ပျံသာ ပျံပါ ရွှေဟင်္သာ

ပျံသာ ပျံပါ ရွှေဟင်္သာ
by -
ကွန်းချမ်း

‘တောင်အို’ သည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ရှိသည်။ မည်သူမှ တောင်ယာ မခုတ်ရ။ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းရန်အတွက်ဟု ဆိုသည်။ ကြိုးဝိုင်းတော မဟုတ်။ ...

(က)
‘တောင်အို’ သည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ရှိသည်။ မည်သူမှ တောင်ယာ မခုတ်ရ။ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းရန်အတွက်ဟု ဆိုသည်။ ကြိုးဝိုင်းတော မဟုတ်။ မွန်ပြည်နယ် ရေးမြို့မှ ထိုင်းနယ်စပ် ဘုရားသုံးဆူသို့ သွားလျှင် ‘တောင်အို’ ကို ဖြတ်ရသည်။ မွန်ပြည်သစ်နှင့် စစ်အစိုးရ အပစ်မရပ်မီ ၁၉၉၅ ခုနှစ်ထိ ခြေလျင်လမ်းသာ ရှိခဲ့သည်။ အပစ်ရပ်ပြီးနောက် ကားလမ်းပေါက်ခဲ့ရာ နွေရာသီတွင် ပြေးဆွဲနိုင်သည်။ ခရီးကြမ်းကာ ချောက်ကမ်းပါး ပေါသည်။ မက်စောက်သော တောင်များဖြင့် ဆက်စပ်နေပြီး ခရီးရှည်လျားသောကြောင့် ‘တောင်အို’ ဟု သမုတ်ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခု ကျော်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများ၊ ကုန်ကူးသူ၊ ကျွဲနွား တင်ပို့သူများ ‘တောင်အို’ ကို အားကိုးရသည်။ ‘တောင်အို’ မှာ တနေ့တာခရီး ဖြစ်သည်။ ‘တောင်အို’ ကို ဖြတ်လျှောက်ဖူးသူတိုင်း ငှက်ဖျားမိတတ်ကြသည်။ တောင်အိုငှက်ကြောင့် သေဆုံးသူတို့ကား မရေမတွက်နိုင်။ ကြားသူတိုင်း ကြောက်ကြသည်။

(ခ)
ဖိုးဝှီးကားက အရှေ့ဘက်တောင်ခြေမှ စတက်ပြီ။ တခါတရံ ချောင်းကို ဖြတ်ရသည်။ စက်သံက မမှန်။ ခရီးသည်အားလုံးက ၂ဝ၁၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွန်အမျိုးသားနေ့ကို ဦးတည်နေကြသည်။ ရေးမြို့နယ် ချောင်းဖျားရှိ မွန်ပြည်သစ် ဗဟိုအနီး ပနန်းဘုံရွာ၌ ကျင်းပမည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားဆီ သွားကြမည်။ အားလုံးက ထိုင်းနယ်စပ်မှ လာကြသည်။ မွန်၊ ကရင်၊ ထားဝယ်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသားစုံ ပါသည်။ စပ်မိစပ်ရာ ပြောရင်း ဓမ္မစေတီခေါင်းလောင်းအကြောင်း ရောက်သည်။ သွန်းလောင်းရာ၌ မိကျောင်းနက္ခတ်မိ၍ အသံမမည်ဟု တဦးက ပြောသည်။ အခြားသူက ကားစက်သံကို နားထောင်ရင်း “လိပ်နက္ခတ်မိပြီ” ဟု ဆိုသည်။ “ရိုးရိုးလိပ် မဟုတ်ဘူး၊ ခါးကျိုးတဲ့ လိပ်” ဟု နောက်တဦးက ဆိုပြန်သည်။ မကြာလိုက် ဖိုးဝီးကားက အနောက်ဘီးဝင်ရိုး ကျိုးလေပြီ။

