တန်ခူးလေ

တန်ခူးလေ
by -
နှင်းပန်းအိမ်
နွေနဲ့ သင်္ကြန်ကို စာဖွဲ့ကြတဲ့ ရတု၊ ရကန်၊ လေးချိုး၊ တေးထပ်၊ ကဗျာတွေ ကျမတို့ မြန်မာစာပေလောကမှာ အများကြီးပါ။ ဒီထဲကမှ ကုန်းဘောင်ခေတ် စာဆိုတော်ကြီး လက်ဝဲသုန္ဒရ ဦးအေး တဖြစ်လဲ၊ မဟာအတုလ မင်းကြီးရဲ့ မြန်မာ့သင်္ကြန်အလွမ်းက ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ် ...

နွေနဲ့ သင်္ကြန်ကို စာဖွဲ့ကြတဲ့ ရတု၊ ရကန်၊ လေးချိုး၊ တေးထပ်၊ ကဗျာတွေ ကျမတို့ မြန်မာစာပေလောကမှာ အများကြီးပါ။ ဒီထဲကမှ ကုန်းဘောင်ခေတ် စာဆိုတော်ကြီး လက်ဝဲသုန္ဒရ ဦးအေး တဖြစ်လဲ၊ မဟာအတုလ မင်းကြီးရဲ့ မြန်မာ့သင်္ကြန်အလွမ်းက ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။

“ထပ်ထပ်သာစောတော့တယ်

မြကြောငယ်ရစ်သီ

ကိုက်ဖူးငယ်စီသည်

ပွင့်သိင်္ဂီရွှေရင်ခတ်ကယ်တို့

ရှစ်ရပ်ကယ်နယ်တခိုက

စိုလှတယ်လေး။

နွေခါမှီ ရာသီမိဿ

ဂီမှာနမို့၊ စိတြကြယ်တိမ်မိုးလယ်မှာ

စံပယ်ကွန့်ကာ တိမ်ဗွေချာဝယ်

ဒေသစာ လှမ်းလှည့်လည်ငယ်မြန်းလို့

နှစ်ဆန်းငယ်သင်္ကြန်

သစ်သစ်သာဖန်တော့တယ်

နိုင်ငံကြော့ ပြည်သူမှာ

ပန်ဆုယူ တာရေသွန်းချိန်မို့

လွမ်းလှတယ်လေး” ။

မြန်မာပြည်အလွမ်းတွေ ပြည့်နေတဲ့ကျမ မြန်မာပြည်ထဲက ဆယ့်နှစ်လရာသီ ပွဲတော်တွေကို နီးနီးကပ်ကပ် ခံစားချင်တဲ့ စိတ်တွေ ခန္ဓာကိုယ်ထဲက သွေးနဲ့အတူ စီးမျောနေပါတယ်။ မြန်မာပြည်ထဲမှာ နွေရဲ့အမှတ်အသား ပိတောက်နဲ့ ငုတို့ အပြိုင်ပွင့်ကြပြီ။ “ငုနဲ့ ပိတောက် နွေမှာလှိုင်ပြီ၊ စုနဲ့ခမောက် မေမှာ နိုင်ပြီ” ဆိုတဲ့ စာချိုး ၁၉၉ဝ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ပြည်သူလူထုပါးစပ်ဖျား ရေပန်းစားခဲ့တာလည်း သတိရမိတယ်။

ကျမတို့ မြန်မာပြည်သူလူထုက ခံစားချက်တွေ ခဏမေ့ပြီး စုပေါင်းလုပ်ဆောင်ခြင်း၊ စည်းရုံးခြင်းဆိုတဲ့ မိသားစုစိတ်တွေနဲ့ ပွဲတော်တွေကို ကျင်းပလေ့ ရှိပါတယ်။ ဒီထဲကမှ မဟာသင်္ကြန်ဆိုတာ လူကြီးလူငယ်မရွေး လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲတော်ပါ။ ကျမတို့ရဲ့ စိတ်အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောနိုင်တယ်ဆိုတဲ့ ခံစားသိလည်း ရှိကြတယ်မို့လား။

