တရုတ်-မြန်မာနယ်စပ် ရွေလီ-ဂျယ်ဂေါင် စျေးကွက်များအတွင်း မြန်မာပြည်အတွက် ဆက်သွယ်ရေး ပစ္စည်း မျိုးစုံ ရောင်းချပေးနေသည့် ဆိုင်ကြီးများအား စိတ်ဝင်စားသူတိုင်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
စျေးကွက်အတွင်း လမ်းသွားလမ်းလာများ လွယ်လင့်တကူမြင်တွေ့ နိုင်စေရန် လူစည်ကားရာလမ်းမကြီး ဘေးတ လျှောက်တွင် ဆိုင်ကြီးတချို့ဖွင့်လှစ်ထားရှိပြီး ဆိုင်းဘုတ်များကိုလည်း ဗမာဘာသာဖြင့်ပင် “ဆက်သွယ်ရေး ပစ္စည်းမျိုးစုံရရှိသည် ” ဟု ရေးသားချိတ်ဆွဲထားသည်ကို တွေ့မြင်နိုင်ပေသည်။
ဒါကတော့ ဆက်သွယ်ရေးနှင့်ပတ်သက်လျှင် တင်းကြပ်စွာ ထိန်းချုပ်ခံထားရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ်ရောင်းချပေးနေသည့် တရုတ်စျေးကွက်အတွင်းက အရောင်းဆိုင်ကြီးတချို့ရဲ့ မြင်ကွင်းအစပါ ။
ဆိုင်အတွင်းဝင်ကြည့်လိုက်လျှင် ဂြိုလ်တုဆက်သွယ်ရေးဖုန်းများ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက် အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများမှ အစ လမ်းလျှောက်စကားပြောစက်အဆုံး ဆိုင်တင်ရောင်းချနေတာ တွေ့မြင်ရမှာဖြစ်ပြီး လွပ်လပ်စွာဝယ်ယူ ရရှိနိူင်ပါသည်။ ဒီလိုဆိုင်များက တရုတ်စီးပွားရေး သိသိသာသာ ဖွွံ့ဖြိုးလာမှုနောက်မှ ထပ်ချပ် မကွာ လိုက်ပါလာတဲ့ အရာတစ်ခု ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်လောက်ကမှ ဒီလိုအရောင်း ဆိုင်တွေ စတင်လာခဲ့တာလို့ သိရှိသူများက ဆိုသည်။
ယခုအခါမှာတော့ နေရာအနှံ့က တရုတ်ဖုန်းဆိုင်တွေမှာ မြန်မာပြည်သူများ အတွက် မိုဘိုင်းဖုန်းများ ကော့တလက် ဖုန်းများအား အလွယ်တကူ ရောင်းချလျှက်ရှိသည်။ တရုတ်မိုဘိုင်းဖုန်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည် (မြောက်ပိုင်း) များတွင် တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် ဖုန်းအရောင်းအဝယ်လုပ်ငန်းလည်း လွန်ခဲ့သည့် (၅)နှစ်ခန့် ကာလများဆီက တစ်စခန်းထ ခေတ်စားလာခဲ့ပါသည်။
တရုတ်မိုဘိုင်းဖုန်းများအား မြန်မာပြည်စျေးကွက်များအတွင်း အရောင်းအဝယ်လုပ်ခဲ့ဘူးသူ အမျိုးသမီးတစ်ဦးက လွန်ခဲ့သည့် (၄)နှစ်လောက်က သူမရဲ့ အရောင်းအဝယ်လုပ်ခဲ့ပုံ အတွေ့အကြံုထဲက အနည်းငယ်ကိုသာ အခုလို ပြောပြသည်။