ခရီးသည်အားလုံး ကားပေါ်မှ ဆင်းကြသည်။ မိုးလည်း ချုပ်ပြီ။ တပို့တွဲလဆန်း ၁၄ ရက်မို့ ဝါးရုံပင်ကြားမှ လရောင်ကို ပြိုးပြိုးပြောက်ပြောက် မြင်ရသည်။ တောင်အိုတောင်ထိပ်တွင် ထိုင်းဖုန်းလိုင်းများ ဆက်သွယ်နိုင်သည်။ လက်ကိုင်ဖုန်း ပါသူများက ဖုန်းဆက်သည်။ ကားသမားနှင့် ခရီးသည်အချို့ကမူ ကားကို ပြင်သည်။ အချို့က တောင်ထိပ် လမ်းဘေးတွင် မီးဖိုပြီး ဗလဲ့ဒွန်းဖိုက်ရွာမှ ဝယ်လာသည့် တောကြက်ကို ကင်ကာ ပါလာသည့် ထိုင်းအရက်နှင့် မြည်းသည်။ သောက်ရေ ကုန်ပြီဖြစ်သဖြင့် ပြည်တွင်းမှ ဘုရားသုံးဆူသို့ တက်မည့် ခရီးသည်တင်ကား တစီးနှစ်စီးကို တွေ့ကြရာ လမ်းတွင် ကြာဦးမည်ဖြစ်၍ ခရီးသည်များထံမှ ရေသန့်ဗူး တောင်းယူကြသည်။

ရေချိန်ကိုက်လာကြပြီ။ စိတ်ပျက်ခြင်းကို ခေတ္တမေ့လျော့ရင်း သီဆိုလိုက်သည့် တေးသံများက ထောင်ထိပ်မှ ပျံ့လွင့်လာလေသည်။

(××× သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊ မင်းလေးသာ ခြစားလို့ အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ်၊ ပျံပါ ရွှေဟင်္သာရယ်။×××

××× ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့ မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ××× ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ---- ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။ ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။ ပျံပါ --- ပျံပါတော့ ×××  ပျံပါ ---- ပျံပါတော့။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်) (အဆိုတော် စိုင်းထီးဆိုင်၏ ‘ပျံသာ ပျံပါ ရွှေဟင်္သာ’ သီချင်းမှ -)

ပအိုဝ်းက ဆိုသည်။ မည်သည့်ခံစားချက်ကြောင့် ဤသီချင်းကို သူက ဆိုသည်မသိ။ မွန်အချို့က ခံစားချက်ဖြင့် ထိုသီချင်းကို နားဆင်နေသည်ကို သတိထားမိသည်။

၁၉၇၄ မတ်လ ၁၉ ရက်နေ့တွင် မဆလ အစိုးရက မွန်ပြည်နယ်ကို ဖော်ထုတ်ပေးခဲ့သည်။ အမျိုးသားရေး လှုပ်ရှားသူများက အမည်ခံပြည်နယ်ကို မလိုလား။ သံဃာတော်များကလည်း ခေတ်သစ်မွန်မဂ္ဂဇင်းတွင် “အနှစ်သာရ မရှိသည့် မွန်ပြည်နယ်” ဟု မွန်ဘာသာဖြင့် ရေးသားဝေဖန်ခဲ့ကြသည်။ မဂ္ဂဇင်းထုတ်သည့် ဦးဆောင်သံဃာတော်များ အဖမ်းခံရပြီး ထောင်ချခံရသည်။

