ဘဝဆိုတာက ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်လို့ အဆိုရှိခဲ့ကြတယ် မဟုတ်လား။ ကျမတို့ မြန်မာပြည်သားတွေလည်း အဲဒီစကားပုံအတိုင်း မလိုက်နာချင်လည်း လိုက်နာနေကြရ...
ဘဝဆိုတာက ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်လို့ အဆိုရှိခဲ့ကြတယ် မဟုတ်လား။ ကျမတို့ မြန်မာပြည်သားတွေလည်း အဲဒီစကားပုံအတိုင်း မလိုက်နာချင်လည်း လိုက်နာနေကြရတယ် ထင်ပါရဲ့။
တကယ်တော့ ကျမတို့ချစ်တဲ့တိုင်းပြည်၊ မိဘ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ခွဲခွာပြီးတော့ သူတပါးတိုင်းနိုင်ငံမှာ ညှိုးနွမ်းသိမ်ငယ်စွာနဲ့ ဘယ်သူမှ နေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစစအရာရာ ချွတ်ခြံုကျနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကြောင့်မို့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို အလုံးအရင်းနဲ့ ရောက်လာ ကြတယ်လို့ပဲ ပြောရတော့မယ်။
ဘာမဆို စိုးရိမ်ထိတ်လန့်နေရတဲ့ သတင်းတွေကြားမှာ ကျမတို့ရပ်တည်ရှင်သန်ခဲ့ရတာ တနှစ်ကျော် နှစ်နှစ်နီးပါး ရှိပြီ။ နေရာကခေါင်တဲ့အပြင် ရာသီဥတုအားဖြင့်လည်း သမမျှတမှုမရှိဘူး။ မိုးရာသီရောက်ရင် လမ်းတလျှောက်မှာ ဗွက်တွေထူလို့။ မိုးရာသီကိုချစ်တတ်တဲ့ကျမတောင် မိုးရာသီကို မုန်းချင်လာတယ်။ မိုးရွာတဲ့ ရက်တွေဆိုရင် တနေကုန် နေရောင်မမြင်ရတော့ဘူး။ (၇) ရက်တပတ်လောက် ဆက်တိုက်ရွာနေတတ်တဲ့မိုးကြောင့် ဒုက္ခသည် ကျမတို့တတွေ ပိုင်ဆိုင်သမျှအင်္ကျ ီ၊ လုံချည်တွေကို မီးကင်ရတယ်။ မီးပူတိုက်ဖို့ ဆိုတာကလည်း မီးသွေးရှိမှ၊ မီးအိုးရှိမှအဆင်ပြေသကိုး။
မိုးရာသီမှာဆို အိမ်အမိုးမလုံရင် စိတ်အတော်ညစ်ရတယ်။ မိုးလေမလုံလို့ ပြင်ရမယ်ဆိုတာတောင် လက်ထဲမှာ ငွေက အသင့် ရှိမနေတတ်တဲ့ဘဝလေ။ အဲဒါကြောင့် ဒုက္ခသည် တဲအိမ်လေးတွေရဲ့ အမိုးမှာ အမိုးဖက်နဲ့အတူ ပလပ်စတစ်အိတ် အစအနလေးတွေက နေရာယူနေတော့တာပဲ။
ကျမငယ်ငယ်က ပြည်ပရေဒီယိုသတင်းတွေ နားထောင်ရင်း ဒုက္ခသည်စခန်းဆိုတာကို ကြားမိတိုင်း ဘာများ ပါလိမ့်၊ ဘယ်လိုမျိုးနေကြရတာပါလိမ့်လို့ပဲ ပေါ့ပေါ့ တွေးကြည့်ခဲ့မိဘူးတယ်။ အဲဒီအချိန်ကာလက ဒီလို အခက်အခဲတွေ ရှိတဲ့နေရာဆိုတာ သိလဲမသိခဲ့သလို ကိုယ်ချင်းစာတတ်ဖို့ ဆိုတာလည်းမတွေးခဲ့မိဘူး။ အခုကိုယ်တိုင် ကြံုနေရပြီဆိုတော့ အိပ်မက်များလားလို့တောင် တခါတခါ ထင်မိတဲ့အထိလေ။
