နေပြည်တော်တွင် ကျင်းပသည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့အနက်မှ ၄ဖွဲ့က အစိုးရနှင့် အချက် (၅) ချက်ပါ “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်”ကို သဘောတူလက်မှတ်ရေးထိုးရာတွင် မွန်ပြည်သစ်ပါတီ NMSP မပါဝင်ခဲ့ကြောင်း ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ပါတီဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။
နိုင်ဟံသာဗိန်ခိုင်းက “ဒီလိုလက်မှတ်ထိုးမယ့် အစီအစဉ်ကို ကြိုတင်သိမထားခဲ့ဘူး၊ ကျနော်တို့ ၁၁ရက်နေ့ နေပြည်တော်ရောက်မှ အဲဒီလက်မှတ်ထိုးတဲ့ အစီအစဉ်ကို သူတို့ပြတယ်၊ ဗဟိုဌာနချုပ်ကို ပြန်တင်ပြရတာပေါ့၊ ပထမ သိထားတာက UNFC တောင်းဆိုထားတဲ့ အစီအစဉ်နဲ့ လက်မှတ်ထိုးမယ်ဆိုတယ်၊ အခုမှ ဒီအစီအစဉ်ဖြစ်လာတော့ ကျနော်တို့ဘာမှ အဆုံးအဖြတ်မပေးဘူး” ဆိုသည်။
အဆိုပါ ကတိပြုချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းကတိပြု လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းတွင် ပြန်လည်ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ တစ်ချို့သော အဖွဲ့အစည်းများသည် UNFC၏ သဘောထားအတိုင်းရပ်တည်သွားမည်ဟု သိရသည်။
နိုင်ဟံသာဗိန်ခိုင်းက “ဒီကတိပြုလွှာကိုတော့ အစိုးရဘက်က အချိန်အကန့်အသတ် လုပ်ထားတာမရှိဘူး၊ အဆင်ပြေတဲ့ အချိန်မှာ လက်မှတ်ထိုးနိုင်ဖို့ကို တံခါးဖွင့်ထားပေးတယ်” ဟု ဆက်ပြောသည်။
အဆိုပါ ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ဖွဲ့ကို အစိုးရက ဖိတ်ကြားခဲ့သော်လည်း ၁၃ဖွဲ့သာ တက်ရောက်ခဲ့ရာတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင်အဖွဲ့အစည်း အားလုံး တက်ရောက်မှု မရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကတိပြုချက်ကို အစိုးရဘက်မှ နိူင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ (၂)ဦး၊ လွှတ်တော် ဥက္ကဌ (၂)ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ အစိုးရဝန်ကြီး (၁၅)ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ် (၃)ဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီး (၃)ဦး၊ နိုင်ငံရေးပါတီ (၆၁)ပါတီအနက် (၅၅)ပါတီ၊ တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉)ဦးတို့ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်် (NCA)ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်သည့် ဆွေးနွေးပွဲ အဖြစ် ဖြေရှင်းရန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံးရေးဆွဲပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် စစ်ပွဲများမဖြစ်ပေါ်စေရန် နှစ်ဖက်တပ်များ ထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးတို့ပါဝင်သည်။
တဖက်တွင်လည်း UNFC၏ ဖေဖေါ်ဝါရီလ ၁၁ရက် ထုတ်ပြန်ချက်တွင် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ သမိုင်းဝင်နေ့ထူးနေ့မြတ်၌ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အထောက်အကူပြုစေရန် (NCA)ကို အမြန်ဆုံးလက်စသတ်၍ အတည်ပြုလက်မှတ် ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပ၍ တိုင်းပြည်၏ အခြေခံနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရအဖြေရှာ ရန် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုနေ့တွင် ကတိကဝတ်ရေးထိုးရေးဆွေးနွေးနေစဉ်။