မွန်ပြည်နယ်ပေါ်ပြီး များမကြာမီ အဆိုတော် စိုင်းထီးဆိုင်၏ “ပျံသာ ပျံပါ ရွှေဟင်္သာ” သီချင်းလည်း ထွက်လာခဲ့သည်။ တေးရေးဆရာ စိုင်းခမ်းလိတ်နှင့် ရင်းနှီးသည့် မွန်တေးဂီတသမားများက စိုင်းခမ်းလိတ်ကို ချဉ်းကပ်ပြီး မွန်ပြည်နယ်၏ သရုပ်မှန်ကို ပေါ်လွင်စေပြီး မျိုးချစ်လူငယ်များကို စေ့ဆော်သည့် သီချင်းကို ရေးသားပေးရန် တောင်းဆိုခဲ့ကြသည်ဟု ကောလာဟလ ထွက်ခဲ့သည်။  မွန်ပညာတတ် တက္ကသိုလ်ကျောင်းသား အများအပြား မွန်ပြည်သစ်ပါတီရှိရာ တော်လှန်ရေး နယ်မြေသို့ ရောက်ခဲ့ကြသည်။ ဤသီချင်းကား မွန်ပြည်သူတို့၏ နှလုံးသားတွင် ယနေ့တိုင် နေရာယူဆဲပင်။

တောင်အိုပေါ်တွင် ၃ နာရီခန့် ကြာမြင့်ခဲ့သည်။ ကားထွက်မည်ဆို၍ ခရီးသည်အားလုံး ကားပေါ်တက်ကြသည်။ အဆင်းလမ်း ဖြစ်သည်။ ခဏသာ မောင်းရပြီး အနောက်ဝင်ရိုး ကျိုးပြန်သည်။ ခရီးသည်အားလုံး ဆင်းလျှောက်ကြသည်။ ၁၁ နာရီခန့်တွင် တောင်အိုတောင်ခြေ ချောင်းနှစ်ခွသို့ ရောက်သည်။ တဲအိမ် ၃ လုံးသာ ရှိသည်။ တဲအိမ်တွင် သုံးရန်အတွက် ချောင်းရေကို ပိတ်ကာ ထုတ်လုပ်ထားသည့် ရေအားလျှပ်စစ် ရှိသည်။ ပနန်းဘုံရွာသို့ အရောက်သွားမည်ဟု မှန်းထားသော်လည်း တောင်ခြေတွင် တညနားလိုက်ရသည်။ ချောင်းနှစ်ခွ ချောင်းရေသည် လရောင်အောက်တွင် ငြိမ်သက်စွာ တရွေ့ရွေ့ စီးဆင်းနေသည်။ ခရီးသည်အားလုံး လမ်းလျှောက်ခဲ့ရသဖြင့် နွမ်းနယ်လျက်။

(ဂ)
မနက်ဖြန်ကား မွန်အမျိုးသားနေ့ ဖြစ်သည်။ ယနေ့ကား တပို့တွဲလပြည့်နေ့။

မွန်းလွဲချိန်တွင် ပနန်းဘုံရွာသို့ ရောက်သည်။ ထိုင်းနိုင်ငံမှာ လာသည့် ဖိုးဝှီးကား ၄၈ စီးကိုလည်း တွေ့ရသည်။ ထိုင်းနိုင်ငံမှ မွန်လူမျိုးများ၊ ထိုင်းလူမျိုးများနှင့်  ထိုင်း TV channel 3 မှ သတင်းထောက်များ ပနန်းဘုံချောင်းဘေးတွင် စခန်းချနေသည်။ ထိုနေရာ၌ပင် ချက်ပြုတ်စားသောက်ကြသည်။ ငရုတ်ဆုံကအစ ပါလာကြသည်။

ပြီးခဲ့သည့်နှစ်တွင် မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသားနေ့ကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ပလိုင်းဂျပန် (ဂျပန်ရေတွင်း) ရွာတွင် ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံမှ ပရိသတ် အများအပြား လာရောက်ကြသည်။ ယခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ခဲ့ပြီ။ ဘုရားသုံးဆူအနီးတွင် ကျင်းပရန် အခြေအနေ မပေးတော့။ နယ်စပ်မှ ကီလိုမီတာ ၁ဝဝ ခန့် ဝေးသည့် ပနန်းဘုံရွာသို့ ပြောင်းရွှေ့ကျင်းပသည်။ သို့သော်လည်း ထိုင်းနိုင်ငံမှ ပရိသတ်ကား လျော့နည်းမသွား။