(၂)
ဒုက္ခသည်စခန်းဆိုတဲ့နေရာမျိုးမှာ ကျမတို့မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေအများကြီးရှိနေကြတယ်။ အများစုက ဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားမိကြလို့ ထောင်ကျဘူးသူတွေ၊ ထောင်ကျ မခံခဲ့ရ ဘူးပေမယ့် မြန်မာပြည် ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ ဘူးသူတွေ၊ စစ်ဘေး စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေပါပဲ။
ပြည်တွင်းမှာဆက်နေရင်လည်း စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ ညှဉ်းဆဲသတ်ဖြတ်ခံ ဘဝနဲ့ ရှင်သန် ကြရမယ့် အတူတူ တစုံတရာ လွတ်လပ်မှုရှိမယ်ထင်တဲ့ လွတ်မြောက်နယ်မြေက စိတ်တူကိုယ်တူ လုပ်ဖော် ကိုင်ဖက် တွေဆီကို အားကိုးတကြီး ရောက်လာခဲ့ကြသူတွေပါ။ နွေးထွေးမှုမရှိလှတဲ့ ခပ်စိမ်းစိမ်း ကြိုဆိုမှုတွေ ကြားမှာ ကျမတို့အားလုံးရဲ့ စိတ်ဓာတ်တွေဟာ ပြန်လည်တည်ဆောက်နိုင်စွမ်းအား မရှိတော့လောက်အောင်ကို ကျဆင်း သွားခဲ့ရတယ်။ ဒါဟာ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားမှုကြီးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တရပ်ဆိုရင် လည်းမမှားဘူး။
ဒုက္ခသည်စခန်းဆိုတာ ကြည်နူးစရာ တကွက်လေးမှမရှိတဲ့နေရာလို့ ကျမပြောရင် ဒုက္ခသည်ဖြစ်ဖူးသူတွေက တညီတညွတ်တည်း ထောက်ခံကြပါလိမ့်မယ်။
ဒုက္ခသည် စခန်းထဲမှာ နိုင်ငံရေးဒုက္ခသည်၊ တတိယ နိုင်ငံသွားချင်လွန်းလို့ လွယ်လွယ်နဲ့ ဝင်လာတဲ့ အချောင် သမား ဒုက္ခသည် ရယ်လို့ ခွဲခြားထားတာမရှိဘူး။ အားလုံးဟာ ဒုက္ခသည်ဆိုတဲ့စကားလုံး အောက်မှာ အတူတကွ ယှဉ်တွဲနေရတော့ နိုင်ငံရေးနောက်ခံနဲ့ ရောက်လာကြသူတွေ အတော် စိတ်ထိခိုက်ကြရတယ်။ အဲဒါကို နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဘူးတဲ့ ကျောင်းသားတဦးက ‘‘ဒုက္ခဆိုတာ အတုမရှိပေမယ့် ဒုက္ခသည်အတုတွေရှိတယ်’’ လို့ သူ့ရဲ့ကဗျာတပုဒ်မှာ ထည့်သွင်းစပ်ဆိုခဲ့ဘူးတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့ကြသူအများစုက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ယုံကြည်ရာကို မဆုတ်မနစ် တိုက်ပွဲ ဝင်ချင်တဲ့စိတ် အခြေခံရှိခဲ့ကြသူတွေဖြစ်တော့ ဒုက္ခသည်စခန်းမှာ သူများပေးစာကမ်းစာစားပြီး အလုပ်မရှိ၊ အကိုင်မရှိ ဘဝနဲ့ တနေ့တနေ့ နေကုန်အောင်စောင့်မျှော်နေကြရတာက သူတို့တွေ အတွက် ကြီးမားတဲ့ ဖိစီးမှုကြီးဖြစ်နေတော့တာပဲ။
