစ်ခြင်း၊ သတင်းစာတိုက်ချိတ်ပိတ်ခြင်းတို့မှာ အများသိပါသည်။ ၁၉၄၆ မှ ၁၉၆၇ ထိ ၂၁ နှစ်လုံးလုံး သတင်းစာ ဆက်တိုက်မထုတ်ခဲ့ရပဲ အနဲဆုံး ၄ ကြိမ်ခန့် အပိတ်ခံရဘူးသည်။ ခုခေတ် အစိုးရအလိုကျ လိုက်လျောသည်းခံရေးသလောက် အမြင်မကြည်၍ တပတ် နှစ်ပတ်ခန့်အပိတ်ခံရလျှင် ခြူသံပါအောင်ညည်းပြ မဏ္ဍပ်တိုင်တက်တတ်သည့် ကမြင်းနီသည်းခြေနှင့် ဂျာနယ်လစ်များကို ထိုခေတ်ပို့ထားချင်ပါသည်။ လူထု၊ လင်းယုန် လက်ဝဲသတင်းစာများသာမက အမေရိကန်ငွေမကင်းသည့် ဗမာ့ခေတ်ကဲ့သို့တိုက်မျိုးလည်း အမြင်မကြည်လျှင် စက်သေနတ်နှင့်အပစ်ခံရတတ်ပါသည်။ နီးနီးနားနား ရန်ကုန်ခေါ်ထားလျှင် သူကယ်နိုင်ကောင်းရဲ့ဟု သတင်းစာမဖတ်သည့် ဝန်ကြီးချုပ်ဦးနုက ရန်ကုန်တွင် သူ့ဆီ သတင်းစာလာထုတ်ဖို့ (ခင်မျိုးချစ်နှင့်ဦးခင်မောင်လတ်က အင်္ဂလိပ်လိုတစောင်ဟု) ကမ်းလှမ်းဘူးသော်လည်း မူဝါဒချင်း ဘယ်လိုမှ မတူ၍ ရတနာပုံနေပြည်တော်နေ ညီလေးကိုလှနှင့် ညီမလေးမအမာတို့ ငြင်းပယ်ခဲ့ရဘူးသည်။            

“ကြောက်ချေးပါသည်ဆိုသော စကားလုံးမျိုးတွေ ရှောင်ကြစမ်းပါ။ မန်းဆန်ဆန် ယဉ်ယဉ်လေးနှင့် ဆွေ့ဆွေ့ ခုန်အောင် ရေးနိုင်ပါတယ်”
(လူထုဦးလှသို့ ဘီဘီစီ ဦးတက်ထွဋ် ပေးစာများမှ၊ ၁၉၆ဝခန့်)

နောက်ဆုံး ရပ်ရသည့်အခါတွင်လည်း တရုတ်-ဗမာအရေးအခင်းကာလတွင် ရပ်ရပါသည်။ အစိုးရဖန်တီးသည့် တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး အဓိကရုဏ်းတွင်း ရန်ကုန်တရုတ်တန်းနှင့် နယ်တချို့တွင် အသေအပျောက် အတော်ရှိနေချိန်တွင် ပီကင်းအာဘော်သတင်းစာဟု လူအုပ်နှင့် လူထုကို ဖျက်ဆီးဘို့အထိ ကြံစည်ခဲ့ကြသည်။ နောက် တက္ကသိုလ်နားတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လူစုခွဲလိုက်၍ ပြဿနာအေးသွားသည်။ သတင်းစာကိုတော့ ဆက်လက်ထုတ်ဝေခွင့်မပေးတော့။ ပီကင်းအသံတွင် လွှင့်နေသည့်အမျိုးသမီးမှာ ဦးလှသမီးဟု လုပ်ကြံကောလာဟလ မျိုးက ယောနယ်ဆောနယ်လိုဒေသမျိုးထိပျံ့ခဲ့သည်။ ဘဝချင်းမတူသည့်တရုတ်ပြည်လိုစာအုပ်မျိုးကို ပြန်ဆိုထည့်သွင်း ခဲ့သည့် ပီကင်းလိုင်းထောက်ခံသော သတင်းစာဖြစ်သော်လည်း လူထုတွင် တရုတ်ပရောဂျက်မရှိပါ (လက်ဝဲလိုင်းက လက်ယာအမေရိကန်လိုင်းကဲ့သို့  ဖောဖောသီသီမထောက်ပံ့နိုင်ပါ။ စိတ်ဓာတ်ရေးအရသာ ထောက်ခံကြသည်)။