“ဆိုင်နဲ့ခင်းရောင်းတာမဟုတ်ဘူးလေ ဟိုမှာအရင် ရင်းနှီးတဲ့သူတွေဖုန်းရချင်တဲ့သူတွေကို လိုက်စပ်ပြီး ဒီကနေ သယ်ရောင်းတာပေါ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိတဲ့ အရောင်းအဝယ်သမားတွေ ကုန်သယ်တွေက ဝယ်သုံးကြ တာပေါ့”လို့ ပြောသည်။
နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက အမြဲလိုလိုစျေးကွက် အခြေအနေ ကိုမေးမြန်းစုံစမ်းပြီး လိုအပ်သည့်ကုန်ပစ္စည်းများနှင့်အရည်အတွက်ကို မှာယူတင်သွင်းနေရတာ ကြောင့် ဆက် သွယ်ရေး၏ အရေးပါမှုသည် တန်ဘိုးဖြတ်၍မရကြောင်းလုပ်ငန်းရှင်တိုင်းသဘောပေါက်ကြသည်။
အချိန်နှင့်အမျှ ပြောင်းလဲနေသည့် နှစ်နိုင်ငံ ငွေလဲလှယ်နူန်းထားများ စျေးကွက်အတွင်း ပြောင်းလဲမှု အခြေအနေ များကို အချိန်မှီသိရှိမှသာ အမြတ်အစွန်းထွက်ဖို့သေချာမှာမို့ မရှိမဖြစ် လိုအပ်ချက်ကြောင့် တတ်နိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန်ဆက်သွယ်မှုပြုကြရသည်။
လွန်ခဲ့သည့်(၁ဝ)နှစ်ဝန်းကျင်ကာလက မြန်မာပြည်မြောက်ပိုင်းတွင် တရုတ်ဖုန်းများ ယခုအချိန်ကဲ့သို့ တွင်ကျယ် စွာအသုံးပြုနိုင်ခြင်းမရှိသေးပါ။
တရုတ်ပြည်နယ်စပ်မှ မြန်မာပြည်အတွင်းပိုင်းသို့ ဖုန်းဆက်သွယ် ခေါ်ဆိုမည််ဆိုလျှင် တရုတ်ဖုန်း နှင့်မြန်မာဖုန်း တိုက်ရိုက်ဆက်သွယ်ပြောဆိုပါက တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ထက်ဝက်မျှနှင့် ညီမျှသော တရုတ်ယွမ်ငွေ ကို ပေးဆောင်ကြရသဖြင့် ကုန်သယ်များ၏ ငြီးတွားသံကိုလည်း မကြာခဏကြားကြရသည်။
နောက်ပိုင်း အချိန်များတွင်တော့ အဆိုပါ အခက်အခဲကို ကျော်လွားနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက ဗမာဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပေါင်း၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြံဆတီထွင်လာခဲ့ပုံကို ကုန််သယ်တစ်ဦးက အခုလိုပြန်ပြောင်းပြောသည် ။
“နယ်စပ်မြို့တွေပေါ့ ဒီမှာဆိုမူဆယ်လိုနေရာမျိုးမှာ မြန်မာ့ဆက်သွယ်ရေးဌာနမှာ ငွေသွင်းပြီး ဖုန်းနံပါတ်တစ်ခု သွားမှတ်ပုံတင်ထားရတယ် အဲဒီအချိန်ကတော့ မြန်မာငွေနဲ့ဆို ၅သောင်းလောက်ကျတယ် ဒီဖုန်းနံပါတ်ရလာပြီ ဆိုရင် ကိုယ်ကတရုတ်ဖုန်းနဲ့အဲဒီနံပါတ်ကိုခေါ်လိုက်ရုံပဲ ပြီးကျမှ ကိုယ်ဘယ်မြို့ကိုဆက်ချင်ပါတယ်ဆိုရင် သူတို့က