နေပြည်တော်ဒီဇိုင်း (၃)

နေပြည်တော်ဒီဇိုင်း (၃)
by -
အောင်သူငြိမ်း

ဗိုလ်ချုပ်သန်းရွှေ အကြောင်း စာအုပ်ရေးဖို့ ဘင် ရော်ဂျာက မြန်မာပြည်မှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မာ့က် ကန်းနင်း Mark Canning ကို တွေ့ဆုံမေးမြန်းတော့ နေပြည်တော်ကို သူခရီးသွားခဲ့တဲ့ ...

အီး-အစိုးရ

၁။ ဆက်သွယ်ရေး ဧရိယာပြင်ပ/ ဟိုင်းဝေးဘေးက လမ်းမြောင်

ဗိုလ်ချုပ်သန်းရွှေ အကြောင်း စာအုပ်ရေးဖို့ ဘင် ရော်ဂျာက မြန်မာပြည်မှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မာ့က် ကန်းနင်း Mark Canning ကို တွေ့ဆုံမေးမြန်းတော့ နေပြည်တော်ကို သူခရီးသွားခဲ့တဲ့ အတွေ့အကြံုမှတ်ချက်ကို ပြောပြတာ ဖတ်ရတယ်။ နေပြည်တော်ကို သွားရာလမ်းမှာ အသစ်ခင်းထားတဲ့ ဟိုင်းဝေးကားလမ်းမကြီးကို ဖြတ်သွားရတယ်။ နောက်တော့မှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရောက်ဖို့ အဲဒီလမ်းမကြီးကနေ ဖုန်တွေထနေတဲ့ လမ်းကျဉ်းလေးတခုကို ဖြတ်ပြီးဝင်ရတယ်တဲ့။ နောက်ကြံုရတာကတော့ အဲဒီနိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ parking လည်း မရှိပြန်ဘူးလို့ မာ့က် ကန်နင်းက ပြောပြတာ ဖတ်ရတယ်။

"တကယ်တော့ဗျာ၊ နိုင်ငံတကာကို ဆက်ဆံဖို့ထားတဲ့ နိုင်ငံတခုရဲ့ မျက်နှာစာ interface နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ ထားပေးဖို့ဆိုတာ ကျိုးကြောင်း မဆီလျော်လှဘူးလားဗျာ" တဲ့၊ သူက ဘင် ရော်ဂျာကို မှတ်ချက်ချ ပြန်ပြောခဲ့ဖူးပါတယ်။

တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဆက်သွယ်ရေးဧရိယာပြင်ပ၊ နိုင်ငံတကာ သတင်း ဆက်သွယ်ရေး ဟိုင်းဝေး လမ်းမကြီးရဲ့ ပြင်ပမှာ ရောက်နေတာပါ။ သူများနိုင်ငံမှာ အခမဲ့သုံးလို့ရတဲ့ကိစ္စ အင်တာနက် ဆက်သွယ်ရေးကိစ္စ၊ အီး-မေးလ် စသဖြင့်ကို မြန်မာနိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ ဖက်စ် Faximile စက်ဖမ်းမိလို့ ထောင်ချခံရပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာလီယိုနီကိုးလ် ထောင်တွင်း သေဆုံးခဲ့ရတဲ့ ကိစ္စဟာလည်း မြန်မာနိုင်ငံသမိုင်းမှာ ထူးထူးခြားခြား ရှိခဲ့ပါတယ်။ တခါ သိပ်မကြာသေးခင်ကပဲ အင်တာနက်ပေါ်ကနေ အခမဲ့နီးပါး စျေးချိုစွာ သုံးစွဲပြောဆိုလို့ရတဲ့ VOIP ဖုန်းစနစ်တွေကို ပိတ်ပင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အကြောင်းပြချက်ကတော့ နိုင်ငံတော်အစိုးရ ဖုန်းဆက်သွယ်ခတွေကနေ ရတဲ့ ဝင်ငွေလျှော့လို့ ဖြစ်ပါသတဲ့။ အခု လွှတ်တော်တက်နေတဲ့ အမတ်တဦးရဲ့ အင်တာဗျူးကို ဖတ်ရတော့လည်း နေပြည်တော်သူတို့ တည်းခိုရာအဆောင်မှာ ကွန်ပြူတာတော့ ထားပေးတယ်။ အင်တာနက်ဆက်သွယ်ရေးစနစ် မရှိဘဲ နေထိုင်နေကြရတယ်ဆိုတာ မေးမြန်းခန်းတခုမှာ ဖတ်ခဲ့ရတယ်။ အင်တာနက်မြန်နှုန်းကလည်း နှေးလွန်းတော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို "အင်တာပျက်" လို့တောင် ခေါ်ဆိုနေကြပါပြီ။ စစ်အစိုးရ ကြွေးကြော်ထားခဲ့သလို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို အင်တာနက်တွေ၊ ခေတ်မီ ဆက်သွယ်ရေး နည်းပညာတွေ မရှိဘဲ ဘယ်လိုသွားကြမှာလဲဆိုတာ စဉ်းစားစရာပါ။

