နိုင်ငံတကာ အမျိုးသမီးများနေ့ ရာပြည့်ချိန်တွင် နေပြည်တော်လွှတ်တော်ထဲက မိန်းမတသိုက် နေရာမရကောင်းလားဆိုသည့် အတွင်းအပြင် လေချဉ်တက်သံလေးတွေ ...
“ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည် တိုင်းပြည်တွင်းမှာ လင်းပေသည်..” (မေသန်း- ပျို့လက်ရုံးသီချင်း၊ ၁၉၄ဝ၊ ဇန်နဝါရီ၊ ကိုလံဘီယာဓာတ်ပြား)
နိုင်ငံတကာ အမျိုးသမီးများနေ့ ရာပြည့်ချိန်တွင် နေပြည်တော်လွှတ်တော်ထဲက မိန်းမတသိုက် နေရာမရကောင်းလားဆိုသည့် အတွင်းအပြင် လေချဉ်တက်သံလေးတွေ ကြားလိုက်ရသည်။
နိုင်ငံရေးနေရာဆိုသည်က ဆီပုလင်းနှင့် ဇာဘော်လီခွဲတမ်းကဲ့သို့ ချပေးကောင်းစတမ်းဟု မှတ်နေကြသလား၊ လုပ်စားကိုင်စား လူစိတ်ဝင်စားခံရပီးရော အဆင်ခြင်မရှိ အတိုင်းအထွာမသိ ပြောတာပဲလားတော့ မသိနိုင်ပါ။
မေသန်း- ပျို့လက်ရုံးသီချင်း၊ ၁၉၄၀၊ ဇန်နဝါရီ၊ ကိုလံဘီယာ ဓာတ်ပြား |
မေးလိုက်ချင်သည်၊ ဟ ဒီအမတ်မတွေက တိုင်းကျော်ပြည်ကျော် မျက်နှာဖုံးတွေမို့ နေရာပေးရမှာလားဟု။ ကံစွပ်ပီးထီပေါက်သလို အတုအယောင် ရွေးကောက်ပွဲတွင် ရောရောရှိ အမတ်တက်ဖြစ်သည့် သူတို့ကိုယ်ရေးအကျဉ်းတွေ ကြည့်တော့လည်း မဆလလည်းပါ၊ သပိတ်လည်းမှောက်၊ နောက် ၂ဝ၁ဝလည်းဝင်ဆိုသည့် နိုင်ငံရေးကျပန်း နောက်မြီးဆွဲတွေက များနေသည်။ ဂျပန်က ဥပဒေပါရဂူ ယူလာသူကလည်း ပညာရပ်တွင် နာမည်ကြီး လူသိများသူ မဟုတ်။ လွှတ်တော်ထဲရောက်၍ ဥပဒေကြောင်းလေး ဘာလေးထပြော၊ အပြင်မီဒီယာမှာ တက်ရေးစသည့် လုပ်သင့်လုပ်ထိုက်တာ ဘာမှလုပ်ဖော်မရပဲ ရာထူးကိစ္စတချက်သာ အသံထွက်သည်ကို သတိထားမိသည်။
ဒီလိုဖြင့် မြန်မာပြည်အမျိုးသမီးနိုင်ငံရေးသမိုင်းက အမြဲဒီလိုပဲ မျောနေတာလားဟု မေးလာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နားသွားထားမလဲဟု ပြောရမည်။ သို့သော် ဒေါ်စုမှအပ နိုင်ငံရေးကို ထိထိရောက်ရောက် ဇောက်ချလုပ်သော သြဇာကြီးသော တခြားအမျိုးသမီးလည်း မတွေ့ဘူးတာတော့ အမှန်ပေ။ မြန်မာပြည်တွင် အမျိုးသမီးတွေ ကောလိပ် တက္ကသိုလ်ကဘွဲ့ရတာ၊ မဲပေးခွင့်၊ အမတ် အရွေးခံခွင့်တွေ စောစောရတာ၌ အနောက်တိုင်းနှင့် ပြိုင်နိုင်တာမှန်သော်လည်း အမျိုးသမီးအများစုကြီး၏ ယေဘုယျဘဝနှင့် အခွင့်အလမ်းအရည်အချင်းတိုးတက်မှုလမ်းက အင်နန်အရွေ့နှေးသည်။
