ထိုင်းဘာသာအားဖြင့် “ကရထောင်” ခေါ် ဘိန်းစာပင်များကို ယခုအခါ မွန်ပြည်နယ်တောင် ပိုင်းဒေသများတွင် ကိုင်းဆက်ပွားနည်းဖြင့် စိုက်ပျိုးနေကြပြီး စီးပွားဖြစ်လုပ်ကိုင်နေကြသည်။
မွန်ပြည်သစ်ပါတီမူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးအဖွဲ့က ဘိန်းစာပင်များကိုစိုက်ပျိုးပြီး အရွက်များ ရောင်းချနေသူ(၂)ဦးကို လက်ရဖမ်းဆီးထားကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင် ကပြောသည်။
သူက “ပြီးခဲ့တဲ့အပတ်က ကျနော်တို့ မွန်ပြည်နယ်တောင်ပိုင်းက အဲဒီကိုင်းဆက်နည်းနဲ့ စိုက်ပျိုးရောင်းချနေသူ နှစ်ယောက်ကို ဖမ်းဆီးမိထားတယ်၊ အပင်တွေကို ဖျက်ဆီးပစ်လိုက် တာပေါ့” ဟု ပြောသည်။
လွန်ခဲ့သည့် ဇန်နဝါရီလ (၃၁)နေ့က သံဖြူဇရပ်မြို့နယ်၊ ထင်ရူးရွာသား နိုင်ချမ်းဆိုသူကို ဘိန်းစာ (၁၁) ပင်နှင့်အတူ ဖမ်းဆီးရမိထားသလို ဇန်နဝါရီလ (၃၀) ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ကလော့ကျေးရွာရှိ နိုင်ဟောင်းမွန်ခြံမြေ၌ ကိုင်းဆက်မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသော ဘိန်းစာပင်များကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ကိုင်းဆက်မျိုးပွားထားသော အပင်တစ်ပင်ကို ငွေကျပ်တစ်သောင်းနှုန်းဖြင့် ဒေသတွင်း အရောင်းအဝယ် ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။
ဘိန်းစာရွက်တစ်ရွက်လျှင် ငွေကျပ်တစ်ရာမှ နှစ်ရာကျပ်အထိ ဝယ်ယူနေရကြောင်း သုံးစွဲသူလူငယ်များထံမှ သိရသည်။
ကိုင်းဆက်မျိုးပွားနည်းသည် အပင်မြန်မြန်ဖြစ်ထွန်းအောင်မြင်၍ အရွက်မြန်မြန်ခူးဆွတ်နိုင်သည်ဟု သံဖြူဇရပ်မြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာဟောင်း တစ်ဉီ်းက ပြောသည်။
သူက “ကိုင်းပွားနည်းနဲ့ ပြန့်ပွားတာဟာ အပင်ရဲ့အရည်အသွေး အစစ်အမှန်ကိုရတယ်၊ အပင်ကိုပြုစုရ တာလဲ လွယ်တယ်၊ အပင်မြန်မြန်ကြီးထွားတဲ့အတွက် အရွက်ကိုမြန်မြန်ခူးနိုင်တယ်” ဟု ပြောသည်။
ယခုအခါ မွန်ပြည်နယ်တောင်ပိုင်း ဒေသတစ်ဝှမ်းလုံးတွင် ဘိန်းစာပင်များကို ယင်းကိုင်းဆက်ပွားနည်းဖြင့် စိုက်ပျိုးရောင်းချသူ များပြားလာပြီး ဘိန်းစာရွက်များကို သုံးစွဲနေသူများနှင့် လူငယ်များအနက် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများ တွင်ကျယ်စွာ အသုံးပြုလာကြသည်ကို တွေ့ရသည်။
မူးယစ်ဆေးဝါးသည် လူမျိုးဂုဏ်ကျက်သရေကို လည်းကောင်း၊ အမျိုးသား တိုးတက်ကြီးပွားရေးကို လည်းကောင်း ညှိးနွမ်းပျက်စီးစေယုံမျှမက လူမျိုးပြုန်းတီးမှုနှင့် ဆင်းရဲမွဲတေမူသို့ အရောက်တွန်းပို့ နေသောကြောင့် မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချူပ်ရေးဌာနမှ ဦးစီး၍ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး ပညာပေးခြင်းနှင့် ပြစ်ဒဏ်ပေး အရေးယူဆောင်ရွက်မည့် ကိစ္စရပ်များအား ၂၀၁၂ခု စက်တင်ဘာလ တတိယပတ်တွင် စတင်အကောင်ထည်ဖေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။