မြဝတီတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်ထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ

မြဝတီတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်ထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ
by -
မွန်အေဂျင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ ဂိမ်းဆိုင်တစ်ခု၌ ဒီကေဘီအေတပ်ဖွဲ့ဝင်တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၁၅ ပြားများကို စက်တင်္ဘာ ၄ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု မူးယစ်(အထူး)ရဲတစ်ဦးက ပြောသည်။

မြဝတီခရိုင်ရဲ၊ မူးယစ်(အထူး) ၊ မြို့မစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာလမ်းရှိ ဦးဇော်ဝင်းရှိန် နေအိမ်ဂိမ်းဆိုင်ကို ထိုနေ့မွန်းလွဲပိုင်းတွင် ရှောင်တခင်ဝင်ရောက်ရှာဖွေရာ ဒီကေဘီအေတပ်ကြပ်ကြီး အောင်နိုင်စိုး၏ ဘောင်းဘီတိုအိပ်ကပ်ထဲမှ ယင်း WY စာတမ်းပါဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က စီမံချက်အရ ဂိမ်းဆိုင်တွေလိုက်ဖမ်းရင်း မူးယစ်ဆေးပြားတွေပါ မိခဲ့တာပါ၊ သေနတ်ငယ်တစ် လက်နဲ့ကျည်ဆံတွေပါ မိခဲ့တယ်” ဟု အဆိုပါ မူးယစ်(အထူး)ရဲက ပြောသည်။

မူးယစ်ဆေးပြားများအပြင် ပွိုင့် ၂၂ ပစ္စတိုတစ်လက်နှင့်ကျည် ၁၇ တောင့်ကို ဖမ်းဆီးရမိသဖြင့် ယင်းဒီကေ ဘီအေတပ်ဖွဲ့ဝင်အား မြဝတီမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီ ဒီကေဘီအေ ဆက်ဆံရေးရုံးအား ဆက်သွယ်သော်လည်း တာဝန်ခံ ဖြေကြားခြင်းမရှိပေ။