အခမ်းအနား ကျင်းပမည့် ကွင်းပြင်အနီး ဘုန်းတော်ကြီးကျောင်းဝင်းတွင် စတုဒိသာမဏ္ဍပ် ရှိသည်။ ဧည့်သည်များကို ဧည့်ခံကျွေးမွေးသည်။  အထူးဧည့်သည်များကို ကျောင်းပေါ်၌ ဧည့်ခံသည်။ ဧည့်ခံရန်အတွက် ဝက်သားပိဿာချိန် ၁၅ဝ ကို ချက်ပြုတ်ထားသည်ဟု ကျွေးမွေးရေး တာဝန်ခံက ဆိုသည်။ အိမ်ခြေ ၄ဝဝ ခန့်ရှိ အိမ်တိုင်းလိုလိုပင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များဖြင့် စည်ကားနေသည်။

မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ပါတီမှ အနားယူခဲ့သည့် စစ်မှုထမ်းဟောင်းများကိုလည်း စစ်ဝတ်စုံဖြင့် ပြန်လည်မြင်တွေ့ရသည်။ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီးနောက် ပါတီသို့ ပြန်လာကြသည့် စစ်မှုထမ်းဟောင်း ၁ဝဝ ကျော် ဆိုသည်။

(ဃ)

အခမ်းအနား မစတင်မီ တပ်ရင်း ၂၊ တပ်ရင်း ၅၊ တပ်ရင်း ၉ နှင့် အမျိုးသမီးတပ်ရင်းမှ စစ်သား စစ်သမီး ၁၅ဝ ခန့်က စစ်ရေးပြရန်အတွက် ကွင်းပြင်ကို ချီတက်လာခဲ့သည်။ နောက်တွင် ဒေသအသီးသီးမှ မွန်ပြည်သူ စစ်ကြောင်းများ လိုက်ပါလာကြသည်။ ပရိသတ် ၃ဝဝဝ ကျော် တက်ရောက်လာခဲ့ကြောင်း ထမင်းဘူး ပေးဝေသည့် ချက်ပြုတ်ရေး တာဝန်ခံက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ နိုင်ရဿ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ၊ ထိုင်းမွန်၊ ပြည်တွင်းမွန်နှင့် ပြည်တွင်း သံဃာတော်များက သဘာပတိ စင်မြင့်တွင် နေရာယူကြသည်။

ပါတီခေါင်းဆောင်များက အပစ်အခတ် ရပ်စဲစဉ်ကာလတလျှောက် ကြံုတွေ့ခဲ့ရသည့် နိုင်ငံရေး အကျပ်အတည်းများ၊ အပစ်ရပ် ပျက်ပြားခဲ့ရပုံများ၊ ပါတီရပ်တည်ချက်များနှင့် အနာဂတ် လုပ်ငန်းစဉ်အကျဉ်းကို ပြည်သူလူထုထံ အစီရင်ခံ တင်ပြသည်။

“နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်လို့ ကျနော်တို့ပါတီဟာ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြေရှင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ သူတို့ဆီမှာ ကျနော်တို့ကို လက်နက်အပ်ခိုင်းတယ်။ ကျနော်တို့ ဘယ်တော့မှ အဲဒီလို လုပ်လိမ့်မယ် မဟုတ်ဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ပူးပေါင်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်သွားမယ်”

နိုင်ရဿ၏ တင်ပြချက်ကို ပြည်သူများက အတွေးကိုယ်စီဖြင့် ငြိမ်သက်စွာ နားထောင်လျက်။

ထိုင်းမွန် သဘာပတိက နိုင်ဒန်းရွန်း က “လူပျို အပျို၊ လူကြီး လူငယ်အားလုံး၊ ဒီမှာရှိတဲ့ လူတွေအားလုံး ကျနော်တို့ မွန်ပြည်ကို ယူကြမှာလား၊ မယူကြဘူးလား၊ ယူရင် လက်ခုပ်တီးကြပါ” ဟု ဆော်သြလိုက်သည်။ ကွင်းပြင်တခုလုံး လက်ခုပ်သံများဖြင့် ထိုးတက်လာခဲ့သည်။

