၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအာစီယံအလှည့်ကျဥက္ကဌဖြစ်လာသဖြင့် အာစီယံနှင့်ပတ်သက်သောအစည်း အဝေးများ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိရာ အာစီယံလူငယ်ထုတွေ့ဆုံပွဲ Asean Youth Forum ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။
အရှေ့တောင်အာရှဆယ်နိုင်ငံမှ လူငယ် ၂၀၀ ကျော် ပါဝင်သည့် အဆိုပါ ရ ကြိမ်မြောက် အာဆီယံလူငယ်ထုတွေ့ဆုံပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၃ ရက်ကြာ ကျင်းပခြင်းဖြစ်သည်။
လူငယ်ဖိုရမ်ဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးဖြစ်သည့် မသဥ္ဇာရွန်းလဲ့ရည်က “၂၀၁၅ အာဆီယံ One community ကြီး စတင်အသက်ဝင်လာမယ်၊ ဆယ်နိုင်ငံလုံးက အသိုက်အဝိုင်းတစ်ခု One community ဆိုတာမျိုးတွေ၊ အစိုးရက စတင်ပြောလာနေတဲ့ အချိန်မှာ ကျမတို့ လူငယ်တွေတတ်နိုင်တဲ့ဘက်က ဝင်ရောက်ပြီး အာဆီယံ community ဆိုတာ ငါတို့နဲ့လည်း သက်ဆိုင်တယ်၊ အာဆီယံဆိုတာ ငါတို့လည်းပါဝင်နေတယ်၊ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုကို အာဆီယံမှာဖော်ဆောင်သွားမယ်” ဟု ပြောသည်။
ယခုကျင်းပလျက်ရှိသည့် ၂၀၁၄ အာစီယံလူငယ်ထုတွေ့ဆုံပွဲတွင် လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်ဒီမိုကရေစီ၊ လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အဓိကထားဆွေးနွေးကြမည်ဟု အခမ်းအနားအစီအစဉ်တွင် ဖေါ်ပြထားသည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်မင်းကိုနိုင်က အာစီယံလူငယ်ထုတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းနားသို့ မိန့်ခွန်းတက်ရောက်ပြောကြားရာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပညာကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းဖြစ်စေရန် အာစီယံလူငယ်များကြိုးစားပေးစေရန် တိုက်တွန်းပြောကြား ခဲ့သည်ကို သတင်းဌာများက ရေးသားဖေါ်ပြကြသည်။
ထို့အတူ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပေးပို့သောသဝဏ်လွှာ၌ မြန်မာလူငယ်များနိုင်ငံပြုပြင် ပြောင်းလဲရေးတွင် လက်တွေ့ကျကျ ပါဝင်လာရန်နှင့် လူငယ့် အကြံပြုချက်များကို အစိုးရထံ ထိရောက်စွာ ပေးပို့နိုင်ရန်အတွက် မြန်မာလူငယ်စင်တာတစ်ခု ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ယင်းလူငယ်စင်တာသို့ ပြည်ထောင်စု ဝန်ကြီး များကို ပုံမှန်စေလွှတ်၍ လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန် ရည်ရွယ်ထားကြောင်း တွေ့ရှိရသည်။
၄င်းအပြင် အာစီယံနိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ယခုကြုံတွေ့နေရသော ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ စိန်ခေါ်မှုများကိုကို ကြံ့ကြံ့ခံဖြေရှင်းရန်မလွယ်ကူသော်လည်း အာစီယံနိုင်ငံအားလုံးပူးပေါင်းခြင်းဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှ ရရှိနိုင်သောအကျိုးကျေးဇူးများကို အမြင့်ဆုံးခံစားနိုင်ပြီး စိန်ခေါ်မှုများ၊ အန္တရာယ်များကို အနိမ့်ဆုံးလျော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ရလာဒ်ကောင်းများ ရရှိနိုင်အောင်ဆောင် ရွက်နိုင်ရန်အတွက် အာစီယံနိုင်ငံများအကြား ထိတွေ့ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆောင်ရွက်သွားကြမည်ဖြစ်သောကြောင့် ယခုကဲ့သို့ အာစီယံလူငယ်တွေ့ဆုံပွဲများသည် အာစီယံ၏အနာဂတ်အတွက် အလွန်အရေးကြီးသည်ဟု သမ္မတ၏သဝဏ်လွှာတွင် ဆက်လက်ဖေါ်ပြထားသည်။
လာမည့်မေလအတွင်းကျင်းပမည့် အာဆီယံထပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည့်လူငယ်ကိုယ်စားလှယ် ၂၀ ဦးကို ယခုအာစီယံလူငယ်ထုတွေ့ဆုံပွဲက ရွေးချယ်မည်ဖြစ်ပြီး ၂၀၁၄ အာစီယံလူငယ်ဖိုရမ်၏ ထုတ်ပြန်ကြေ ညာချက်ကိုလည်း အာဆီယံခေါင်းဆောင်များအား တွေ့ဆုံတင်ပြကြမည်ဟု ညီလာခံဖြစ်မြောက်ရေးကော် မတီတာဝန်ခံ ကိုသက်ဆွေဝင်းထံမှ သိရသည်။
အလားတူ မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ ဖိုရမ်ကိုလည်း မတ်လ ၁၇ နေ့မှစတင်၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံမျက်မမြင်များ မိတ်သဟာယအသင်းတွင် ၃ ရက်ကြာ ကျင်းပလျက်ရှိသည်။