ဒါပေမယ့် ပွဲတော်ကို ကျင်းပပုံချင်းကတော့ ခေတ်တွေ စနစ်တွေကြောင့် မတူကြတော့ဘူး။ ကျမတို့ငယ်စဉ်က သင်္ကြန်အခါ နီးပြီဆို ပဲခူးကလာတဲ့ အတာမြေအိုးတွေ စျေးထိပ်မှာ တောင်ပုံယာပုံ။ သင်္ကြန်ကြိုဖို့ အတာအိုးတွေကို အိမ်ရှင်မတွေ စျေးကအပြန်မှာ ဝယ်ကြပြီ။ ကျမတို့ခလေးတွေအတွက် ရေပြွတ်၊ ရေပုံး၊ သင်္ကြန်ပန်းကုံးတွေကလည်း လိုချင်စရာ။ ခလေးက မိခင်ကို လက်တို့ပူဆာတိုင်း အလွယ်တကူ ဝယ်ပေးနိုင်တဲ့ခေတ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း သင်္ကြန်မှာပြိုင်ပွဲဝင်ဖို့ သင်္ကြန်ယိမ်းတွေ ကကြ၊ ခုန်ကြ၊ သံချပ်တိုင်ကြတဲ့ သင်္ကြန်ဒိုးတွေကို တိပ်ခွေနဲ့မဟုတ်ဘဲ နားနဲ့ဆတ်ဆတ် ကြားရပြီ။ ဒီလိုအချိန်ထဲက ကျမတို့ ပျော်ရတာ။ သင်္ကြန်ကျဖို့ မျှော်ရတာ။

သင်္ကြန်အကြိုနေ့မှာတော့ မြို့နယ်၊ ရပ်ကွက်အလိုက် မဏ္ဍပ်တွေမှာ သင်္ကြန်မယ်တွေ၊ ပြိုင်ပွဲဝင် သံချပ်တိုင်မယ့်သူတွေ ဝတ်စုံအပြည့် ဝတ်ဆင်ပြီး ဖွင့်ပွဲကို လာကြတယ်။ သံချပ်ကားတွေထဲက သူတို့ရဲ့ မိတ်ဆက်အခန်းလေး တခန်းလောက် ဖျော်ဖြေသွားရင်ပဲ ကျမတို့တွေ နောက်နေ့ သင်္ကြန်အကျ၊ အကြတ်၊ အတက်နေ့ကို မျှော်ကြရပါတယ်။ သံချပ်ဆိုတာ ပြည်သူတွေ နိုင်ငံရေးအသိ နှိုးကြားဖို့၊ ခေတ်ပြုပြင်ရေး၊ အစိုးရပြုပြင်ရေးနဲ့ လူထုပြုပြင်ရမှာတွေကို လူထုရဲ့ အနုပညာဖြစ်တဲ့ သံချပ်နဲ့ ခေတ်ကို ထင်ဟပ်ပြခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ သံချပ်ဆိုတာကို စစ်အစိုးရက ခွင့်မပြုတော့ပါဘူး။ ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာ သင်္ကြန်မဏ္ဍပ်တွေ မရှိတော့ပါဘူး။ သင်္ကြန်က အများပြည်သူဆင်နွှဲနိုင်တဲ့ သင်္ကြန်မဟုတ်တော့ဘူး။   