အိတ်ချိန်းကနေလွဲပေးလိုက်တယ် အဲလိုပြောကြရတယ် ဒီနံပါတ်က ကိုယ့်နံမယ်နဲ့လုပ်ထားတယ်ဆိုရင် တခြား လူခေါ်လို့မရဘူး တခြားလူခေါ်တယ််ဆိုရင် မှတ်ပုံတင်ထားတဲ့ လူနံမယ်ကိုပြောပြနိူင်မှရတယ် ဗမာပြည်ထဲက ဆက်ချင်ရင်လည်း အဲဒီနံပါတ်ကိုခေါ် ဘယ်တရုတ်ဖုန်းကိုချိတ်ပေးပါဆို သူတို့ကချိတ်ပေးလိုက်တာပဲ ” လို့တချိန် က တရုတ်နယ်စပ်ဆက်သွယ်ရေးအခြေအနေကို ကုန်သယ်က ရှင်းပြသည် ။
ယခုလိုကြားခံပြီး ပြောဆိုဆက်သွယ်မှုများ ထွန်းကားလာသဖြင့် ဖုန်းပြောခစျေးနူန်းလည်း တစ်မိနစ်လျှင် မြန်မာ ငွေကျပ် (၅ဝဝ) သာပေးရ၍ ထက်ဝက်ခန့်သက်သာသွားသည်ဟု ဆိိုသည် ။
ယခုတော့ နယ်စပ်ဆက်သွယ်ရေးလောက ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဟု ဆိုနိူင်မလားမသိပါ ။ တရုတ်ဘက်ခြမ်းရှိ နယ်စပ်တစ်လျှောက် ကုန်သွယ်ရေးထွန်းကားရာ မြို့ကြီးများတွင် မြန်မာIP Star အဝေးပြောဆက်သွယ်ရေး ဖုန်းရုံများ ဖွင့်လှစ်ထားရှိလာကြသည် ။
လုပ်ငန်းရှင်တချို့ကလည်း ကိုယ်ပိုင်စျေးဆိုင်လေးများတွင် အခကြေးငွေယူ၍ ပြည်တွင်းသို့ ဆက်သွယ်နိူင်သည့် ဗမာဖုန်းများထားရှိကာ ဆက်သွယ်ရေးစီးပွားနယ်ပယ်အတွင်းသို့ တိုးဝင်လုပ်ကိုင်လာကြသည် ။
ဗမာဖုန်းတစ်လုံးကို ကျပ်သိန်း(၂ဝ)ကျော်ခန့်ဖြင့်ဝယ်ယူပြီး ကိုယ်ပိုင်စျေးဆိုင်လေးတွင် အခကြေးငွေယူ ဝင်ငွေရှာ သူများရှိလာသည် ။
ဗမာဖုန်းအချင်းချင်း ဆက်သွယ် ပြောဆိုကြရသည့် ဖုန်းဆိုင်များတွင် တစ်မိနစ်ဖုန်းပြောခ တရုတ်ငွေ (၁) ယွမ်နူန်း သာကုန်ကျသော်လည်း အသံကောင်းမွန်စွာမကြားရသည့် ဒုက္ခက မသေးလှဟု မိဘများထံ ပုံမှန်ဖုန်းပြောလေ့ရှိ သည့် မြေလပ်ပိုင်းမှ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။
ပြောဆိုကြသည့် နှစ်ဘက်စလုံးသည် အသံရှင်းလင်းမှု မရှိသဖြင့် ရန်ဖြစ်သလိုအော်နေကြရပြီး လမ်းသွားလမ်း လာ တရုတ်များကပင် အထူးတဆန်းလှည့်ကြည့်နေကြသဖြင့် ဗမာဖုန်းပြောရတာ ရှက်စရာကောင်းကြောင်း ပြောသည်။
ယခုအချိန်တွင် ယခင်ကလောက် အခြေအနေ သိပ်မဆိုးတော့ပေမဲ့ အသံကတော့ တိုးနေမြဲဟု ပြောသည် ။
ဗမာ GSM ဖုန်း ကိုယ်ပိုင်သုံးလုံးပိုင်ဆိုင်သည့် မူဆယ်က ကုန်သယ်ကြီးတစ်ဦးကတော့ တစ်ခါသုံး SIM ကဒ်များ ရောင်းချပြီးသည့် နောက်ပိုင်း အခြေအနေပိုဆိုးလာသည်ဟု ဆိုသည်။ ပြည်တွင်းဖုန်းများမှာလည်း ဖုန်းနံပါတ် တစ်ခုတည်းကို လှိုင်းခွဲ ၃ ခုခန့်ခွဲကိုင်ထားသဖြင့် အသံမှာ နားထောင်လို့မရအောင်ပင်ဖြစ် နေကြောင်း သူက ပြောပြသည်။
