သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်

သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်
by -
မွန်အေဂျင်စီ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ နိုင်ဟံသာ ဦးဆောင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီ ၃၄ခုတို့သည် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွက် မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ဒီလိုသုံးပွင့်ဆိုင်ပုံစံတွေ့ဆုံမှုက ဒါပထမဆုံးလို့ ပြောလို့ရပါတယ်၊ အဓိကကတော့ ကျနော်တို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေတွေကိုတင်ပြပြီး နိုင်ငံရေးပါတီဘက်က ဆန္ဒအမြင်တွေကို တောင်းဆိုတာပါ” ဟု နိုင်ဟံသာက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

18

နိုင်ငံရေးပါတီဘက်မှလည်း ငြိမ်းချမ်းရေးတည်ဆောက်သည့် နေရာတွင် မည်သို့မည်ပုံ ပြုလုပ်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် အဓိကအားဖြင့် တိုင်းရင်းသားပါတီများနှင့် အရေးကြီးသည့် ပါတီများသာပါဝင်ကြောင်း သိရသည်။

“နိုင်ငံရေးပါတီတွေကလည်း လက်ရှိဆွေးနွေးနေတဲ့ အချက်ထဲက ဖက်ဒရယ်မူ သဘောတူညီမှုအပေါ် ထောက်ခံပြီး၊ ရှေ့ဆက်နိုင်ငံရေးဆွေးနွေးတဲ့အခါမှာလည်း စိတ်ရောကိုယ်ပါ ပါဝင်သွားမယ်ဆိုတာကိုလည်း တင်ပြခဲ့တယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အနေဖြင့် အချက်နှစ်ချက်ကို တင်ပြဆွေးနွေး အကြံပေးသကဲ့သို့ ကျန်ရှိသည့် ပါတီများမှာ မိမိတို့ပါတီ သဘောထားအသီးသီးကို တင်ပြခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC နိုင်ချမ်းတွဲ့က IMNA သို့ ပြောသည်။

နိုင်ချမ်းတွဲ့က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုပြီးအောင်မြင်ဖို့အတွက် UPWC ရော NCCT ပါ နှစ်ဘက်စလုံး ကနေပြီး သဘောတူညီထားတာတွေ၊ ကျန်ရှိနေသေးတာတွေကို ပြည်သူလူထုတွေနဲ့ နိုင်ငံရေးပါတီတွေသိရှိဖို့ ရှင်းလင်းပွဲတွေ လုပ်ပေးသင့်တယ်၊ နောက်တစ်ချက်က Political Dialogue Frame Work လုပ်နိုင်ဖို့ အတွက် Negotiation Team လိုအဖွဲ့မျိုး ဖွဲ့သင့်တယ်” ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၅-၁၇ ရက်များတွင်လည်း UPWC နှင့် NCCT တို့ သုံးရက်တာ တွေ့ဆုံမှုတွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုမူကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် အချက်ကို အစိုးရဘက်မှ မူအားဖြင့်လက်ခံသည်ဟု ဆိုသည်။

အစိုးရဘက်မှ အထက်ပါအချက်များကို မူအားဖြင့်လက်ခံ၍ ကျန်ရှိသေးသည့်အချက်များကို နိုင်ငံရေးဆွေးနွေး ပွဲတွင် ချမှတ်သည့် ဆုံးဖြတ်ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

ထို့အပြင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုယ်စားလှယ်များပါဝင်သော ညစာစားပွဲတစ်ရပ် MPC ၌ ယနေ့ညပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီယားလည်း တက်ရောက်မိန့်ခွန်း ပြောကြားမည်ဟု သိရသည်။

Most read this week