သင်္ကြန်က ကြော်ငြာသင်္ကြန်သက်သက် ဖြစ်သွားပါတော့တယ်။ ဘယ်ရေသန့်၊ ဘယ်ဘီယာ၊ ဘယ်ဆေးကုမ္ပဏီရဲ့ မဏ္ဍပ်မှာ အဆိုတော် ဘယ်သူဆိုတာနဲ့ ကြော်ငြာပြီး သင်္ကြန်ပြီးခဲ့ရပါတယ်။ မဟာသင်္ကြန်ကို ပျော်ရွှင်ဖို့ ကျမတို့ကို လူတန်းစားအလွှာ ကန့်လိုက်တယ်။ ရေပတ်ခံထွက်ဖို့၊ မဏ္ဍပ်မှာ ရေပက်ဖို့၊ မရှိမဖြစ် တယောက်ကို သောင်းချီ သိန်းချီနေတဲ့ အချိန်ပါ။ သင်္ကြန်မှာ ပျော်နိုင်ဖို့က ငွေရှိသူတွေသာ ပျော်နိုင်တဲ့ခေတ်။ ဒီလိုငွေလည်းမရှိ သင်္ကြန်ဆိုတဲ့ ပျော်ရွှင်မှုကို ခံစားချင်သူများက ဘတ်စ်ကားမြို့တပတ်စီးပြီး မဏ္ဍပ်ကြီးတွေကို ဘတ်စ်ကားပေါ်တွေကပဲ ငေးမောရတော့တယ်။

အမိမြန်မာပြည်မှာ သင်္ကြန်ရေနဲ့ တွေ့တဲ့ မြေသင်းနံ့၊ ပိတောက်ရနံ့တွေကို ရှူရှိုက်ပြီး ကျမ အနှစ် ၄ဝ ကျော်အထိ ဖြတ်သန်းခဲ့ပါတယ်။ ဒီနှစ် သင်္ကြန်ကိုတော့ ဒုက္ခသည်အဖြစ်နဲ့ ကျော်ဖြတ်ခဲဲ့ရပါပြီ။ တတိယနိုင်ငံကို ထွက်ခွာဖို့ စောင့်မျှော်နေရသူတွေရဲ့ စိတ်ဖိစီးမှု၊ စိတ်ဝေဒနာတွေက အင်မတန်မှ ကြီးပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ၊ အတွေးစုံမို့ ကျမတို့ လူမှုပြဿနာတွေကလည်း တနေ့ တမျိုး မရိုးရဘူးမို့လား။ ဒါကြောင့် စခန်းအုပ်ချုပ်သူတွေနဲ့ လူမျိုးစုခေါင်းဆာင် တာဝန်ခံတွေ သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ စီစဉ်ကြပါတယ်။

သင်္ကြန်ကို လူမျိုးစုံ ပါဝင်နိုင်အောင် ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲပုံစံ ၆ ကြိမ်မြောက် အစည်းအဝေးလုပ်ပြီး သူ့အခန်းကဏ္ဍအလိုက် တာဝန်ယူကြမယ်ပေါ့။ ကျမတို့ကို စာရေးသူတွေမို့ သတင်းနဲ့ပြန်ကြားရေးဆိုတဲ့ တာဝန်ကို ပေးပါတယ်။ ဟုတ်ပြီ။ သတင်းနဲ့ ပြန်ကြားရေးက ဘာတွေ တာဝန်ယူမလဲ။ ကျမတို့ ရဲဘော်တွေအားလုံး ဝိုင်းပြီး စဉ်းစားကြပါတယ်။ သင်္ကြန်ကို အားလုံးပါဝင်ဆင်နွှဲနိုင်အောင် လှုံ့ဆော်ရတော့မယ်။ စခန်းအုပ်ချုပ်ရေးက စက္ကူတွေ ထုတ်ပေးပါတယ်။ အဲဒီစက္ကူတွေနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှာ ပန်းချီဆရာတွေ ရေပက်ကစားနေတဲ့ ခလေးပုံတွေ ဆွဲကြပါတယ်။ အယ်ဒီတာတွေ၊ ဂျာနယ်လစ်တွေက လှုံ့ဆော်စာတွေ ရေးကြတယ်။ ဘဏ္ဍာရှာဖွေရေးကလည်း ဒိုးပတ်ဝိုင်းနဲ့ အလှူခံထွက်ကြတယ်။ ဖျော်ဖြေရေးတာဝန်ခံနဲ့ အကအဖွဲ့တွေ၊ အဆိုရှင်တွေကလည်း ရိက္ခာဆန်၊ ဆီ မရသေးတဲ့ ကိစ္စကိုလည်း မေ့ပျောက်ပြီး ဆိုကြ ကကြတယ်။

