ဝဋ်ကြွေး ရှိခဲ့လျှင် ပြေပါစေ

ဝဋ်ကြွေး ရှိခဲ့လျှင် ပြေပါစေ
by -
အောင်ကိုမင်း
“မီးပျက်နေလို့ ညီလေး၊ ဖြတ်ပိုင်းကို ညနေ ၃ နာရီလောက်မှ လာယူ” ဟု တာဝန်ကျဝန်ထမ်းက ငွေလက်ခံယူပြီး ပြောချိန် “အသုံးမကျတဲ့ပြည် နေဖို့တောင် မကောင်းတော့ဘူး” ဟု အောင်ကိုမင်းတယောက် စိတ်ထဲကနေ အသံတိတ်ဆဲလိုက်မိသည်။ နှုတ်က အသံထွက်လျှင် ...

“မီးပျက်နေလို့ ညီလေး၊ ဖြတ်ပိုင်းကို ညနေ ၃ နာရီလောက်မှ လာယူ” ဟု တာဝန်ကျဝန်ထမ်းက ငွေလက်ခံယူပြီး ပြောချိန် “အသုံးမကျတဲ့ပြည် နေဖို့တောင် မကောင်းတော့ဘူး” ဟု အောင်ကိုမင်းတယောက် စိတ်ထဲကနေ အသံတိတ်ဆဲလိုက်မိသည်။ နှုတ်က အသံထွက်လျှင်တော့ အချုပ်ထဲရောက်မှာ သေချာပေါက်။ နိုင်ငံတော် အသရေဖျက်မှု၊ ဌာနဆိုင်ရာနှင့် ဝန်ထမ်းကို စော်ကားမှု စသည်ဖြင့် အမြင်ကတ်ပုဒ် အမှုတွေ တသီကြီးနှင့် ထောင်ကျသွားမည်။

ဒီတိုင်းပြည်မှာက အပြောမတော် တခွန်း၊ အသွားမတော် တလှမ်း၊ အနေမတတ် တညနှင့် ဘဝပျက်သွားနိုင်သည်။ နှစ်ရှည်ထောင်ဒဏ်တွေ တသီကြီးနှင့် တဘဝစာ ပေးဆပ်သွားရနိုင်၏။

မြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးရုံးသို့ ယခုလအတွက် ကျသင့်သော ဓာတ်အားခ မီတာဘီလ် လာဆောင်ခြင်း ဖြစ်၏။ ဖြတ်ပိုင်းတွင် ငွေလက်ခံရရှိကြောင်း ကွန်ပြူတာစက်ဖြင့် ရိုက်ကာ ပြန်လည်ပေးရမည်။ သို့သော် မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးတွင်ပင် မီးကမလာသဖြင့် ချက်ချင်း ဖြတ်ပိုင်း ပြန်မပေးနိုင်။ ဖြတ်ပိုင်းပေးနိုင်မည့် မီးလာနိုင်သော အချိန်ကို ခန့်မှန်းကာ ပြန်လည်ချိန်းလိုက်ခြင်းဖြစ်သည်။

တိုင်းပြည်က နေဖို့တောင် မကောင်းတော့ဆိုသော်လည်း ဒီတိုင်းပြည်မှ မနေလျှင် ဘယ်သွားနေရမှန်း မသိ။ ခံနေရသော ဝဋ်ဒုက္ခတွေ ငြိမ်းစေလိုလျှင်တော့ သက်တမ်းမစေ့ခင် သေဖို့သာ ဆုတောင်းရတော့မည်။ တိုင်းပြည်နှင့်အဝှမ်း လျှပ်စစ်မီး နေ့စဉ် မှန်မှန်ရရပါစေဟု ဆုတောင်းနေလျှင်လည်း အနောက်က နေထွက်ဖို့သာ ဖြစ်နိုင်မည်။ မြန်မာပြည်တွင် မီးမှန်ဖို့ကတော့ ဒီကမ္ဘာသက်တမ်း ရှိသရွှေ့ ဖြစ်နိုင်ဖို့ မမြင်ဆိုလျှင် လွန်အံ့မထင်ပေ။ အာဏာဖင်ဆွဲ မြဲမြဲထိုင်နေမည့် ငါတို့က ဘယ်တော့မှ အပြောင်းအလဲ လုပ်ပေးမှာ မဟုတ်၍ ဖြစ်သည်။ မူမပြောင်း၊ လူမပြောင်း ယူနီဖောင်းသာ အရပ်ဝတ်အင်္ကျီအဖြစ် ပြောင်းကာ ကောင်းစားရေးသာ ဆက်လက်၍ အကောင်အထည် ဖော်နေကြပေဦးမည်။

