မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုပိုမိုများပြားလာ

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုပိုမိုများပြားလာ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်အတွင်း ယာဘ စိတ်ကြွဆေးများ ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာနေကြောင်း မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ Bitter Pill “ဆေးခါး” ယခုလထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။

ယင်းစိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသူအများစုသည် အပစ်အခတ် ရပ်စဲထားသည့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရတပ်ဖွဲ့အာဏာပိုင်များတို့နှင့် ပါဝင်ဆက်နွယ်မှုရှိသည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “ ပါဝင်ပတ်သက်နေတယ်ဆိုတာက အဖွဲ့အစည်းရဲ့ မူဝါဒအရတော့မဟုတ်ပါဘူး၊ အဖွဲ့အစည်းထဲမှာပါဝင်နေတဲ့ လူတချို့ရဲ့ပုဂ္ဂိုလ်ရေး စီးပွားရေးအတွက်လုပ်တာပါ”ဟု ပြောသည်။

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ Bitter Pill “ဆေးခါး” အစီရင်ခံစာ(HRFOM)

ရာဘစိတ်ကြွဆေးအပြင် အခြားမူးယစ်ဆေးရွက်များဖြစ်သော “ကရထောင်” ခေါ် ဘိန်းစာရွက်နှင့် ဆေးခြောက်ရွက်များကိုလည်း အထက်တန်းကျောင်းသားများမှ တက္ကသိုလ် ကျောင်းသားများအထိ သုံးစွဲလာနေကြောင်း သိရသည်။

ဒေသအတွင်းပေါက်ဈေးအရ ရာဘစိတ်ကြွဆေးတစ်ပြားသည် ကျပ် ၃၀ဝဝ မှ ၅၀ဝဝ အကြားရှိပြီး ဘိန်းစာရွက်တစ်ရွက်လျှင် ကျပ် ၅၀ မှ ၁၀ဝ အထိဝယ်ယူသုံးစွဲခဲ့ကြောင်း မွန်ပြည်နယ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ဒီစိတ်ကြွဆေးတွေရောင်းဝယ်နေတာနဲ့ပတ်သက်တဲ့ အစီအရင်ခံစာကိုရေးရတာက ပြည်သူတွေရဲ့ အသံကို အခြေခံထားတာဖြစ်တယ်၊ ဒီမူးယစ်ဆေးဝါးတွေဟာ မွန်ပြည်နယ်မှာတော်တော်ပျံနှံ့နေပါပြီ၊ ဒါကို နိုင်ငံတော်အစိုးရက ထိရောက်စွာအရေးယူပေးသင့်တယ်” ဟု နိုင်အဲမွန်က ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲလာမှု မြင့်တက်လာခြင်းအကြောင်းအရင်းများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အကျင့်ပျက်လာဘ်စားမှုများလည်းပါဝင်ပတ်သက်နေပြီး ထိရောက်သောအရေးယူ ဆောင်ရွက်မှုများပြုလုပ်နိုင်ခြင်းမရှိခြင်းကြောင်းကိုလည်း မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ Bitter Pill “ဆေးခါး” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့၌ WY စာတန်းပါ စိတ်ကြွဆေးပြားကျပ်သိန်း ၁၃၀ဝ ကျော်ဖမ်းဆီးမိခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျပ်သိန်း(၁၇၅၀) ကျော်တန်ဘိုးရှိ စိတ်ကြွဆေးပြားများပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ရာ ဇွန်လ ၁၆ ရက်မှ ၂၃ ရက်အတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှူ ဖြစ်စဉ်ပေါင်း ၁၀ မှူရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှာ ဇွန်လ ၂၆ ရက်နေ့၌ တစ်ပြိုင်တည်းကျင်းပမည်ဟု သတင်းထုတ်ပြန်ထားသည်။

Most read this week