အင်ဖက်မိုး ဝါးကပ်ကာ ဒုက္ခသည်တဲစခန်းလေးတွေထဲက သင်္ကြန်သီချင်းသံတွေ ခုန်ပေါက်ထွက်လာတယ်။ ယိမ်းကမယ့် သင်္ကြန်မယ်လေးတွေ ဝတ်စုံချုပ်ကြ၊ အကလေ့ကျင့်ကြ၊ ကိုယ်လိုချင်တဲ့ သင်္ကြန်အဆင် ပိတ်စမရလို့ ပြေးကြလွှားကြနဲ့ ဒုက္ခသည်ဘဝကို ခဏမေ့နေကြတယ်။ အကျည်းတန်တဲ့ ကျမတို့ဘဝတွေကို သင်္ကြန်မှာ လှပအောင် ဖန်တီးရတာပါပဲ။

ချို့ချို့တဲ့တဲ့ကြားထဲက သင်္ကြန်မဏ္ဍပ်ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားဖြစ်အောင် ဆောက်လုပ်ပေးတဲ့ ဆောက်လုပ်ရေး တာဝန်ယူသူတွေ မနားကြရပါဘူး။ ရှိတဲ့ ဝါးနဲ့ အခင်း၊ သဲပွတ်ဖြစ်အောင် လူများစု တက်နိုင်အောင် ဒေါက်ထောက်ဖို့ မြေကျင်းတူးရတဲ့ အလုပ်က အတော်မလွယ်တဲ့ ကိစ္စပါ။ မဏ္ဍပ်မှာ နောက်ခံ အပြင်အဆင်အတွက် မိုးရေခံနိုင်အောင် ထရံလည်း ယက်ရသေးတယ်။ အဲဒီ ထရံပေါ်မှာ ပန်းချီဆရာတွေ သင်္ကြန်မတိုင်ခင်ကတည်းက ပိတောက်ပွင့်ခိုင်းကြပြီ။ ပိတောက်တွေ ရွှေရည်လူးဖို့ ရှိတဲ့ဆေးတွေနဲ့ စုတ်ချက်တင်ကြတယ်။ တကယ့်ပိတောက်ရှိတဲ့ အမိမြန်မာပြည်ကိုလည်း လွမ်းကြတာပေါ့။  အဲဒီအချိန်မှာ တကယ့်ပိတောက်ရနံ့တွေ ရလာသလို ခံစားကြရတယ်။

သင်္ကြန်ကျုဖို့ ကျမတို့ဒုက္ခသည်တွေ ကသီကရွှဲ ရှိတာလေးနဲ့ လှအောင်ဝတ်၊ နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး သင်္ကြန်အကြိုနေ့ ဖွင့်ပွဲလုပ်ကြမယ်။ တိုင်းရင်းသားတွေ ဝတ်စုံအပြည့်နဲ့ စင်ပေါ်မှာ နေရာယူမယ်။ စခန်းတာဝန်ရှိသူတွေ ပွဲတော်ကျင်းပသူတွေ ဖဲကြိုးဖြတ် ဖွင့်မယ်။ နှစ်သစ်ကူးအကြို ဆုတောင်းမယ်။ လူကြီးတွေကို သပြေခက်နဲ့ ရေပက်မယ်ပေါ့။ တကယ်တမ်းတော့ ပါးစပ်က ပြောသလောက် လက်တွေ့မှာ မလွယ်ကူခဲ့ပါဘူး။