၈၈ ခုနှစ် နောက်ပိုင်းမှစကာ ဤတိုင်းပြည်တွင် လျှပ်စစ်မီးရရှိမှု အခြေအနေက တနှစ်ထက်တနှစ် ဆိုးရွားလာခဲ့ပေသည်။

အောင်ကိုမင်းတို့ မြို့ကြီးရန်ကုန်မှာပင် မီးက အချိန်ပိုင်းပေးနေသည့် စနစ်မှ အချိန်မမှန်တော့သော စနစ်သို့ ပြောင်းလာနေပြီ။ လာရမည့်အချိန် မလာ၊ မပျက်ရသေးသော အချိန်မှာ ပျက်သွားသည်။ သူ မလာလာ၊ လာလာ ကိုယ်က စောင့်ရမှာဆိုသည့် ကိုကိုင်ဇာ သီချင်းစာသားလိုပင် ရန်ကုန် မြို့တော်သူ၊ မြို့တော်သားများမှာ လျှပ်စစ်မီးလာချိန်ကို စောင့်မျှော်နေကြရသည်မှာ ပုံပမာနှိုင်း၍ပင် မပြောချင်။ မီးလာမှ ရေတင်နိုင်မည်၊ ရေရမှ ချက်ရေးပြုတ်ရေး လျှော်ရေးဖွပ်ရေး ဆောင်ရွက်နိုင်မည်။ မီးက လာပြန်သော်လည်း ရေက မရသည့် အဖြစ်ဆိုးနှင့် ကံမကောင်းပါက ကြံုရနိုင်သေးသည်။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက် မီးလာသော်ငြား ကိုယ့်ဆီက ရေသွယ်ပိုက်လိုင်းများကို ရေတွန်းပေးသည့် စက်ရှိရာနေရာမှာ မီးပျက်နေလျှင် ရေမရနိုင်ပါ။

ရန်ကုန်မြို့တော်သားက သည်လိုငြီးငြူမိနေသည်မှာ မြန်မာပြည်အနှံ့ ရှိနေသေးသည့် မြို့၊ ရွာ၊ ကျေးလက်နေ ဘဝတူ တိုင်းသူပြည်သားများကို ကိုယ်ချင်းမစာသလိုတော့ ဖြစ်နေမည် ထင်ပါသည်။ မြန်မာပြည် အချို့နေရာများတွင် သုံးရက်နေမှ မီးက တခါသာ လာသည်။ မီးတခါလာချိန်ကလည်း ၁ဝ နာရီပင် မပြည့်တတ်ဟု သိရသည်။ နယ်များမှာက ရေတွင်းရေကန်များ ရှိနေ၍ ရေအခက်အခဲတော့ အတော်အသင့် ပြေသေးသည်ဟု ဆိုနိုင်ပေသည်။