၂။ အီး-အစိုးရ

တကယ်က အရင်ခေတ်က "အ" သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ဆိုတာ မတတ်ရင်မဖြစ်သလို၊ ဒီဘက်ခေတ်မှာက အင်တာနက် မတတ်ရင် လူရာမဝင်၊ စာမတတ်တဲ့ခေတ်ကို ရောက်နေပါပြီ။ တကယ်တော့ သတင်း Information၊ အချက်အလက် ဒေတာ Data၊ သုတ Knowledge နဲ့ ဉာဏ်ပညာ Wisdom တို့ဟာ အဆက်အစပ် ရှိနေကြပါတယ်။ သတင်းတွေကို သုတေသနပြုပြီးမှ၊ စနစ်တကျ စုဆောင်းပြီးမှ ဒေတာ data တွေ ရလာပါတယ်။ သုတ knowledge ကို သတင်းအချက်အလက်တွေပေါ်ကနေ အခြေခံတည်ဆောက်နိုင်ပါတယ်။ ဒီသုတ Knowledge တွေကို အသုံးချနိုင်မှသာ wisdom ဉာဏ်ပညာဆိုတာ ဖြစ်ပေါ်လာပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်တရပ်လုံးကို တိုးတက်ဖွံ့ဖြိုးစေဖို့ ဒီလိုဉာဏ်ပညာတွေ အသုံးချကြရတာပါ။

သတင်းတွေ၊ ဒေတာတွေကို အခုလို နည်းပညာခေတ်ကြီးမှာ အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါတယ်။ သုတကို တည်ဆောက်နိုင်ကြပါတယ်။ လူမှုအဖွဲ့အစည်းကိုလည်း အသိသုတပြည့်စုံတဲ့ လူမှုအဖွဲ့အစည်း knowledge society အဖြစ် ပြောင်းနိုင်ပါတယ်။

သတင်းတွေကို တနည်းပြောရင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအဖြစ်လည်း အသုံးချနိုင်ပါသေးတယ်။ ကမ္ဘာလွှမ်းပတ် ဆက်သွယ်နေတဲ့ ခေတ်ကြီးမှာ သတင်းနောက်ကျရင် စီးပွားရေးအရ နစ်နာစရာတွေ အများကြီး ရှိပါသေးတယ်။ ထုတ်လုပ်ရာ၊ သိုလှောင်ရာ၊ ဖလှယ်ရာ၊ ဖြန့်ဖြူးရာ၊ တဆင့် ကုန်ဆက်လက်ထုတ်လုပ်ရာ processing၊ ထိန်းချုပ်ရာ ကိစ္စတွေမှာ သတင်းတွေက အရေးပါလှပါတယ်။ ကုန်ထုတ်အင်အားစုမှာတောင် လူတွေလုပ်အားသာမက၊ သတင်းလုပ်အား (information power/ intellectual power) ပါ အရေးပါလာပါပြီ။