အကြိုနေ့ ညနေ ၃ နာရီကျော်မှာ “ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွင်ရွင် မဟာသင်္ကြန် ရေသဘင်” ဖွင့်ပွဲ အခမ်းအနား စတင် ပါတော့တယ်။ ကျမတို့ကို အခါပေးမယ့် ပရောဟိတ်ဆရာလည်း ရှိပါတယ်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ဖို့ လူကြီးတွေကို ဖိတ်တဲ့အချိန်မှာ ကျမတို့မှာ ခုံ ၅ ခုံ၊ ဗန်း ၅ ဗန်း၊ ကတ်ကြေး ၅ လက်၊ ပန်းကုံး ၅ ကုံးပဲ အဆင်သင့် ရှိတယ်။ လူကြီးက ၆ ယောက်ဖြစ်နေတော့  ကျမတို့ ပြန်ကြားရေးအဖွဲ့တွေ တောင်ပြေးမြောက်ပြေး  ရှာဖွေပေမယ့် အဆင်သင့် မရှိပါဘူး။ အစီအစဉ် ကြေညာသူက အချိန်ဆွဲပြီး ကျမတို့ ပစ္စည်းရှာလို့ရအောင် တိုင်းရင်းသူလေးတွေနဲ့ သင်္ကြန်ချစ်သူတွေကို သင်္ကြန်နဲ့ ဘယ်သို့ဘယ်ပုံ မိတ်ဆက်ပေးရှာတယ်။ နောက်ဆုံး မတတ်သာတော့ ပွဲတော်ကျင်းပရေးကော်မီတီ ဥက္ကဌ ဆရာမ နော်ဒါးဒါးကို စင်ပေါ်တက်ပြီး တိုးတိုးကပ်ပြောရတယ်။ “ဆရာမ ခွင့်လွှတ်ပါ။ ကျမတို့မှာ ခုံကလွဲလို့ ကျန်တာတွေ မရှိလို့ ဆရာမကို တောင်းပန်ပါတယ်” ဆိုတော့ ဆရာမက ပြံုးပြံုးလေးနဲ့ “ရတယ်  ကျမက ကိစ္စမရှိဘူး” လို့ ဆိုရှာတယ်။

ကျမတို့လည်း ပင့်သက်ချ စိတ်အမောဖြေလို့ မပြီးခင် ပွဲတော်လာ ပရိသတ်ကို အတာရေနဲ့ ဖျန်းဖို့ အစီအစဉ် ကြေညာသူက လူကြီးတွေကို ခွင့်ပန်လိုက်တယ်။ ငွေဖလားထဲ နံ့သာထည့် ရေထည့်ပေးတော့ ငွေဖလားက နှစ်လုံးပဲ ကောင်းတယ်။ ကျန်တဲ့ဖလားတွေက ပေါက်လို့ ရေထည့်မရ၊ ဖလားနဲ့ရေကို ပြေးလွှားရှာကြတော့ အားလုံး တရုန်းရုန်း တပြံုးပြံုးနဲ့ ပြောစရာ ဖြစ်ကုန်ကြတော့တယ်။ ဘာပဲဖြစ်ဖြစ် လူကြီးတွေက ခွင့်လွှတ်အပြံုးနဲ့ “ကိစ္စမရှိဘူး။ ဒါမှ တကယ့်ဒုက္ခသည် စစ်စစ်” လို့ ဆိုရှာတယ်။ ဒုက္ခသည်တွေထဲမှာ ကရင်လူမျိုး ဒုက္ခသည်တွေက ပွဲတော်ဆိုတာနဲ့ စိမ်းနေသူတွေပါ။ စစ်ပြေးဒုက္ခသည်ဘဝနဲ့ နှစ်ပေါင်းများစွာ တောထဲ တောင်ထဲ ပြေးလွှားပုန်းရှောင် နေရသူများမို့ ဆယ့်နှစ်လရာသီ ပွဲတော်ဆိုတာတွေနဲ့ မကြံုခဲ့ရဘူးလို့ လူကြီးတွေက ပြောပါတယ်။   

