မဟာဆံမုန်တိုင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင်ပြင်ဆင်မှုမရှိသေး

မဟာဆံမုန်တိုင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင်ပြင်ဆင်မှုမရှိသေး
by -
မွန်အေဂျင်စီ

လတ်တလော ဘင်္ဂလားပင်လယ်အော်တွင်ဗဟိုပြုလျှက်ရှိသည့် မဟာဆံ MAHASEN ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ပင်လယ်ကမ်းစပ် ဒေသတွင်များတွင် ပြင်ဆင်ထားမှုများ မရှိသေးကြောင်း ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မဟာဆံမုန်တိုင်းနှင့်ပတ်သက်၍ JWCT၏ ယနေ့ဖေါ်ပြချက်(JWCT)

“သတင်းတချို့မှာက မုန်တိုင်းက မြန်မာပြည်ကို ဝင်ရောက်ဖို့ မရှိတော့ဘူးလို့ ကြားရတဲ့အတွက် ကျနော်တို့ အနေနဲ့ကလည်း စိတ်အေးပြီး နောက်ထပ် ပြည်သူတွေကို သတင်း ထပ်မပေးတော့ပါဘူး” ဟု သူက ပြောသည်။

ဘီလူးကျွန်းဒေသခံများအနေဖြင့် ယခုကျရောက်မည့်မုန်တိုင်းအခြေအနေကို မသိရှိကြကြောင်း၊  သတင်းကြားသိ နားလည်သူတွေအနေဖြင့် ပြင်ဆင်မှုများပြုလုပ်ထားကြကြောင်း၊ အစပိုင်းက စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသော်လည်း သတင်းတစ်ချို့ဖေါ်ပြချက် တွင် ၎င်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် မရှိတော့ဟုဆိုသဖြင့် ပူပင်မှုများ လျော့သွားကြောင်း သူကပြောသည်။

“ကျနော်တို့ ဘီလူကျွန်းက အဓိက ပင်လယ် ကမ်းစပ် ဒေသမှာ ရှိတဲ့ ရွာတွေကို နေရာ ပြောင်းရွေ့ဖို့ အတွက်ကို ပိုပြီး သတိပေးထားပါတယ်၊ ပိုပြီးတော့လည်း ဦးစားပေးထားပါတယ်၊ ဖြစ်လာရင်တော့ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ရွာတွေကပိုပြီး အန္တရာယ်သက်ရောက်နိုင်တယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆက်ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့အခြေစိုက် ရေလုပ်ငန်းနှင့်မွေးမြူရေးဌာန တာဝန်ရှိသူတစ်ဦးက မိမိတို့ အနေဖြင့် ငါးဖမ်းထွက်သည့် လှေများကို မုန်တိုင်းကျရောက်မည့်သတင်းများပေးထားပြီး ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းတွင် ခေတ္တဝင်ရောက် နားနေရန် အကြံပြုထားသည်ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ်၊ ကရင်သောင် ကျေးရွာသူတစ်ဦးက“မုန်တိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတော့ မရှိပေမဲ့ ရေဒီယိုတွေကနေတော့ သတင်းတွေကို နာထောင်နေပါတယ်၊ တစ်ခြား ပြင်ဆင်မှု လုပ်ဖို့ ကို ဘယ်သူကမှ အသိပေးတာ မရှိသေးပါဘူး” ဟု ပြောသည်။

ယနေ့ နောက်ဆုံး တိုင်းတာ ချက်အရ MAHASEN (01B) မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဗဟိုပြုပြီး မြောက်ဘက်သို့ တစ်နာရီ ၁၀ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားနေရာမှ ယခုအချိန်တွင် အရှေ့မြောက်ဘက် သို့ စတင်ချိုးကွေ့၍ ဆက်လက်ရွေ့ လျားမည်ဖြစ်ကြောင်း MMWEATHER ဘလော့တွင် ဖော်ပြထားသည်။

JTWC လမ်းကြောင်း သတိပေးချက် warning # 11 တွင် မေလ ၁၆ ရက်နေ့ ညလယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဗဟိုလေတိုက်နှုန်း ရ၀ နော်တီ ကယ်မိုင် ရှိနေရာမှ ကုန်းတွင်းသို့ မဝင်ရောက်မီ အနည်းငယ် အားလျှော့သွားနိုင်ကြောင်း ခန့်မှန်း ထားပြီး ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ပြီးသည်နှင့် မြေပြင်အနေအထားကြောင့် ချက်ချင်း အားပျော့ပျက်ပြယ် သွားနိုင်ကြောင်း JTWC မှ ခန့်မှန်းထားသည်။

Most read this week