မြို့ပေါ်က ရေပေါ်ဆီမဆောက်ဖြတ်တွေ မကြည့်ပဲ မြို့စွန်က တောက မိန်းကလေးတို့ ဘဝကိုသာ လူမှုစစ်တမ်း ကောက်ကြည့်လျှင် အိန္ဒိယ၊ ဘင်္ဂလားက အမျိုးသမီးတို့ဘဝတွေနှင့် တယ်မခြားလှပဲ အမည်ခံ လွတ်လပ်မှုသာ ရှိနေဆဲကို တွေ့ရမည်။ |
မြို့ပေါ်က ရေပေါ်ဆီမဆောက်ဖြတ်တွေ မကြည့်ပဲ မြို့စွန်က တောက မိန်းကလေးတို့ဘဝကိုသာ လူမှုစစ်တမ်း ကောက်ကြည့်လျှင် အိန္ဒိယ၊ ဘင်္ဂလားက အမျိုးသမီးတို့ဘဝတွေနှင့် တယ်မခြားလှပဲ အမည်ခံ လွတ်လပ်မှုသာ ရှိနေဆဲကို တွေ့ရမည်။ စီးပွားရေး ပညာရေး ကျန်းမာရေး လူမှုအထောက်အကူများမရပဲ ဤခေတ်ကျပ်ကြီးတွင် ကျင်လည်ရသည့် မြန်မာမ ကရင်မ ရှမ်းမစသည့် မိန်းမတို့အနာဂတ်ကား လူကုန်ကူးမှု၊ ရွှေ့ပြောင်းလုပ်သားစသည့် အရိပ်မည်းကြီးများအောက်တွင် ကျနေသည်။ ဤအရေးများကို ချိတ်ထမီဝတ်တွေ မြင်ပါစ။
စင်စစ် လူကြီးသမီး မင်းကတော် ပညာတတ်မဆိုသည့် ရေပေါ်ဆီမိန်းမ နိုင်ငံရေးကား ဒေါ်မြစိန်တို့ တွဲရေးခွဲရေး ဆွေးနွေးပွဲသွားသည့်ခေတ်မှ ဝေနှင်းပွင့်သုန် လေဘာညီလာခံတက်သည့်ယနေ့ခေတ်တိုင် မရိုးနိုင်သေးပါ။
နိုင်ငံရေး နိုးကြားသော အသိုင်းအဝိုင်းမှ အမျိုးသမီးများအနေဖြင့် ဒိပြင်အသိုင်းအဝိုင်းမှ အမြင်အကြားနောက်ကျသော ဇာတ်တူသမီးများထက် နိုင်ငံရေးလာဘ်ပိုမြင်၊ အမြင်ပိုရှေ့ရောက်ကာ ၄င်းတို့ဘဝကို နိုးကြားရှေ့ရောက်လာအောင်၊ ထို့ထက် တိုင်းပြည်နှင့် ပြည်သူ့အရေးတွင် ဦးဆောင်အသံထွက်နိုင်သော အခွင့်အရေး အလေ့အထများသည်ကားမှန်၏။
နိုင်ငံရေးဆိုသည်ကို အဆိုတော်လို ကာလသမီး အကြီးစားယိမ်းလို လုပ်နေလျှင်ကား မိန်းမချင်းကလည်း အားကျမည် မဟုတ်၊ ယောကျ်ားများကလည်း ဖုတ်လေသည့်ငပိ ရှိသည် မှတ်မည် မဟုတ်ပါ။ |
ထိုအခွင့်အရေးကို အကျိုးထူးအရာရောက်အောင် ပီပီပြင်ပြင်လုပ်တတ်သည့်အလေ့၊ ထို့ထက်ပိုအရေးကြီးသည့် နိုင်ငံရေးအရည်အချင်း ဒင်ဒင်မြည်အောင် ဖြည့်ဆည်းမှု၊ အလုပ်အကြံက နဲကြရှာ၍သာ ရှေ့ထွက်အဆင့်က မတက်ကြခြင်းဖြစ်သည်။ နိုင်ငံရေးဆိုသည်ကို အဆိုတော်လို ကာလသမီးအကြီးစားယိမ်းလို လုပ်နေလျှင်ကား မိန်းမချင်းကလည်း အားကျမည်မဟုတ်၊ ယောကျ်ားများကလည်း ဖုတ်လေသည့်ငပိ ရှိသည်မှတ်မည်မဟုတ်ပါ။ ထို့ကြောင့် သီလရှင်လောက်ပင် မစွန့်နိုင်ပဲ မိန်းမတွေကို နေရာပေးကြပါအော်နေရုံနှင့် ဘာထူးလိမ့်မည်နည်း။