ကျမတို့ သင်္ကြန်ရက်အတွင်းမှာ ဖျော်ဖြေရေးအဖွဲ့တွေ အားကျိုးမာန်တက် ကကြတယ်၊ သီချင်းတွေ ဆိုကြတယ်၊ သံချပ်တွေ တိုင်ကြတယ်။ ဆိုကြ ကကြ သံချပ်တိုင်ကြတာတွေက ဝါသနာရှင်အဆင့် မဟုတ်ဘူး၊ တကယ့်ကို အနုပညာမြောက်ပါတယ်။ အားလုံး ပျော်ရွှင်ဖို့အတွက် အသက်အရွယ်ဘေးချိပ်၊ အနုပညာ အဓိကဆိုပြီး ဆိုကြ ကကြပါတယ်။ အပင်ပန်းလည်း ခံနိုင်ကြတယ်။ ရိုးရာဓလေ့နဲ့ လိုက်ပြီး သင်္ကြန်ကို တိုင်းရင်းသားတွေ သီဆိုကပြကြတာတွေကို ကျမတို့ တနေရာထဲမှာ စုပေါင်းမြင်ကြရတာပါပဲ။ သင်္ကြန်သီချင်း၊ ကျေးလက်သီချင်းတွေက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရခိုင်သီချင်း သီဆိုတဲ့သူတွေက ပုဆိုးကွင်းသိုင်းပြီး နဖူးမှာ လက်ကိုင်ပုဝါ ချည်လို့ ဘုန်းကြီးကျောင်းသားပုံ၊ နွားကျောင်းသားပုံနဲ့ ချစ်စရာလည်းကောင်း ပျော်စရာလည်း ကောင်းလှပါတယ်။ ပရိသတ်ကပါ သူတို့ ဆိုသလို လိုက်ဆိုကြတယ်၊ လိုက်ကကြတယ်။ ရှမ်းအမျိုးသားတွေရဲ့ ဓားသိုင်းအက၊ ရှမ်းအိုးစည်အကဆိုလည်း အောက်က လိုက်ကကြတာပဲ။ မော်ဒယ်လ်လျှောက်တဲ့ နို့ဖိုးမော်ဒယ်လ်မလေးတွေရဲ့ အင်တာဗျူးအဖြေကလည်း ကျမတို့ ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို တင်ပြသွားလို့ မောစရာတွေက ရယ်စရာ ဖြစ်သွားရတယ်။

အဲဒီအထဲမှာ မော်ဒယ်လ်မလေးတယောက်ကို သင်္ကြန်ချစ်သူ “ကိုအောင်ဘညို” က “သမီးက မြန်မာပြည်ကနေ ဒုက္ခသည်စခန်းကို ဘယ်လိုလုပ်ပြီး ရောက်လာသလဲ” လို့ မေးပါတယ်။ မော်ဒယ်လ်မလေးက မိတ်ကပ် “ခင်စန်းဝင်း” အိုက်တင်နဲ့ “သမီးက စိ်န်စီသောည မင်္ဂလာဆောင်က သတို့သမီးကို မိတ်ကပ်ပြင်ပေးရတဲ့ မာမီပါ။ မာမီက သတို့သမီးကို မိတ်ကပ်ပြင်ဆင်ခ၊ ထိုင်မသိမ်း စီးကွင့်ထိုးခ ၃၅ သိန်းကျတဲ့အကြောင်း ဘောက်ချာပေးပြီး မင်္ဂလာလက်ဖွဲ့လိုက်တယ်။ ဒါကို သမီးတော်က သူ့ကို သိက္ခာချတယ်ဆိုပြီး မာမီ့ကို အမြတ်တော်ခွန် ဆောင်ခိုင်းလို်က်တာ သိန်း ၅ဝဝ ဖြစ်သွားတော့ မာမီ စည်းစိမ်ပြုတ်ပြီး ဒီရောက်လာတာပါပဲ” တဲ့။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်မြေ ကိုယ့်ရေ၊ ကိုယ့်ဓလေ့ထုံးစံကို လွမ်းလွမ်းဆွေးဆွေးဖြစ်ပြီး ကိုယ်တတ်နိုင်တဲ့ အနုပညာတွေနဲ့ အလွမ်းဖြေကြရတာပါပဲ။