ဒီခံစားမှုတွေ ဖိစီးမှုတွေက လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ ကြိုးစားရင်း စဉ်းစားရင်းက ဒုက္ခသည် အားလုံး အတွက် တခုတည်းသောထွက်ရာလမ်းဖြစ်တဲ့ တတိယနိုင်ငံမှာ အခြေချဖို့ဆိုတဲ့ အရာကသူတို့အတွက် ဘဝ ပန်းတိုင် တခုလို့ တင်စားရမလိုတောင်ဖြစ်လာပါတော့တယ်။
ကျမတို့နေကြရတဲ့ နို့ဖိုးဒုက္ခသည်စခန်းကနေ မဲဆောက်မြို့ကို (၆) နာရီခရီး ကားစီးပြီးမှ ရောက်ပါတယ်။ ခရီးနီးတာ ဝေးတာထက် လမ်းကမြွေသွားလမ်းလို အကွေ့အကောက်တွေချည်းဆိုတော့ ခရီးသည်တွေမှန်သမျှ ကားမူးတဲ့ဝေဒနာတွေကို အလူးအလဲခံစားကြရတယ်။ ခရီးသွားခွင့် တခါရဖို့ကလည်း မလွယ်လှဘူး။ ခွင့်လက်မှတ်ကြေးက ဘတ်ငွေ (၂ဝ) ထည့်ရပြီး ခွင့်က (၇) ရက်ပဲရတယ်။ ခွင့်ရက်ကျော်သွားရင် ထိုင်းရဲက ဖမ်းပြီး ပိုက်ဆံတောင်းတတ်ကြတယ်။
ဒုက္ခသည်စခန်းမှာ နေတာကြာလာရင် ဒုက္ခသည်ရုပ်ထွက်လာသတဲ့။ အဲဒီစကားကို ကြားစကတော့ မယုံမိဘူး။ ဒါပေမယ့် ဒုက္ခသည်သက်တမ်း တနှစ်ကျော်လာတဲ့အချိန်မှာတော့ ကျမယုံသွားရတယ်။ စိတ်နွမ်း၊ လူနွမ်းဘဝနဲ့ အစစအရာရာညှိုးငယ်နေတဲ့ ဟန်ပန်အမူအရာက ကျမကို ဒုက္ခသည် စစ်စစ်ကြီးဖြစ်နေပြီဆိုတာ ထောက်ခံချက် ပေးနေတယ်လေ။
ဒုက္ခသည်တဦးစာအတွက် ဆန်တပုံး (၁၅ကီလို)၊ ဆီတလစ် (တလီတာ) ရဖို့အတွက် တလတခါ လူစစ်တဲ့ နေရာမှာ လူအုပ်ကြားထဲကနေထွက်ပြီး မျက်နှာငယ်ငယ်နဲ့ ရပ်ပြရတယ်။ ဒုက္ခသည်တိုင်း နေပူကျဲကျဲမှာ မျက်နှာငယ်ငယ်နဲ့ ကိုယ့်အလှည့်ဘယ်တော့ ရောက်မလဲဆိုတာ စောင့်ဆိုင်းရင်း စိတ်၏ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းဒုက္ခတွေကို တလတခါ ပုံမှန်ခံစားရလေ့ရှိတယ်။