ဒီအနေအထားမှာ အစိုးရတွေက ခေတ်မီ သတင်းနည်းပညာတွေကို အသုံးချပြီး အီး-အစိုးရ e-government တနည်း electronic government စနစ် ထူထောင်ဖို့ ပြောဆိုလာကြတာ ကြာပါပြီ။ ဆယ်စုနှစ်တခုမက ရှိပါတော့မယ်။ အီး-အစိုးရဆိုတာက ခေတ်မီသတင်းနည်းပညာတွေ သုံးပြီး အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ထက်မြက်ထိရောက်လာစေဖို့၊ ပိုမိုမြန်ဆန်လာစေဖို့ ရည်ရွယ်တာပါ။ ဒီလို e-government စနစ်ကို တနည်း ဒစ်ဂျစ်တယ်အစိုးရ၊ အွန်လိုင်းအစိုးရ၊ ဆက်သွယ်ထားတဲ့ အစိုးရ connected government လို့လည်း ခေါ်ကြပါတယ်။ သဘောကတော့ အစိုးရနဲ့ နိုင်ငံသားတွေအကြား (G2C)၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေအကြား (G2B)၊ အစိုးရ-အစိုးရ အချင်းချင်းအကြား (G2G)၊ အစိုးရနဲ့ အိမ်ထောင်စုတွေအကြား (G2H) ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ အပြန်အလှန် ဆက်သွယ်နိုင်အောင် digital interaction တည်ဆောက်ထားတဲ့ စနစ်မျိုးပါ။ ဒီအခါမှာ အစိုးရရုံးတွေကလည်း ဆက်သွယ်ရေး နည်းပညာတွေသုံးပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ အစိုးရဌာန အချင်းချင်းအကြားမှာလည်း ဆက်သွယ်-ထိန်းချုပ်-လုပ်ကိုင်မှု ပိုမိုလျင်မြန်လာမယ်။ ဝန်ဆောင်မှုတွေ ပိုအားကောင်းလာမယ်။ လူထုတွေ (မဲဆန္ဒရှင်တွေ) ဘက်ကလည်း ပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းလာမယ်။ အုပ်ချုပ်ရေးစနစ်တွေ governance ကလည်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရှိပါတယ်။ မြန်မာစစ်အစိုးရ ကိုယ်၌ကလည်း e-government ဆိုပြီး ပြောခဲ့တာ ကြာပါပေါ့လား။

၃။ (စာတွေ့) မြန်မာ အီး-အစိုးရ စီမံကိန်း

မြန်မာနိုင်ငံမှာ ၂ဝဝ၃ ခုနှစ်ကတည်းကစပြီး ICT လုပ်ငန်းတွေအတွက် အစမ်းပျိုးစီမံကိန်း ရ ခုနဲ့ စမယ်။ အီး-အစိုးရလုပ်ငန်းတွေ စတင်တော့မယ်ဆိုပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် ရ နှစ် သက်တမ်းကျော်လာပါပြီ။ အစမ်းပျိုး စီမံကိန်း ရ ခုက ဒီကိစ္စတွေပါ။  