ကျမတို့ ပြန်ကြားရေးနေရာကို အသက် ရ နှစ် အရွယ် ခလေးငယ်လေး စီဒီချပ်ကိုင်ပြီး ရောက်လာတယ်။ ကတုံး ဆံပင်ပေါက်နဲ့ ဆော့နေရာက လာလို့ထင်ပါရဲ့။ မျက်နှာလေးက ပေလူးလို့။ ကျမတို့ကို နံပါတ်တစ် ဖွင့်ပေးပါ၊ တက်ကချင်လို့တဲ့။ ကျမတို့ အစီအစဉ်မှာ ကြိုတင်စာရင်းပေးမထားပေမယ့် သူ့ရဲ့သတ္တိ၊ သူ့ရဲ့အနုပညာစိတ်ကို အသိအမှတ်ပြုလို့ စင်ပေါ်တင်ပေးလိုက်ကြတယ်။ သူ တကယ့်ကို ကတတ်ပါတယ်။ စင်ပေါ်က ဆင်းသွားပြီး မကြာဘူး။ သူ ပြန်ရောက်လာတယ်။ မျက်နှာမှာ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီ ဆိုပြီး ခေါင်းမှာ ပုဝါစည်းလာတယ်။ သူ ထပ်ကမယ်တဲ့။ ကြားဖြတ်အစီအစဉ် လုပ်ပေးဖို့ အချိန်မရလို့ ဘယ်လိုပဲပြောပြော မပြန်ဘူး။ ဇွဲတော့ အတော်ကောင်းတယ်။ ကျမတို့အားလုံးကို သူ လိုက်ပြောတယ်။

“သူ့အဖေ ပွဲခင်းထဲမှာ ရပ်ကြည့်နေတယ်။ အဖေ့ကို စင်ပေါ်မှာ ကပြချင်တာ” တဲ့။ ကျမတို့ကို ပွဲခင်းထဲ လက်ညှိုးထိုးပြတယ်။ သမီးကို ဘယ်အချိန် ကမလဲ၊ စင်ပေါ် မျှော်မျှော်ကြည့်နေတဲ့ သူ့ဖခင်ကို ဂရုဏာသက်ပြီး စင်ပေါ် တင်ပေးလိုက်ကြတယ်။ သူ့သမီး ဂီတသံနဲ့ စင်ပေါ်မှာကတော့ သူ့အဖေက ပြံုးပြံုးနဲ့။ စင်ပေါ်က ဆင်းလာတဲ့ သမီးကို လက်ဆွဲပြီး သားအဖနှစ်ယောက် ပြန်သွားတယ်။ ပရိသတ်နဲ့ ကျမတို့ကို ကျောခိုင်းသွားတဲ့ သားအဖ နှစ်ယောက်စလုံး ခြေထောက်မှာ ဖိနပ််အစုတ်လေးတောင် စီးမထားရှာဘူး။ အနုပညာခံစားမှုဆိုတာ လူတိုင်း ခံစားချင်ကြတာပါပဲ။ သူတို့ရဲ့ဆန္ဒကို တဒင်္ဂ ဖြည့်ဆည်းပေးလိုက်ရတဲ့အတွက် ကျမတို့အားလုံး ဝမ်းသာဝမ်းမြောက် ဖြစ်ကြရပါတယ်။