ရှေ့ကသွားကြသည့် အမတ်မ၊ အမျိုးသမီးဥက္ကဋ္ဌဆိုသူတို့ကလည်း ဂျပန်နဲ့ပေါင်းပီး မျိုးချစ်လူငယ်တွေကို အတို့အရှို့လုပ်၊ စီးပွားရေးသောင်းကျန်း၊ စစ်ပီး ဘုရင်ခံဆွဲခန့် လွှတ်တော်တွင် အမတ်သွားလုပ်၊ ထို့နောက် နိုင်ငံရေးသမား၊ စစ်ဗိုလ်များ၏ လက်ဝေခံ မဲပွဲစားအဆင့်လောက်သာများသည်မို့ သမိုင်းကြောင်းက တယ်မကောင်းလှ။ အရည်အချင်းရှိသူပေါ်လျှင်ကား တွန်းချင်တိုက်ချင်သည့်လောကထုံးစံ ဒေါ်ခင်ကြည်လို တိုင်းပြည်မိခင်မျိုးပင် သခင်အုပ်စုက မျက်မုန်းကျိုး၍ အဝေးပို့ခံရသေးသည်။
လုပ်ဝံ့စွန့်ဝံ့သူများလည်း အိမ်စိုးမေထက်မကသည့် ဘဝကြမ်းများကြောင့် အလဟဿဖြစ်ကုန်ရသည်။ လွတ်လပ်ပီးကထဲက စစ်ခေတ်ကြီးကို ဖြတ်မပီးနိုင်သည်မို့ တော်လှန်ရေးထွက် ယောကျ်ား နိုင်ငံရေးသမားများပင် တပ်သြဇာကို မလှန်နိုင်ပဲ နိုင်ချင်ကြက်တွေဖြစ်ကုန်သည်ကို လက်ရှိ လွှတ်တော်ကြည့်လျှင် သိလိမ့်မည်။ အင်အားမရှိပဲ ရာထူးလိုချင်လျှင် ငါ့ပေါင်ကြားက ပစ္စည်း နင့်ကြားရောက်အောင် အရင်လုပ်ဟု အပြောမခံရသည်က တော်သေး၏။
အမျိုးသမီး နိုင်ငံရေးလောက တိုးတက်လိုလျှင် အားလုံး၏စံနမူ ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲ၊ စေတနာ၊ သတ္တိ၊ အမြော်အမြင်၊ စည်းရုံးရေးစွမ်းရည်တို့ကို အဟုတ်ဆက်ခံနိုင်မှ ဖြစ်မည်။ ယောကျ်ား မိန်းမနိုင်ငံရေးလောက တခုလုံး အရည်အချင်း သစ္စာသတ္တိဇောက်ထိုးကျနေသည့် အချိန်မို့ အမျိုးသမီးပဲ ကွက်ပြောရသည်က မကောင်းပါ။ သို့သော် အမျိုးသမီးများမှာ စွန့်စရာရှိလျှင် အမျိုးသားတို့ထက်ပင် ၃-၄လျားသာအောင် ကူးနိုင်ကူးဝံ့သူများမို့ သခင်မများ၊ အာရှလူငယ်အမျိုးသမီးများ၊ တော်လှန်ရေးရဲမေများ၊ နိုင်ငံရေးကျောင်းသူများစသည့် ရှေ့ကသွား အမေအဖွားအမများတို့ ခြေကိုမီအောင် နင်းကြဘို့ကောင်းပါသည်။
လူအများ လက်ခံ အသိအမှတ်ပြု ခံရသည့် အမျိုးသမီးများမှာ လာဘ်လာဘ ကျော်ကြားမှု သက်သက်ရရုံ လုပ်စားသူများ မဟုတ်ပဲ ပင်ကိုစိတ်ဖြင့် စိုက်လိုက်မတ်တတ် မတွန့်မရွံ့ လုပ်သွား၍သာ ထိုက်တန်သည့် တနေရာ ရကြသူများ ဖြစ်သည်။ |
