မီဒီယာဥပဒေကြမ်းပြင်ဆင်ရန်အတွက် မွန်ပြည်နယ်တွင်ဆန္ဒလက်မှတ်စတင်ကောက်ယူ

မီဒီယာဥပဒေကြမ်းပြင်ဆင်ရန်အတွက် မွန်ပြည်နယ်တွင်ဆန္ဒလက်မှတ်စတင်ကောက်ယူ
by -
မွန်အေဂျင်စီ

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲထားသည့် မီဒီယာဥပဒေကြမ်းအား ပြန်လည်ပြင် ဆင်ပေးရန် ယနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆန္ဒလက်မှတ်များ စတင်ကောက်ယူလျှက်ရှိကြောင်း မြန်မာနိုင်ငံတောင်ပိုင်း မီဒီယာကွန်ယက်မှ ကိုကြည်ဇော်လွင်က ပြောသည်။

ကိုကြည်ဇော်လွင်က “ ကျနော်တို့ လွတ်လပ်သော သတင်းမီဒီယာဥပဒေ ပေါ်ထွန်းရေး နဲ့ပတ်သက်ပြီး ပြည်သူဆန္ဒ လက်မှတ် ကောက်ယူဖို့အတွက် စတင်လှုပ်ရှားနေပါတယ်” ဟု ပြောသည်။

ဆန္ဒလက်မှတ်ကောက်ခံရာတွင် မြန်မာနိုင်ငံတောင်ပိုင်း မီဒီယာကွန်ယက်အဖွဲ့ဝင် ၂၅ ဦးတို့သည် တူညီဝတ်စုံများဖြင့် ယနေ့ မနက် ၉ နာရီခွဲခန့်တွင် မော်လမြိုင်တက္ကသိုလ် တဝိုက် စတစ်ကာများ ကပ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်အကြောင်းများကို ရှင်းလင်းခြင်းနှင့် ဆန္ဒလက်မှတ်များ ကောက်ခံခြင်းတို့ လုပ်ဆောင်ကြကြောင်း သိရသည်။

ကိုကြည်ဇော်လွင်က “ ပြည်သူတွေကတော့ ရှင်းပါတယ် ဒီဥပဒေအကြောင်းကို သူတို့မသိဘူးတဲ့၊ ဒါပေမဲ့ လွတ်လပ်မှုရှိမယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး လက်မှတ်ရေးထိုးပေးပါတယ်” ဟု ပြောသည်။

ဆန္ဒလက်မှတ်ကောက်ယူမှုတွင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်များကွန်ရက်၊ မြန်မာနိုင်ငံသတင်းစား ဆရာများအသင်း (မွန်ပြည်နယ်)နှင့် မွန်ပြည်နယ် မီဒီယာအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာဂျာနယ်လစ် ကွန်ယက်၏ “လူထူသတင်းမှန်ရရှိရေး- မီဒီယာဥပဒေလွတ်လပ်ခွင့်ပေး” ဟူသော ခေါင်းစဉ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်သို့ ဆက်လက်တင်သွင်းရန် ပြင်ဆင်လျှက်ရှိသည့် မီဒီယာဥပဒေကြမ်း အတည်ပြုနိုင်ရန်နှင့် ပုံနှိပ်/ ထုတ်ဝေ ဥပဒေမူကြမ်းအား ပြန်လည်ပြင်ဆင်ပေး ရန်အတွက် ပြည်သူများထံမှ ဆန္ဒလက်မှတ် ကောက်ယူသွားမည် ဖြစ်ကြောင်းကို လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကြေညာချက် တရပ် ထုတ်ပြန်ထားသည်။

၎င်းကြေညာချက်တွင်း စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသည့် သတင်မီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်အား ပြန်လည်ပြင်ဆင်ရန်နှင့် သတင်းစာဆရာများ ကန့်ကွက်နေသည့် ပုဒ်မများ ပါဝင်နေသည့် ပုံနှိပ်/ထုတ်ဝေ ဥပဒေကြမ်းအား ဇူလိုင်လ ၄ ရက်နေ့တွင် အောက်လွှတ်တော်မှ အတည်ပြုလိုက်သည့်အတွက် သတင်းလွတ်လပ်ခွင်အတွက် နောက်ပြန်ဆွဲနေသည့် အချက်များ ပါဝင်သည်။

နိုင်ငံတကာ မြန်မာ့သတင်း (Burma News International – BNI) မှလည်း အောက်လွှတ်တော်မှ အတည်ပြု လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား ကန့်ကွက်သည့် ကြေညာချက် တစ်စောင်ကို ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။