၁၃၇ဝ ကနေ ၁၃၇၁ ကို ကူးပြောင်းတဲ့ နှစ်ဆန်းတရက်နေ့မှာတော့ ကရင့်အစည်းအရုံးက သက်ကြီးပူဇော်ပွဲ လုပ်ပါတယ်။ အသက် ရဝ – ရဝ ကျော် အဖိုး၊ အဖွား ၁ဝ၅ ယောက်ကို လက်ဆောင်ပစ္စည်းတွေပေးပြီး နံ့သာရေနဲ့ ဖျန်းပါတယ်။ ကရင့်အမျိုးသား လူငယ်လေးတွေ ရိုးရာဝတ်စုံတွေနဲ့ ပွဲတော်ကို ရောက်လာတယ်။ အဖိုးအဖွားတွေကို ကရင်သင်တိုင်း ဝတ်ထားတဲ့ မိ်န်းခလေးတွေက သဖြေခက်နဲ့ န့ံသာရေကို လက်ဖဝါးထဲ သုံးခါချပေးတယ်။ လက်ခံယူတဲ့ အဖိုး၊ အဖွားတွေက လက်ဖဝါးနဲ့ မျက်နှာကနေ ခေါင်းအထိ သပ်ချပါတယ်။ လက်ဆောင်ပစ္စည်း ပေးတဲ့အချိန်မှာတော့ မိန်းခလေး ယောက်ျားလေး ၁ဝ၅ ယောက်က အော်ဂင်က ထွက်လာတဲ့ တီးလုံးသံအတိုင်း လက်ဆောင်ထုတ်ကလေးကိုင်ပြီး လမ်းလျှောက်လာကြပါတယ်။ အဖိုး အဖွားတွေ ရှေ့မှာ တယောက်ချင်း တန်းစီ ဒူးသုံးကြိမ် ညွှတ်ပြီးမှ လက်ဆောင်ထုတ်ကို လက်ထဲ ထည့်ပေးပါတယ်။ ညီညီညာညာနဲ့ စနစ်တကျ တန်းစီပြီး ဂီတသံနဲ့အတူ စည်းချက်ကျကျ လှုပ်ရှားသွားတဲ့ သက်ကြီးပူဇော်ပွဲက အင်မတန်မှ ဂန္တဝင်ဆန်လှပါတယ်။

တပေါင်း တန်ခူး မိုးသားကြူးတဲ့ ကောင်းကင်မှာ သင်္ကြန်ရက်အတွင်း တိမ်တွေက မဲလို့မှောင်လို့။ သင်္ကြန်ပွဲတော် အဆင်ပြေအောင် တိမ်ခိုးတိမ်လိပ်တွေကို ဖယ်ရှားပေးနေတာကတော့ တန်ခူးလေပါပဲ။ အဲဒီတန်ခူးလေကြောင့် သင်္ကြန်သီချင်းတွေ၊ သီချင်းသံတွေ ပျံ့လွင့်နိုင်တာပါ။

ဒီလိုနဲ့ နှစ်ဟောင်းကုန်လိ်ု့ နှစ်သစ်ကူးရင် နှစ်တွေ ခေတ်တွေနဲ့အတူ ကျမတို့အားလုံး ရှေ့ကို ဆက်လက် လျှောက်လှမ်းနေကြပါတယ်။ နှစ်ဟောင်းမှာတော့ ကျမတို့ရဲ့ အသိအာရုံခံစားမှု ဆောင်ရွက်ချက်အားလုံးဟာ ကျမတို့ ခြေရာတွေနဲ့အတူ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ။ ရှေ့ခရီးကို ဆက်လက်လျှောက်လှမ်းရင်း ခြေရာသစ်တွေ ရှိနေကြဦးမှာပါ။