Myanmar e-Government projects

၁။ စမတ်ကဒ် Smart Card : ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကဒ် ၂, ဝဝဝ၊ ဇွန် ၂ဝဝ၂။
၂။ စမတ်ကျောင်းများ Smart Schools : အထက်တန်း ၃ ကျောင်း တပ်ဆင်ပြီး။ သြဂုတ် ၂ဝဝ၂။
၃။ အီး-ပတ်စ်ပို့တ် e-Passport : ၅,ဝဝဝ အောက်တိုဘာ ၂ဝဝ၂။
၄။ အီး-ဗီဇာ e-Visa : ၂ဝဝ၂ အကုန်တွင် စတင်မည်ဟု ဆို။  
၅။ TEDI (Trade Electronic Data Interchange) ကုန်သွယ်ရေးဆိုင်ရာ ဒေတာဖလှယ်မှု : လုပ်ဆောင်ဆဲ
၆။ အစိုးရ၏ အီး- ဝယ်ယူစုဆောင်းမှု e-Procurement : လုပ်ဆောင်ဆဲ
၇။ လက်မှတ်များ ထုတ်ပေးရေး အာဏာပိုင်အဖွဲ့ Certification Authority : လုပ်ဆောင်ဆဲ
ပြောရမယ်ဆိုရင် စင်္ကာပူမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေး ၂ဝဝဝ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း အီး-အာဆီယံ သဘောတူညီချက် e-ASEAN Framework Agreement ကို သဘောတူညီ လက်မှတ်ရေးထိုးလာပြီးကတည်းက မြန်မာအစိုးရမှာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိလာပါတယ်။ အာဆီယံနိုင်ငံတွေအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်လုပ်ကိုင်ဖို့လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေအတွင်း ဆက်သွယ်ရေးကွာဟချက်တွေ မရှိရလေအောင်၊ ဒေသတွင်း နိုင်ငံတွေက လူထုတွေအချင်းချင်း ဆက်သွယ်မှု ကောင်းရလေအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ ကတည်းက တည်ထောင်ထားတဲ့ မြန်မာနိုင်ငံ ကွန်ပြူတာနည်းပညာ ဖွံ့ဖြိုးရေးကောင်စီအောက်မှာ e-National Task Force (အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့) ဆိုပြီး တာဝန်ပေး လုပ်ကိုင်စေခဲ့တယ်။ ဒီ ကွန်ပြူတာ နည်းပညာဖွံ့ဖြိုးမှု ကောင်စီမှာ အဓိက တာဝန်ရှိတာက စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) - အခု ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦးပေါ့။ အဲဒီက ချမှတ်တဲ့ အစီအစဉ်တွေကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေနန်းဝန်ကြီးက အကောင်အထည် ဖော်ရတယ်။ အခုလက်ရှိ ဝန်ကြီးက ဗိုလ်ချုပ်ဟောင်းသိန်းဇော်ပါ။

၂ဝဝ၅ ခုနှစ်မှာ ကိုရီးယားအစိုးရဆီက ချေးငွေ အမေရိကန်ဒေါ်လာ ၁၂.၅ သန်း ရခဲ့ပြီး၊ မြန်မာနိုင်ငံက ဝန်ကြီးဌာနတွေကို ကွန်ပြူတာစနစ် တပ်ဆင်ဖို့၊ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက်စနစ် high speed internet တပ်ဆင်ဖို့ ဒေဝူးအင်တာ နေရှင်နယ် ကုမ္ပဏီကို ကန်ထရိုက် ပြန်ငှားခဲ့တယ်။

အဲသည်မှာ မြန်မာ အီး-အစိုးရအတွက် ရည်မှန်းထားချက်တွေကလည်း မြင့်ပါပေ့။ အဆင့် (၁) ၂ဝဝ၆-၂ဝ၁ဝ မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျမ်းမျှအဆင့်အတန်းကို လိုက်မီရမယ် ဆိုပါတယ်။ အဆင့် (၂) ၂ဝ၁၁-၂ဝ၁၅ မှာတော့ အာဆီယံရှေ့ ပြေးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်တဲ့။ [အခုဆိုရင် ၂ဝ၁၁ ခုနှစ် ရောက်နေပြီဆိုတော့ အခု ဘယ်အဆင့်မှာ ရောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေ သိလောက်ပါတယ်။] အဆင့် (၃) ၂ဝ၁၆-၂ဝ၂ဝ မှာတော့ ကိုယ်ပိုင်မိုဒယ်ထုတ်ပြီး ဖွံ့ဖြိုးမှု အဆင့်နိမ့်နေတဲ့ နိုင်ငံတွေကိုတောင် ကိုယ်က ဦးဆောင်မှုပေးတော့မယ် ဆိုပါတယ်။    

ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာ အီး-အစိုးရအဆင့်က ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ၊ အားက မသန်ဘဲ ရှိနေပါသေးတယ်။ UN eGovernment Readiness Index (အီး-အစိုးရအတွက် အဆင်သင့်ဖြစ်မှု အနေအထား) မှာ ကမ္ဘာ့နိုင်ငံ ၁၉၁ ခုမှာ ၂ဝဝ၄ စာရင်းအရ မြန်မာအစိုးရရဲ့ အီး-အစိုးရ အဆင်သင့်ဖြစ်မှု အဆင့်နေရာက ၁၂၃ မှာပဲ ရှိနေ သေးတယ်။ ဝက်ဘ်ညွှန်းကိန်း (Web index) မှာလည်း နိုင်ငံ ၁၉၁ နိုင်ငံအနက်က အဆင့် ၁ဝဝ မှာ၊ တယ်လီကွန်မြူနီကေးရှင်း အဆင့် (Telecommunication index) မှာတော့ နိုင်ငံ ၁၉၁ ခုမှာ အဆင့် ၁၈၂ နဲ့ နောက်ဆုံးက လိုက်နေပါတယ်။

Korea Information Strategy Development Institute (KISDI) က ၂ဝဝ၄ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရဌာနတွေမှာ စစ်တမ်းတခု ကောက်ယူခဲ့ပါသေးတယ်။ အစိုးရဌာနတွေမှာ သတင်းကွန်ရက်စနစ်တခုခုနဲ့ ချိတ်ဆက်ထားမှုက ၄၆ % ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအထဲက ၁၁ % ကပဲ အွန်လိုင်းကတဆင့် လူထုတွေကို ဝန်ဆောင်မှု ပေးနေသေးတယ်လို့ ဆိုပါတယ်။ သဘောကတော့ အွန်လိုင်းကနေ ပြည်သူလူထုက ဆောင်ရွက်နိုင်တာက အနည်းအကျဉ်းမျှပဲ ရှိနေသေးတဲ့ သဘောပါ။ အခု ပြည်ပထွက်ဖို့ အွန်လိုင်းကနေ D-Form တင်နိုင်တာကိုပဲ တကယ့် အောင်မြင်မှုကြီးလို ပြောနေရတဲ့ အနေအထားပါ။ ဘဏ်အချင်းချင်း စာရင်းရှင်းတဲ့ အွန်လိုင်းစနစ်မရှိ၊ အလိုအလျောက် ငွေထုတ်စက် (ATM) မရှိသေးတဲ့ နိုင်ငံပါ။ အစိုးရဝန်ကြီးဌာန ဝက်ဘ်စာမျက်နှာတွေ သွားကြည့်ရင်လည်း သေနေတဲ့ လင့်ခ် (link) က သေ၊ အလုပ်မလုပ်တဲ့ စာမျက်နှာက မလုပ်၊ ရှိနေရင်လည်း သတင်းတွေကလည်း နှစ်ဆွေးတွေ၊ ဘာမှ အားကိုးလို့ မရသလောက်ရှိပါတယ်။ အစိုးရရဲ့ စာရင်အင်းဌာန (CSO) ဝက်ဘ်ဆိုဒ် သွားကြည့်တော့လည်း ရနိုင်တဲ့ အချက်အလက်က နည်းနည်းလေးပါ။ ဒါတောင်မှ တချို့သတင်းစာတွေမှာ အစိုးရက e-procurement အွန်လိုင်းက ဝယ်ယူတဲ့စနစ်၊ အွန်လိုင်းက ရောင်းချတဲ့စနစ် တွေရှိတော့မယ် ဆိုတာမျိုး မစားရဝခမန်း ပြောဆိုနေတာ ကြားရပါသေးတယ်။  