မြန်မာပြည်အနှ့ံ ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများကလည်း ဘယ်ဆီဘယ်ဝယ် မှန်းဆကာ လွမ်းရမည် မသိနိုင်။ လျှပ်စစ်ဓာတ်အား ထွက်လာခဲ့လျှင်ကော ပြည်သူအများ သုံးစွဲခွင့် ရပါ့မလား၊ သေချာပေါက် မပြောနိုင်ပါ။ သေချာပြောနိုင်သည့်တခုက ထိုစီမံကိန်းများကြောင့် ဗိုလ်ချုပ်ကြီးများ လာဘ်စား အကျင့်ပျက်ကြသည်ပင်။ စီမံကိန်း တာဝန်ရှိသူ အဆင့်ဆင့်လည်း ကိုယ့်အိတ်ထဲ ထည့်ကြလေသည်မှာ ပြည်သူ့ အခွန်၊ နိုင်ငံဘဏ္ဏာတို့ မည်မျှဆုံးရှုံးလေပြီလဲ သိနိုင်တော့ပေ။

သည်ရက်ပိုင်းက မြန်မာနိုင်ငံမှ အထက်တန်းကျောင်းသားတို့ ဘဝအတွက် အရေးအပါဆုံး ဝင်ပေါက် တံခါးတခုဖြစ်သည့် တက္ကသိုလ်ဝင်တန်း ၁ဝ တန်းစာမေးပွဲ ဖြေဆိုနေကြသည့်အချိန်။ စာမေးပွဲရက်ကလေးတောင် မီးက မှန်အောင်မလာ။ အောင်ကိုမင်း ညီတော်မောင်တယောက်က စာမေးပွဲဝင်ဖြေနေသည့် ကျောင်းသားတယောက်။ စာမေးပွဲရက် မတိုင်ခင်ကတည်းက မီးမမှန်သဖြင့် ဖယောင်းတိုင်မီး တလှည့်၊ အယ်လ်စီဒီ မီးအိမ် တလှည့်ဖြင့် စာကြည့်ခဲ့ရသည်။ မီးမလာလျှင် အယ်လ်စီဒီ မီးအိမ်လည်း မီးအား မသွင်းနိုင်၍ ဖယောင်းတိုင်မီးပါ စစ်ကူခေါ်ရခြင်း ဖြစ်သည်။ မျက်နှာပြောင်သော လုပ်ရပ်ကတော့ စာမေးပွဲရက်အတွင်း ၆ ရက်တာမျှ ကာလပင် မီး အချိန်ပြည့် မပေးခဲ့။ ဒီဇယ်ဆီစျေးက ပြင်ပစျေးကွက်တွင် မကြံုဖူးအောင် ကျနေသည်။ မီးစက်ကြီးများဖြင့် ဒီရက်ပိုင်းလောက်လေးအတွက် မီးပေးနိုင်အောင်တော့ လုပ်သင့်သည်။ အခုတော့ လုံးဝ မသိကျိုးကျွံ ပြုထားတော့သည်မှာ တိုင်းသူပြည်သားတို့ ရှိပါသေးလားဟု မမြင်နိုင်အောင် မျက်စိကန်းနေကြလေသောကြောင့် ဖြစ်လေမလား မသိနိုင်။

တိုင်းသူပြည်သားများ ရထိုက်ခံစားခွင့်ရှိသော အခြခံ အခွင့်အရေးများဖြစ်သည့် မီးမှန်မှန်ရရှိရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ မဖန်တီးပေးနိုင်ပါဘဲနှင့် မျက်နှာပြောင်ပြောင်ဖြင့် တိုင်းပြည်ကို နှစ် ၂ဝ ကျော် အုပ်ချုပ်အာဏာယစ်မှူးလာခဲ့သည်?

အောင်ကိုမင်းကတော့ ဘုရားရှိခိုးတိုင်း အမြဲဆုတောင်းပါသည်။ မီးမှန်မှန် ရပါစေဟုတော့ မဟုတ်ပါ။ ဝဋ်ကြွေးရှိခဲ့လျှင် ပြေပါစေ၊ နောင်ဘဝ မြန်မာပြည်တွင် လူပြန်လာဖြစ်ခဲ့လျှင်လည်း မင်းဆိုးမင်းညစ် အုပ်ချုပ်မှုနှင့် ဝေးပါစေဟုသာ ….။ ။

Most read this week