မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရမှ ဦးဆောင်၍ မွန်ပြည်နယ်ခန်းမတွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သံလွင်တိုင်းမ် အယ်ဒီတာ ကိုမင်းမင်းက ပြောသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဥက္ကဌ၊ ပြည်နယ် လွှတ်တော်အမတ်များ၊ ဝန်ကြီး နိုင်လွဝီအောင်၊ လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ကြကြောင်းနှင့် တက်ရောက်သူ ပေါင်း ၅၀ဝ ဝန်းကျင်ခန့် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကိုမင်းမင်းက “ပြခန်းတွေနဲ့ကို ပြည့်နှက်နေတာပဲ၊ ပြခန်းပေါင်း ၅၀ ဝန်းကျင်လောက်ကိုရှိတယ်၊ ဟိုတုန်းကလို အရမ်းစည်စည်ကားကား မဟုတ်ပေမယ့် အခုပြည်နယ်ခန်းမမှာ လုပ်တာလည်း သိပ်မနည်းပါဘူး” ဟု ပြောဆိုသည်။
အခမ်းအနား အစီအစဉ်တွင် မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်မှ အမှာစကား ပြောကြားခြင်း၊ လင်းမောင်မောင် (ရုပဗေဒ ဌန) မှ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို ဖတ်ကြားခြင်း၊ မင်းအောင်မွန်မှ မွန်ပြည်နယ် အလှအပအကြောင်းကို တင်ပြခြင်း၊ ပြည်နယ်စွမ်းဆောင်ရှင်ဆု ပြည်နယ်ဂုဏ်ဆောင်ဆု တွေကိုပေးအပ်ခြင်း အစီအစဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
“ဆုပေးပွဲမှာတော့ ပြည်နယ်တွင်းမှာ ပြည်နယ်ရဲ့ဂုဏ်ရောင် ထွန်းပြောင်ဖို့အတွက် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရော အဖွဲ့အစည်းတွေကိုရော ဆုပေးပါတယ်၊ ဆုပေါင်းမြောက်များစွာပေးတယ်၊ အဲဒီအထဲမှာမှ သံလွင်တိုင်းမ် ဂျာနယ်က ပညာရပ်ဆိုင်ရာ မွန်ပြည်နယ်ရဲ့ စွမ်းဆောင်ရှင်ဆုကို ရရှိခဲ့သလို အကောင်းဆုံး စာနယ်ဇင်းဆုကို ရခဲ့ပါတယ်” ဟု ကိုမင်းမင်းက ဆက်ပြောသည်။
မွန်ပြည်နယ်နေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ် စဲရေး သဘောတူညီမှု ရယူထားသည့် ၁၉၉၆ ခုနှစ်က စက်စဲကမ်းခြေ၌ ကျင်းပခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ ပေါ်ပေါ်က်လာခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ခေတ်က မွန်ပြည်နယ်နေ့ အခမ်းအနားကို မတ်လ (၁၉) ရက်နေ့ ရောက်တိုင်း စည်ကားစွာ ကျင်းပခဲ့သည်။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံတွင် လက်ရှိမွန်ပြည်နယ်ကို တနင်္သာရီတိုင်း (၁) ဟု သတ်မှတ်ခေါ်တွင်ခဲ့ပြီး လက်ရှိ တနင်္သာရီတိုင်ဒေသကြီးကို တနင်္သာရီတိုင်း (၂) ဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။
လက်ရှိမွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင် (၆) မြို့နယ်၊ သထုံခရိုင် (၄) မြို့နယ် စုစုပေါင်းမြို့နယ် (၁၀) ခု ပါဝင်ပြီး မြို့တော်မှာ မော်လမြိုင်ဖြစ်သည်။