ဆိုပါစို့။ ကျနော်က မြန်မာပြည်က ဥပဒေတခု မသိဘူး။ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်နိုင်တဲ့ အနေအထားမရှိပါဘူး။ အခွန် ဘယ်လိုဆောင်ရမယ် မသိဘူး။ အွန်လိုင်းကတဆင့် အခွန်ဆောင်ဖို့ အသာထားဦး၊ အခွန်ဘယ်လိုဆောင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တောင် အင်တာနက်မှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက အခုတမျိုး၊ တော်ကြာတမျိုး နှုတ်မိန့်တွေနဲ့ အလုပ်လုပ်နေတော့ ဘာကိုမှ အားကိုးအားထား မရတော့တဲ့ အနေအထား ဖြစ်လာပါတယ်။ မြန်မာတွေအားလုံးသုံးဖို့ ယူနီကုဒ် စံကျဖောင့် ရှိပါပြီလား။ တချို့က ဇော်ဂျီ၊ တချို့က My Myanmar  -3၊ တချို့က မြန်မာယူနီကုဒ်.. စသဖြင့် ငြင်းနေကြတာတွေ ကြားကြရပါလိမ့်ဦးမယ်။ (ဒါပေမယ့် ရ နှစ်ကြာပြီးမှ၊ ဒေါ်လာ ၁၂ သန်းကျော်သုံးပြီးမှ မြန်မာ ပတ်စ်ပို့တွေ အခုလို နည်းနည်းလေး သပ်သပ်ယပ်ယပ် ထွက်လာတာတော့ အမှတ်ပေးဖို့ ရှိပါတယ်။)  

မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်း (MCF) ရဲ့ လေ့လာချက်တခုအရ အစိုးရဝန်ထမ်းတွေက ကွန်ပြူတာ အသိသုတ အတော်နည်းနေသေးတာ တွေ့ရတယ်။ ကွန်ပြူတာ စာတတ်မှုနှုန်း နိမ့်တယ်တောင် ဆိုနိုင်ပါတယ်။ အစိုးရဝန်ထမ်း ၁ဝဝ မှာ ပီစီ ကွန်ပြူတာ PC Computer သုံးသူက ၁.၃ % ပဲ ရှိပါသေးတယ်။ အင်တာနက် ချိတ်ဆက်ထားနိုင်တာက ဝ.ဝ၆ % ပဲ ရှိပါ သေးတယ်။ အီး-မေးလ်သုံးနိုင်တာက ဝ.ဝ၃ % ပဲ ရှိပါသေးတယ်။ (၂ဝဝ၄ လေ့လာချက်)  

၄။ မြန်မာ IT ပညာရှင်တွေ နည်းသလား။

တလောက မြန်မာနိုင်ငံကလာတဲ့ ကွန်ပြူတာ ပညာရှင်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ကျနော်က အစိုးရလုပ်ငန်းတွေမှာ office automation လို့ခေါ်တဲ့ ကွန်ပြူတာစနစ်တွေ တပ်ဆင်သုံးဖို့ဆိုရင် ဘယ်လောက်ကြာမယ်၊ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာ ဆွေးနွေးမိတာပါ။ ကျနော်က အုပ်ချုပ်ရေး ရှုထောင့်ဘက်က ဆွေးနွေးပြီး၊ သူကတော့ ကွန်ပြူတာအမြင် သက်သက်ဘက်က ပြောတာ။ ဒါပေမဲ့ တူနေသလို ဖြစ်နေကြတယ်။

သူပြောတာက အစိုးရရဲ့ စနစ်ကို ကွန်ပြူတာပေါ် တင်မယ်ဆိုရင် ဒီဇိုင်းဆွဲဖို့ဆိုတာ ကွန်ပြူတာပညာရှင် အလုပ်သာမဟုတ်။ အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်ဆိုတာ သူက ပြောပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ လူထုကို အသိပေးမှာလဲ။ ဘယ်လောက် အတိုင်းအတာအထိ ပွင့်လင်း transparent ဖြစ်မှာလဲ။ အစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ဝန်ဆောင်မှုပေးဖို့ ရည်သန်ထားသလား။ Feedback တုံ့ပြန်မှုတွေရှိလာရင် အစိုးရက ပြန်ပြင်ဆင်မှာလား။ အစိုးရဌာနအချင်းချင်းကရော ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်မှု ပြုကြမှာလဲ။ သူ့ဝန်ကြီးဌာန-ငါ့ဝန်ကြီးဌာန စားကွက်တွေ တံတိုင်းကာနေကြမှာလား။ အစိုးရဌာနအချင်းချင်း ပူးပေါင်းဆက်ဆံမှု interoperability framework အတွက် မူဝါဒတွေ၊ လမ်းညွှန်တွေ၊ ဒေတာတွေ အလွယ်တကူဖြစ်အောင် ပြင်ဆင်ထားတာတွေ data simplification၊ လိုက်လျောညီထွေ ပြင်ဆင်မှု Harmonization၊ စံချ သတ်မှတ်ပြုပြင်မှုတွေ standardization တွေ လိုအပ်ပါတယ်။ အစိုးရဘက်က ဒါတွေလုပ်ပြီး ကျန်တဲ့ ကွန်ပြူတာပညာရှင်ကမှ ဒီဇိုင်းဆွဲကြရမှာပါ။