သတင်းစာမရပ်ခင်ကပင် ညကြီးသန်းခေါင် အချိန်မတော်မှ နန်းတွင်းစစ်ဌာနချုပ်က လာပို့သည့် မိန့်ခွန်းကြီးများကို သတင်းအရ တန်ဘိုးမရှိပဲ ထည့်ပေးနေရသဖြင့် ပိတ်ချင်လှပီဟု ဒေါ်အမာပြောဘူးသည်ကို သတိရပါသည်။ ဝင်းဖေ ပေါ်ဦးသက်စသည့် ကာတွန်းဆရာများ၏ ကာတွန်းများမှာလည်း နန်းတွင်း၏ ကန့်ကွက်မှုကြောင့် အစောပိုင်းကပင် ထည့်သွင်းမှုရပ်ဆိုင်းခဲ့ရသည်။ လုပ်ခဲ့သမျှပြန်ကြည့်လိုက်လျှင် လုပ်ချင်ရေးချင်သည်တို့ကို လုပ်နိုင်သလောက် လုပ်ခဲ့ရေးခဲ့ရ၍ စိတ်ချမ်းသာသည်ဟု လူထုဒေါ်အမာရေးဘူးပါသည်။ အထက်မြန်မာပြည်၏ ခေတ်နောက်ကျ ရှေးရိုးဆန်သည့် ပြည်သူများဖတ်ဖို့ ကမ္ဘာ့အရေး မြန်မာ့အရေး သိသင့်ရာရာကို ထင်မြင်ချက်ထိထိမိမိနှင့် လူထုကဖော်ပြခဲ့ပါသည် (လူထုသည် နယ်မှနေ၍ တနိုင်ငံလုံးထိ သြဇာကြီးခဲ့သည့် တခုတည်းသော သတင်းစာဖြစ်ပါသည်)။ လူထုတွင်  ကမ္ဗောဇလို ချောင်ခလောင်ထဲက လွတ်လပ်စတိုင်းပြည်ကလေး၏ ဘက်မလိုက်နိုင်ငံရေးလှုပ်ရှားမှုသတင်းများတင်ပေး၍ ကျေးဇူးတင်သည်ဟု ဘုရင်သီဟာနုက ဇင်းမယ်လုံချည် နှစ်အုပ်လက်ဆောင်ပို့တာမျိုးလည်း ရှိဘူးသည်။

လက်ရှိမစိုးရိမ်ဆရာတော် ဦးရာဇဓမ္မနှင့် မန္တလေးဆရာတော်ကြီးတချို့၊ မြန်မာမှုပညာရှင် ဦးအေးမြင့်တို့အရွယ်တူ အနုပညာကျော်များ၊ ပြည်တွင်းပြည်ပ မန္တလေးဆက် ကုန်သည်လုပ်ငန်းရှင် အရာရှိ ဆရာဝန် အင်ဂျင်နီယာ ပါမောက္ခစသည့် ရဝ တန်း တက္ကသိုလ်သမဂ္ဂ တပ်ဦးဟောင်းတချို့၏ အမြင်အတွေးများတွင် ယခုတိုင် စစ်လက်ဝါးကြီးအုပ် အရင်းရှင်ကြီးဝါဒဆန့်ကျင်ရေး၊ အခြေခံလူတန်းစားများ ဘဝတိုးမြှင့်ရေး၊ ရိုးရာယဉ်ကျေးမှုစောင့်ရှောက်ြပန့်ပွားရေး၊ နိုင်ငံရေးတွင် ပြည်ပလက်ဝေခံမဖြစ်ရေးစိတ်ဓာတ်ရှိကြသည်မှာ လူထု၊ ကြေးမုံစသည့် အနှစ် ၅ဝ က မီဒီယာများသြဇာမကင်းဟု ဆိုချင်ပါသည်။ သတင်း၊ ဆောင်းပါး၊ ဝေဖန်ချက် အတန်းမြင့့်မြင့်နှင့် တိုင်းပြည်ကို ဦးနှောက်အစာကျွေးနိုင်သော “ဘက်မှန်” မီဒီယာသစ်များမြင်လိုပါသည်။