သူ၏ အပြောအဆို အမူအရာများတွင် လွန်ခဲ့သည့် အနှစ် ၂၅ဝ ကျော်က ဟံသာဝတီ မွန်နေပြည်တော် ပျက်သုဉ်းပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သူ၏ ဘိုးဘွားများကို ပြန်လည်တမ်းတသည့် ပဒေသရာဇ်ခေတ် အရိပ်အယောင်များ ပေါ်လွင်နေသည်။

“စစ်အစိုးရလက်အောက်မှာ နေရတာ ငရဲခံနေရသလိုပဲ။ နာသထက် နာတယ်။ ကျွန်ဘဝက လွတ်မြောက်ဖို့ အမျိုးသား အကြွေးတွေကို ပေးဆပ်ကြပါ”

သက်တော် ၉ဝ နှစ်နီးပြီ ဖြစ်သော်လည်း အောင်မြင်သည့် အသံဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ တိုက်ကျောင်းသစ် ဆရာတော် ဘဒ္ဒန္တ ပါလိတက ပရိသတ်ကို သြဝါဒပေးခဲ့သည်။

ဆရာတော်က အထင်ကရ ပုဂ္ဂိုလ်။ မွန်ပြည်သူများကြားတွင် သြဇာရှိသည်။ မဆလ အစိုးရ မွန်ပြည်နယ် ဖော်ထုတ်ပေးစဉ်က “အနှစ်သာရ မရှိသည့် မွန်ပြည်နယ်” ဟု ဝေဖန်ရေးဆောင်းပါးကို ခေတ်သစ် မွန်မဂ္ဂဇင်းတွင် ရေးသားပြီး ဦးဆောင်ထုတ်ဝေခဲ့သည့် ဆရာတော်။ ထိုမဂ္ဂဇင်းကြောင့်ပင် အဖမ်းခံရသည်။ ထောင် ၃ နှစ် ကျခံရသည်။ ရုံးတင်စစ်ဆေးစဉ်က ဗမာစကားကို မပြော။ မွန်ပြည်နယ်၏ အနှစ်သာရမဲ့မှုကို လက်တွေ့ကျကျ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် စကားပြန် ငှားပေးရသည်။

သဘာပတိအားလုံး၏ မိန့်ခွန်းတွင်ကား ရှေ့တွင် ရင်ဆိုင်ကြုံတွေ့ရမည့် စစ်ရိပ်စစ်ငွေ့ကို သတိပေးနေသယောင် ထင်မှတ်ရသည်။

’’မွန်အမျိုးသားများ   ညီညွတ်ကြ’’
’’မွန်တို့ကံကြမ္မာ   မွန်တို့ ဖန်တီးနိုင်ရမည်’’
’’စစ်မှန်သော ပြည်ထောင်စုကို ဖော်ထုတ်ကြ’’

အခမ်းအနားကို ကြွေးကြော်သံဖြင့် ရုပ်သိမ်းလိုက်သည်။

၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ကား ပြီးဆုံးခဲ့ပါပြီ။ မွန်အမျိုးသားတို့၏ လက်နက်ကိုင် တော်လှန်ရေးကား မပြီးဆုံးသေး။ တောင်အိုပေါ်မှ သီချင်းသံကို ပြန်ပြီး အမှတ်ရမိသည်။

(××× သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊ မင်းလေးသာ ခြစားလို့ အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ်၊ ပျံပါ ရွှေဟင်္သာရယ်။×××

××× ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့ မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ××× ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ---- ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။ ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။ ပျံပါ --- ပျံပါတော့ ×××  ပျံပါ ---- ပျံပါတော့။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်)

Most read this week