သူပြောတာတွေ ကျနော်နားထောင်ရင်း ကျနော်တို့က 386 ကွန်ပြူတာအဟောင်းကို Windows 7 စနစ်အသစ် တင်ချင်သလို နေတာလားလို့ တွေးမိပါတယ်။ သူ့စနစ်က သိပ်အပိတ်ဆန်၊ သိပ်မာတောင့်နေတယ်။ စနစ်အသစ် တင်ဖို့ဆိုရင် အများကြီး ပြုပြင်ပြောင်းလဲရဖို့ ရှိနေတယ်လို့ မြင်မိတယ်။

ကွန်ပြူတာပညာရှင်တွေက မြန်မာပြည်မှာ မနည်းပါဘူး။ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းရဲ့ လေ့လာထားချက်အရ အဆင့်မြင့် ကွန်ပြူတာပညာရှင် ၁,ဝဝဝ ကျော်နဲ့ ဝါနုပညာရှင် ၈,ဝဝဝ ကျော် ရှိနေသေးတယ်။ ၂ဝ၂၅ ခုနှစ်ကျရင် ဆော့ဝဲယား ရေးနိုင်တဲ့ ပညာရှင် ၂၅,ဝဝဝ လောက် ဖြစ်လာဖို့လည်း ရှိတယ်။ ဒါပေမဲ့ သူတို့တွေက အစိုးရရဲ့ ထောက်ပံ့အားပေးမှုကို မရနိုင်ကြဘူး။ ကိုယ့်ပညာတိုးချင်ရင်၊ ကိုယ့်ဘာသာ သုတေသနလုပ်ငန်းတွေ စချင်ရင် ငွေမလိုက်နိုင် ဖြစ်ကြရတယ်။ နောက်ဆုံး စင်္ကာပူလို တိုးတက်ပြီး နိုင်ငံတွေကို ပြောင်းရွှေ့အခြေချဖို့သာ ဖြစ်လာစေတော့တယ်။ ကွန်ပြူတာပညာရှင်တွေလည်း သမင်မွေးလိုက်၊ ကျားစားလိုက် ဖြစ်ကုန်တော့တယ်။

၅။ ဝက်ဘ်ဆိုက်ဒ်မရှိတဲ့ ကော်မရှင်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက လွှတ်တော် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွေ ကျင်းပတော့ ကော်မရှင်အဖွဲ့ဝင်တွေရှေ့မှာ ကွန်ပြူတာကိုယ်စီနဲ့ အစည်းအဝေးထိုင်နေတာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ကော်မရှင် ကြေညာချက်တွေ ထွက်လာတော့ မဲပေးသူက ၁ဝ၄ % ဖြစ်လို့ဖြစ်၊ ၁ဝဝ % အပြည့် ဖြစ်လို့ဖြစ်၊ အကြိမ်ကြိမ် ထုတ်ပြန်ကြေညာလိုက်၊ ပြန်ပြင်လိုက် လုပ်နေကြတာ ဒီကွန်ပြူတာတွေမှ တကယ်အသုံးချ တွက်ချက်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အဲဒါအပြင် ရွေးကောက်ပွဲကာလက အချက်အလက်တွေကို အားကိုးရှာဖွေချင်ရင် အစိုးရကော်မရှင်က ထုတ်ပြန်တာ မဟုတ်တဲ့ ပြင်ပ တသီးပုဂ္ဂလ သုတေသနပြု စုဆောင်းထားသူတွေရဲ့ ဝက်ဘ်ဆိုက်ဒ်တွေ၊ ဒေတာတွေကိုပဲ အားကိုးခဲ့ရပါတယ်။ အခုတိုင်အောင်လည်း အစိုးရရွေးကောက်ပွဲ ကော်မရှင်ပိုင် ဝက်ဘ်ဆိုက်ဒ်၊ အင်တာနက် စာမျက်နှာ၊ အချက်အလက်တွေ ရယူနိုင်တဲ့ နေရာတွေ မရှိသေးပါဘူး။