ဒေါ်အောင်ဆန်းစုကြည်လွတ်ချိန်ကစ ယနေ့ထိ အများမေတ္တာ၊ အားကိုးလေးစားမှုကို ခံရသည်မှာ အနှစ်နှစ်အလလ ဆောက်တည်လာသည့် နိုင်ငံရေးပါရမီတို့ အရှိန်ကြောင့် ဖြစ်သည်။ နအဖတခေတ်လုံး ဘယ်ချောင်ရောက်နေမှန်းမသိ ယခုမှထပီး အမျိုးသမီးရှေ့ဆောင် တက်ဖြစ်ချင်ကြလျှင် နိုင်ငံရေး အချောင်လိုက်သည်ဟုသာ ဆိုရမည်။ ထို့ကြောင့် ဘယ်နေရာ ဘာရာထူးရရ လူထုအကျိုးတကယ်ဆောင်နိုင်မှ လူထုခေါင်းဆောင်ဖြစ်နိုင်သည်ကို မမေ့အပ်ကြပေ။
အကျိုးဆောင်ရာတွင် နိုင်ငံရေးနယ်တခုထဲမှမဟုတ်၊ စာနယ်ဇင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် အနေနေရာရာတွင် အကျိုးထူးအောင် လုပ်နိုင်မှသာ ပြည်သူ့အသည်းတွင် ထင်ကျန်ရစ်နိုင်သည်။
လေဘာတီမြရင်၊ ဒေါ်ဦးဇွန်း၊ ဒေါ်ဉာဏစာရီ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး၊ ဒေါက်တာမြင့်မြင့်ခင်၊ မိုးမိုး (အင်းလျား)၊ သန်းမြင့်အောင်၊ မစုစုနွေး၊ မနီလာသိန်း၊ မဖြူဖြူသင်းထိ လူအများ လက်ခံအသိအမှတ်ပြု ခံရသည့် အမျိုးသမီးများမှာ လာဘ်လာဘကျော်ကြားမှု သက်သက်ရရုံ လုပ်စားသူများမဟုတ်ပဲ ပင်ကိုစိတ်ဖြင့် စိုက်လိုက်မတ်တတ် မတွန့်မရွံ့လုပ်သွား၍သာ ထိုက်တန်သည့် တနေရာရကြသူများ ဖြစ်သည်။
ချော်လဲရောထိုင် အကျိုးလိုညောင်ရေသွန်းသည့် လုပ်စားစျေးကွက်မှာ အကွေ့အချိုးများ ပွဲကူးကြမ်းသည့် မြန်မာ့နိုင်ငံရေးတွင် ကြာကြာမလိမ်နိုင်ပဲ ပေါ်စမြဲသာဖြစ်သည်။ အရည်အချင်းမရှိ အနာမခံနိုင်ပဲ ဆက်လှိမ့်နေလျှင်လည်း စင်ပေါ်မှ မှိန်ပျောက်သွားဘို့က လမ်းစများသည်။
ဒေါ်စုခေတ် မြန်မာပြည်တွင် မိန်းမဦးစွန်းပြန်ထူလာသည်ကို တွေ့ရသည့်အခါ ကွယ်လွန်သူ ဆရာတိုက်စိုး စကားတခွန်းကို သတိရမိသည်။
“အမေရိက ရောက်တုန်းကဗျ၊ ချစ်မြိုင်ရဲ့ညီ ချစ်ပြိုင်ဆိုတဲ့ကောင်က ဗရုပ်၊ တည အဖွဲ့ထဲက မိန်းမတယောက်... အီကိုက ထင်တယ်။ သူ့ကို ဘာသွားလုပ်တယ်မသိဘူးဗျာ၊ မိန်းမကလဲ ခပ်ထက်ထက်ဆိုတော့ ငြိမ်မနေဘူး... ပြန်အော်တယ်။ ... ဗိုလ်မှူးကြီး မတရားမလုပ်ပါနဲ့ဆိုပီး”
ယခုလည်း မြန်မာပြည်တွင် စုဘုရားလတ်နောက် အနှစ်တရာကျော်တွင်း သြဇာအကြီးဆုံး အမျိုးသမီး ဦးဆောင်သည့် နိုင်ငံရေးတခေတ် ရောက်နေသည်မို့ အမျိုးသမီးတွေ လက်ခမောင်းခတ်ပီး ပြန်အော်ကြဘို့ အချိန်ကောင်းပင်။