အဲသလို လူစစ်ပြီးလို့ ကျမတို့တွေ ရတဲ့ရိက္ခာက ဆန်- တပုံး (၁၅ကီလို) မီးသွေး- တအိတ် (ကီလို၂ဝ)၊ ပဲ - ကီလိုဝက်၊ ဆီ-တလစ်နဲ့ ငပိ-တကီလိုစီပါပဲ။ အားလုံးဟာ တကယ်တမ်းလောက်ငပြီး စားဖြစ်သောက်ဖြစ်တဲ့ ရိက္ခာတွေမဟုတ်ကြပါဘူး။ ဆန်က ဆန်ကွဲရောများတာမို့ လူတိုင်းမစားနိုင်ကြဘူး။ အဲဒါကြောင့်ရတဲ့ ဆန်ကို ပြန်ရောင်းပြီး အသင့်အတင့် ဆန်ချောလေးကို ပြန်ဝယ်စားကြတာများတယ်။ တချို့လည်း ရတဲ့ဆန်ကိုပဲ ဆန်ကွဲချစားကြတယ်။ ငပိဆိုရင် နံလွန်းပြီး မသန့်ရှင်းတဲ့အတွက် ဝက်စာအဖြစ်ပဲ အသုံးဝင်တယ်။ ရိက္ခာထုတ်တဲ့ နေရာဝန်းကျင်မှာပဲ ပုံးကြီး ပုံးငယ်နဲ့ ငပိဝယ်နေကြတဲ့ ဝက်မွေးသမားတွေရှိတယ်။ သူတို့က ငပိတကီလိုကို ငါးဘတ်ပေးတယ်။ အများစုက ပိုက်ဆံမယူတော့ဘဲ အလကားပဲ ပေးသွားကြတာများတယ်။
ယူအန်က ပေးနိုင်တာက ဟင်းစားအတွက် ပဲနဲ့ ငပိပဲ ပင်တိုင်ပေးတာမို့ ဒုက္ခသည်တွေ တောတိုးကြရတယ်။ တောထဲမှာ သဘာဝအရပေါက်တဲ့ မျှစ်တွေ၊ ဝဥတွေ၊ မှိုတွေက ဒုက္ခသည်တွေရဲ့ ဝမ်းဝဖို့ ဖြည့်ဆည်းပေးနိုင်တဲ့ ပင်မအရာကြီးတွေပဲဖြစ်နေတော့တယ်။
တချို့ကလေးတွေက တောတိုးပြီး ရသမျှ ရာသီအလိုက် အသီးအရွက်တွေထဲက အိမ်အတွက် တချို့တဝက်ချန်ပြီး စျေးရောင်းထွက်ကြတာလည်းရှိတယ်။ ကျောင်းမှာ စာအုပ်စာပေနဲ့ ပျော်မွေ့နေရမယ့်အရွယ်မှာ စျေးဗန်းလေး တွေကို ခေါင်းပေါ်တင်လို့ ဝမ်းရေးကို မိသားစုနဲ့အတူ ရှာဖွေနေရတယ်။ သူတို့လေးတွေကိုလည်း မိသားစု အရေးက တို့အရေးပဲလို့ ဘဝက သင်ပေးထားတော့ မညီးမညူလုပ် နေကြတာတွေ့ရတယ်။
ဒုက္ခသည်စခန်းမှာ လူတိုင်းလူတိုင်းဟာ ဝင်ငွေမရှိတော့ တတိယနိုင်ငံကို ရောက်နေကြတဲ့ မိတ်ဆွေသူငယ်ချင်း ဆွေမျိုးသားချင်းတွေရဲ့ အထောက်အပံ့တွေနဲ့ တချို့နေထိုင်ကြတယ်။ သူတို့တွေက လစဉ် အနည်းဆုံး (ဒေါ်လာတရာ) ဘတ်ငွေ သုံးထောင်ဝန်းကျင် ထောက်ပံ့ငွေရှိတော့ စားဝတ်နေရေး အဆင်ပြေကြတာပဲ။ ဒါပေမဲ့ ဒီလို အဆင်ပြေတဲ့သူဆိုတာလည်း ဒုက္ခသည် တရာမှာ တယောက်ရှိတတ်တာ။
တခါတခါ အိပ်ကောင်းတုန်းအချိန် မီးလန့်တာလည်းရှိတတ်သလို ရန်သူလန့်တာလည်း ရှိတတ်တာကြောင့် အတော်စိတ်ဒုက္ခဖြစ်ရတယ်။ ဒုက္ခသည်စခန်းမှာ လုံံခြံုမှုမရှိတာ လူတိုင်းက သိကြတယ်။ ဒါကြောင့် လုံခြံုရေးနဲ့ သက်ဆိုင်တဲ့ သတင်းတခုခုထွက်လာရင် အများစုက အိပ်မရကြတော့ဘူး။ ခုခံကာကွယ်ဖို့အတွက်မဟုတ်ပဲ အထုပ်ဆွဲပြီးပြေးကြဖို့ ဝီရိယထားကြရတာပါ။ ဒုက္ခသည်မှာ ခုခံကာကွယ်စရာလက်နက်ဆိုလို့ ဘာတခုမှ ရှိတာ မဟုတ်တော့ အထုပ်ကလေးပဲ အသင့်ပြင်ထားကြရတယ်။