သူများနိုင်ငံတွေမှာတော့ ဗီယက်နမ်ဝန်ကြီးချုပ်က အွန်လိုင်းတက်ပြီး ပြည်သူတွေနဲ့ ချတ်ရွမ်းမှာ ပြောတယ်။ တရုတ် သမ္မတက ပြည်သူတွေနဲ့ အွန်လိုင်းမှာ ဆွေးနွေးတယ်ဆိုတာမျိုး ကြားခဲ့ဖူးပါတယ်။ မွန်ဂိုလီးယား ဝန်ကြီးချုပ် အယ်လ်ဘာဒေါ့ချ်ကလည်း သူ့ပြည်သူတွေကို အီး-မေးလ်ထားကြဖို့၊ သူ့ဆီတိုက်ရိုက် အီး-မေးလ်ရေးကြဖို့ တိုက်တွန်းဖူး ပါတယ်။ "လူတိုင်းဟာ အီး-မေးလ်တခု ရှိသင့်တယ်။ ဒီအခါ ခွန်အားအာဏာ ရှိလာမယ်" လို့ သူက ပြောတာကို ဖတ်ခဲ့ ရဖူးပါတယ်။  

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို ခေတ်မီသတင်းနည်းပညာတွေ မပါဘဲ၊ အစိုးရကိုယ်တိုင်ကလည်း ဒီနည်းပညာတွေကို အသုံးမချဘဲ ဘယ်လိုသွားမှာလဲဆိုတာ မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ e-government ဖြစ်ဖို့ ဒီလိုလိပ်သွားနှုန်းနဲ့ သွားနေရင် ကျန်တဲ့နိုင်ငံတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့က သူတို့နှုန်းနဲ့ ရှေ့က ပြေးနေကြတာပါ။ ကျနော်တို့တတွေလည်း ဘယ်တော့များမှ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တဲ့ ဘဝ၊ အီး-နိုင်ငံသားတွေ e-citizens ဘဝ ဖြစ်ကြရပါလိမ့်နော်...။

(မတ်လ ၂ဝ ရက်၊ ၂ဝ၁၁ ခုနှစ်။)

အကိုးအကား
၁။ Unknown author, INFORMATIZATION STATUS IN MYANMAR, avialable online at http://www.dof.or.kr/pdf/Myanmar%5BWD%5D.pdf
၂။ Myanmar prepares for launching egovernment system, Hoovers, August 5, 2003.
eGovernment Resource Center, Australia, avialable online at http://www.egov.vic.gov.au/focus-on-countries/asia/myanmar.html
၃။ Daewoo International signs $12m Myanmar e-government deal. The Korea Herald, 23 May 2005. eGovernment Resource Center, Australia, avialable online at http://www.egov.vic.gov.au/focus-on-countries/asia/myanmar.html
၄။ Myanmar to launch e-procurement system. www.chinaview.cn, 1 April 2004.
၅။ Buy online in Burma. Kablenet, 6 April 2004.
၆။ U Than Htun Aung, Presentation on (Myanmar) Country Report on Internet Governance, 13th Sub-Regional Telecommunication Meeting for CLMV Countries, 4~6 October 2006, avialable online at http://www.itu.int/ITU-D/treg/Events/Seminars/2006/subregional_clmv/docs...  
၇။ Vawn Himmelsbach, Myanmar e-Government is a Sham, ITBusiness.ca avialable oneline at http://www.itbusiness.ca/it/client/en/home/News.asp?id=4659
၈။ Thein Oo and Myint Myint Than, ‘.mm’ Myanmar, Digital Review of Asia Pacifi c 2009–2010, avialable online at http://www.digital-review.org/uploads/files/pdf/2009-2010/chap-32_myanma...

Most read this week