၃၁ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိမွန်စာဖြေပွဲကျင်းပမည်

၃၁ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိမွန်စာဖြေပွဲကျင်းပမည်
by -
မွန်အေဂျင်စီ

မွန်ဆရာတော်ကြီးများကြီးမှူးသည့် ရာမညနိကာယ ပရိယတ္တိမွန်စာပြန်ပွဲကို အလှူရှင်များ၏စေတနာလှူဒါန်း ထောက်ပံ့ မှုဖြင့်နှစ်စဉ်ကျင်းပလာရာ ယခုနှစ်တွင်(၃၁)ကြိမ်မြောက်ရှိ လာပြီးဖြစ်သည်။ ယင်းစာဖြေပွဲကို ၁၃၇၄ ခုနှစ် တပို့တွဲလကွယ်၂၀၁၃ ခုနှစ်မတ်လ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မော်လမြိုင်မြို့သာသနာ့ ၂၅၀ဝ ကျောင်း၌ ကျင်း ပသွားမည်ဟုသိရသည်။

ရာမညနိကာယပရိယတ္တိစာဖြေပွဲကိုပါဠိ၊ အဌကထာ၊ ဒီကာ များကို မွန်ဘာသာဖြင့် ဖြေဆိုရသည့် စာဖြေပွဲ ဖြစ်ပြီး ဒေသမရွေး သီတင်းသုံးနေသည့်ရဟန်း၊ သာမဏေ၊ သီလရှင်များသည် မွန်ဘာ သာဖြင့်သာ ဝင်ရောက်ဖြေဆိုရသည့် စာဖြေပွဲတော်ဖြစ်သည်။

“စေတနာရှင်ဒါယကာများရဲ့ ထောက်ပံ့မှုနဲ့ ရာမညနိကာယ မွန်ပရိယတ္တိစာဖြေပွဲကို နှစ်စဉ်ကျင်းပခဲ့တာ အခု နှစ်ဟာ (၃၁)ကြိမ်ရှိခဲ့ပြီ၊ ယခင်နှစ်က စာဖြေမွန်သံဃာ၊ သာမဏေနဲ့ သီလရှင် ၅၆ ပါးအပါဝင်၊ အပါးရေ ၁၇၀ဝ ခန့်ရှိခဲ့တယ်” ဟု  မွန်ပရိယတ္တိစာဖြေပွဲ ကျင်းပရေးကော် မတီ ဥက္ကဌ နိုင်ချစ်ငွေ ကပြောသည်။

ယခုနှစ်စာဖြေသံဃာ အပါးရေသည် ယခင်နှစ်ကထက် ပိုလာနိုင်သလို သီလရှင် အပါးရေလည်း ပိုနိုင်လာနိုင် သည်၊ ဆွမ်းကွမ်းအတွက်လည်း ပြည့်စုံအောင် ဒါယကာများဘက်က စီစဉ်ထားသည်ဟု ပြောသည်။

ယခုနှစ်မှာ စာဖြေသံဃာ၊ သာမဏေနှင့် သီလရှင်များ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ စာဖြေ သံဃာ၊ သာမဏေ အပါးရေအများဆုံးဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းကော့သောင်မြို့အထိ မွန်သံဃာများ ကြွရောက်ဖြေဆိုကြ မည်ဟုသိရသည်။

“ယခုနှစ်မှာသီလရှင်များ အပါအဝင် ရဟန်း၊ သာမဏေအပါးရေ (၁၇၀ဝ)ထက် ပိုလာနိုင်တယ်”ဟု နိုင်ချစ်ငွေကပြောသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မွန်ပရိယတ္တိစာသင်တိုက် တွဲဘက်အတွင်းရေးမှူး ဘဒ္ဒန္တ ကေသရ က “နှစ်စဉ်ကျင်းပမြဲအတိုင်းမူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းနဲ့ ဓမ္မာစာရိယတန်းအထိ ဖြေဆိုရမည့်အပြင် ဂုဏ်ထူးတန်းလည်း ဖြေဆိုနိုင်တယ်” ဟု မိန့်သည်။