တချို့ လည်လည်ဝယ်ဝယ် ရှိကြသူတွေလည်း ထိုင်းနိုင်ငံအတွင်း ကူးသန်းသွားလာပြီး စီးပွားရှာကြလို့ ကားတွေ ဆိုင်ကယ်တွေ စီးနိုင်ကြသူတချို့လည်းရှိတယ်။ ကား အစီးရေ ဆယ်ဂဏန်းအထက်မှာ ရှိတာကြောင့် တခါတခါ ဒုက္ခသည်စခန်းရယ်လို့တောင် မထင်ရဘူး။ ဆိုင်ကယ်တွေလည်း တဝီဝီနဲ့ပေါ့။ ဒါကတော့ လူနည်းစုပါ။
အဲဒိလို ထိုင်းနိုင်ငံအတွင်းနဲ့ ဗမာပြည်တွင်းကို ဝင်ထွက်သွားလာပြီး စီးပွားရှာလို့ မရကြတဲ့ ဒုက္ခသည်တွေကတော့ စခန်းအတွင်းမှာပဲ အိမ်ဆိုင်လေးတည်ပြီး ဟင်းသီးဟင်းရွက်နဲ့ အသေးစားမုန့်မျိုးစုံကို ရောင်းကြတယ်။ တချို့ လည်း စျေးနေ့တွေမှာ မဲဆောက်က ဆင်းလာတဲ့ ကုန်ကားတွေကနေ ဖောက်သည်ယူပြီး ရောင်းကြတာ ရှိတယ်။
တချို့လည်း စခန်းအပြင်ကို ခိုးထွက်ပြီး နေ့စားအလုပ်လုပ်ကြရတာရှိတယ်။ ပညာတတ်တချို့ကတော့ အန်ဂျီအိုအဖွဲ့အစည်းတွေမှာ အလုပ်ရပြီး အဆင်ပြေနေကြတာတွေရှိတယ်။
(၃)
နအဖစစ်တပ်ကို စွန့်ခွာထွက်ပြေးလာပြီး ဒုက္ခသည်စခန်းထဲမှာပဲ စျေးရောင်းပြီး ရပ်တည်နေတဲ့ တပ်ကြပ်ကြီး တဦးကတော့ ‘‘ကျနော်က ဒီဒုက္ခသည်စခန်းမှာ ငါးနှစ်ရှိပြီ ဟိုးခံထားရတာ၊ ဘယ်သူမှလည်း အထောက်အပံ့ မရှိတော့ စျေးလေးရောင်းစားတာပေါ့ဗျာ။ တနေ့ ငါးဆယ်၊ တရာမြတ်လည်း မဆိုးဘူးမလား။ ဟင်းစားတော့ ရသေးတာပေါ့။ တတိယနိုင်ငံ ထွက်ဖို့ဆိုတာတော့ဗျာ ကျနော်တကိုယ်ထဲအရဆိုရင် မမျှော်ပါဘူး။ ကျနော်က ရောက်တဲ့နေရာမှာ ဖြစ်သလိုရပ်တည်နိုင်တယ်။ ကျနော် စစ်တပ်ထဲက ထွက်ပြေးလာပြီးနောက်ပိုင်း ကေအန်ယူနဲ့ ပေါင်းပြီး တိုက်ခဲ့သေးတာပဲ။ တတိယနိုင်ငံမသွားဖြစ်လို့ ဒီနယ်စပ်မှာပဲ တော်လှန်ရေးလုပ်မယ်ဆိုလည်း ကျနော့် အတွက်က ဖြစ်တယ်။ ဒါပေမဲ့ ကလေးတွေရှေ့ရေးကျတော့ ထည့်မစဉ်းစားလို့ မဖြစ်ပြန်ဘူးဗျ။ အဲဒါကြောင့် မျှော်ကြည့်တာ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း ယူအန်က ခေါ်ပြောပုံအရဆိုရင် ကျနော်တို့ကို ဒီ (၂ဝ၁ဝ) အတွင်းမှာ ခေါ်မယ့်နိုင်ငံမရှိဘူးတဲ့။ (၂ဝ၁၁)ဆိုတာကိုတော့ မပြောဘူးပေါ့ဗျာ။ တကယ်တမ်းပြောရရင် စိတ်နာစရာဗျာ။ ကျနော်က ဒီတော်လှန်ရေးနယ်မြေမှာ တကယ်ဖြစ်ခဲ့ဘူးတာကိုပြောလို့ တနည်းအားဖြင့် တော်လှန်ရေးနဲ့ ပါတ်သက်ခဲ့တာကို အမှန်တိုင်းပြောလို့ ဟိုးခံခဲ့ရတာပဲ။ ကျနော်ကိုယ်တိုင်ကလည်း ကိုယ့်သမိုင်းကို မလိမ်ချင် ဘူးဗျ။ ကိုယ်လုပ်ခဲ့တာကို လုပ်ခဲ့တဲ့အတိုင်း