တရုတ်ဖုန်းများကတော့ အိမ်အတွင်းထိုင်ရာမထ အသံအုပ်အုပ်ဖြင့်ပင် ပြောနိုင်သဖြင့် ဖုန်းအော်ပြောသည်ကို တရုတ်များက အခုလို အထူးအဆန်း လုပ်ကြည့်ကြခြင်းလည်း ဖြစ်ပုံပေါ်သည်။ ဗမာဖုန်းတစ်လုံးအတွက် ကုန်ကျ သည့် ငွေကြေးပမာဏက ဗမာပြည်တွင်းတွင်ပြောနိုင်သည့် တရုတ်ဖုန်းအလုံး ၂ဝ ကျော်ကို ဝယ်ယူရနိူင်သည် အထိ စျေးနူန်း ကွာခြားပြီး လွယ်ကူစွာဝယ်ယူနိူင်မှုတွင်လည်း အတိုင်းအဆ မသိကွာခြားနေသည်။
တရုတ်နှင့်မြန်မာနယ်စပ်တစ်လျှောက် စီးပွားရေးလုပ်ငန်းများတွင် နီးနီးကပ်ကပ်လုပ်ကိုင်လာကြသဖြင့် ပြည်တွင်း မှ ကုန်သယ်များသာမက ဗမာစစ်အာဏာပိုင်များကပါ ငွေလဲနူန်းနှင့်အရောင်းအဝယ် ကိစ္စများကို မေးမြန်းနေကြရာ တွင် တရုတ်ဖုန်းဖြင့်သာဆက်သွယ်ကြကြောင်း တရုတ်နယ်စပ်ကျန်းဖုန်းမှ မြန်မာကုန်သယ်က ပြောသည်။
ဗမာစစ်အာဏာပိုင်ဝန်ထမ်းများနယ်စပ်မြို့များသို့ ပြောင်းရွေ့ခါစတွင်ဆယ်လူလာဖုန်းအားမမြင်ဘူးသည့် ဝန်ထမ်း များပင် ရှိသော်လည်း ရက်သတ္တတစ်ပတ်အတွင်း တရုတ်ဆယ်လူလာဖုန်းတစ်လုံး ကိုင်ဆောင်လာနိူင်ကြ
ကြောင်း ဝန်ထမ်းလောကနှင့်နီးစပ်သူက တရုတ်ဖုန်းပေါများနေသည့်အကြောင်းကို စပ်မိ၍ ပြောပြဘူးသည်။
တရုတ်လုပ်ငန်းရှင်များက မြန်မာပြည်အထက်ပိုင်းနေရာများတွင် လူကိုယ်တိုင်သွားရောက် ကုန်ပစ္စည်းဝယ်ယူ ခြင်း ရင်းနှီးမြုတ်နှံမှု့များပြုလုပ်ကြခြင်း ဆောက်လုပ်ရေးအလုပ်များလုပ်ကြခြင်း တို့ကြောင့် တရုတ်မိုဘိုင်း ဖုန်းဆက်သွယ် ရေး အခန်းကဏ္ဍက ပို၍အရေးပါနေရာယူလာခဲ့ခြင်းဖြစ်သည်။
တရုတ်ဆက်သွယ်ရေးကွန်ယက်များက မြန်မာပြည် (မြောက်ပိုင်း) တွင် ဖါးကန့်ကျောက်စိမ်းတွင်းများ ရွေတူးဖေါ် ရေး လုပ်ငန်းဂွင်များ သစ်ထုတ်လုပ်ရေးလုပ်ငန်းများသာမက ဗမာစစ်တပ်နှင့် စစ်အစိုးရရုံးဌာန ဝန်ထမ်းများ ကိုပါ ပိုက်ကွန် သဖွယ် ယှက်နွယ်လွမ်းခြံုထားလိုက်တော့သည်။
ယခင်က ရွာငယ်ဇနပုဒ်ဟု ခေါ်ဆိုကြရသည့် ရွေစက်တော်သွားတောလားဘွဲ့ပါ ကဗျာစာသားများအတိုင်း တော အထပ်ထပ် ချောင်းအသွယ်သွယ် ဖြတ်သန်း ခရီးဆက်ခါမှ ရောက်ရှိရသည့် ရွာသိမ်ရွာငယ်လေးများတွင်ပင် တရုတ်မို ဘိုင်းဖုန်းများက မှိုလိုပေါက်နေပြီဟု ဆိုနေကြတော့သည်။