စာမေးပွဲတွင် သြဝါဒစရိယ ဆရာတော်များ၊ ကြီးကြပ်ရေး၊ စာစစ်၊ စာထောက် ဆရာတော်များ အပါးရေ ၁၀ဝ ရှိတယ်ဟုလည်း မိန့်တော်မူသည်။

စာဖြေရက်အတွင်း ဆွမ်းကွမ်းအလှူရှင်များလှူဒါန်းနိုင်ရန် တရက်ကုန်ကျငွေ ကျပ် ၁၀ သိန်း ရှိပြီး တဦးချင်းအလှူရှင်၊ စုပေါင်းအလှူရှင် အနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း နိုးဆော်ထားသည်ဟု စာမေးပွဲ ကျင်းပရေး ကော်မတီဥက္ကဌက ပြောသည်။

တပို့တွဲလကွယ်နေ့ (မတ်လ ၁၁ ရက်) မှာ သံဃာစုဖြစ်ပြီး မတ်လ ၁၂ မှ ၁၅ ရက်နေ့အထိ စာဖြေပြီး ၁၅ ရက်နေ့မှာပင် ရေစက်ချ အလှူတော်မင်္ဂလာ ပြုလုပ်သွားမည်ဖြစ်သည်။ ရာမညနိကာယ ပရိယတ္တိအဖွဲ့သည် ရှေးအစဉ်အဆက်ကတည်းက တည်ရှိလာသော သာသနာရေးအဖွဲ့အစည်းတရပ် ဖြစ်သည်။

၁၃၄၃ ခုနှစ်မှစ၍ ရာမညဓမ္မစာရိယ အမည်ဖြင့် ပရိယတ္တိ မွန်စာပေဖြေဆိုပွဲ၊ ပရိယတ္တိဆိုင်ရာမွန်စာပေများပြုစု ရေးသား ထုတ်ဝေခြင်းများ ဆောင်ရွက်လာခဲ့သည်။

ယခုအခါ ရာမညနိကာယ ပရိယတ္တိအဖွဲ့အမည်ဖြင့် တည်ရှိလာရာ ယခု ၃၁ နှစ်မြောက်ဖြစ်လာပြီ ဖြစ်သည်။

ရာမညနိကာယ ပရိယတ္တိအဖွဲ့တွင် ဘဒ္ဒန္တဥတ္တရ၊ တရနာကျောင်း၊ ကျိုက္မရောမြို့နယ်၊ ဥက္ကဌဆရာတော်။

ဘဒ္ဒန္တသီလစာရ မော်လမြိုင်အောက်ပဲခူး ပရိယတ္တိစာသင်တိုက် ဒုတိယဥက္ကဌ ဆရာတော်။

ဘဒ္ဒန္တပါလရာမည ပရိယတ္တိဝေဒီစာသင်တိုက် မော်လမြိုင် ဒုဥက္ကဌဆရာတော်။

ဘဒ္ဒန္တ စန္ဒောဘာသ ဘုရားကျောင်း၊ ပေါင်မြို့ အတွင်းရေးမှူးဆရာတော်။

ဘဒ္ဒန္တ နန္ဒသာရ မြို့လယ်ကျောင်းစာသင်တိုက် ကျိုက္ခမီမြို့ တွဲဘက် အတွင်းရေးမှူးနှင့် ဘဒ္ဒန္တ ကေသရ မွန်ပရိယတ္တိစာသင်တိုက် ဗိုလ်တထောင် ရန်ကုန်မြို့တို့နှင့် ဖွဲ့စည်းထားပြီး ပရိယတ္တိ စာပေများ စည်ပင်ပြန့်ပွားရန် တာဝန်ယူဆောင်ရွက်တော်မူသည်။

Most read this week