ရှင်းရှင်းပဲပြောတာ လက်မခံတော့ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့က အကြမ်းဖက်သမားတွေမှ မဟုတ်ပဲ လက်နက်ကိုင်တယ်ဆိုတာ မတရားသဖြင့် ဖိနှိပ်လာသူကို ပြန်တွန်းလှန်ဖို့ တနည်းအားဖြင့် တရားသောစစ် ဆင်နွှဲခဲ့တာပဲဗျာ။ အဲဒါကို အကြမ်းဖက်လို့ သံသယရှိပြီး ဆိုင်းငံ့လုပ်ထားခံခဲ့ရ တာတော့ လူသားချင်း မစာနာတာဘဲလို့ ပြောရမယ်’’။
တကယ်တော့ နိုင်ငံရေးနဲ့ မပတ်သက်သူတွေ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ မဆက်စပ်သူတွေ အများစုဟာ တတိယနိုင်ငံမှာ အခြေကျကုန်တာ တတိယနိုင်ငံပြောင်းရွှေ့အခြေချရေး အစီအစဉ်ကြီး စကတည်းကလို့ ကျမတို့ သိခဲ့ရ ပါတယ်။ အခုဆို နို့ဖိုးဒုက္ခသည်စခန်းထဲမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ ပတ်သက်ခဲ့လို့ ဆိုင်းငံ့လုပ်ခံ ထားရတဲ့ တော်လှန်ရေးရဲဘော်တွေ ငါးရာဝန်းကျင်ခန့်ရှိ နေပါတယ်။ တချို့လည်း ဆိုင်းငံ့လုပ်ခံထားရတာက အဆင်ပြေလို့ မကြာမီထွက်ရတော့မယ့် လက်ခံစာရထားသူတွေလည်း ရှိနေပါပြီ။
အဲဒီဟိုးသမားတွေထွက်သွားကြမှ ကျမတို့အပါအဝင် ရထောင်ဝန်းကျင်လောက်ရှိတဲ့ လူသစ်တွေအတွက် အခြေအနေ ကောင်းနိုင်မယ်လို့ အများစု မျှော်လင့်ကြတာကြောင့် သူတို့ကို အမြန်ထွက်စေချင်နေကြတာပါ။
ဒါပေမယ့် ရွေးကောက်ပွဲပြီးရင် ပြန်ပို့မယ်ဆိုတဲ့ သတင်းကြောင့်လည်း စိတ်ပူသောကရောက်နေကြတာ တွေ့ရ ပါတယ်။ အဲဒီသတင်းကြားကြားချင်း ဖျားတဲ့လူတွေရှိကြသလို စိတ်ကယောင်ချောက်ချားနဲ့ နေပူပူကြီးမှာ ခေါင်းကနေ ရေလောင်းချမိပြီး နာမကျန်းဖြစ်သွားတဲ့ လူတချို့လည်း ရှိကြပါတယ်။ တချို့ဆို ငူတူတူငိုင်တိုင်တိုင် ဖြစ်ပြီး တနေကုန် စိတ်ဆင်းရဲကြတဲ့ ပုံတွေလည်း တွေ့ခဲ့ရဘူးပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲကြီးဖြစ်မယ် ဆိုတဲ့ စိတ်ဖိစီးမှုတွေကြောင့် ကြားသမျှသတင်းစကားတွေအပေါ်မှာ စိတ်အတက်အကျဖြစ်မိတာ ကျမအပါအဝင် အများစုသော ဒုက္ခသည် တွေပါ။ ဒါပေမယ့် သတင်းစကားအများစုကလည်း စလွှင့်သူရဲ့ စိတ်ခံစားမှု အပေါ်ကနေလာတာဖြစ်တာကြောင့် သတင်းမှားတွေဖြစ်နေတာလည်း မနည်းပါပဲ။ ဒီလို ကြမ်းတမ်းခက်ထန်လှပြီး ဖိစီးမှုတွေများလှတဲ့ ဒီခရီး ကြမ်းကြီးက ဘယ်တော့မှ လွတ်မြောက်နိုင်ပါ့မလဲဆိုတာ တွေးရင်းက …..