မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံများမှ ထွက်ရှိလာသော အက်ဆစ်ဓါတ် ပါဝင်သည့် ရေဆိုးရေညစ်များ စနစ်တကျစွန့်ပစ်ခြင်း မရှိ၍ ချောင်းထဲသို့ အလိုအလျှောက် စီးဆင်းသွားသဖြင့် ငါး၊ ဖား စသည့်ရေနေသတ္တဝါများ သေဆုံးနေကြောင်း သိရသည်။
ထို့အပြင် မုဒုံဦး၊ ဘဲရမ်း၊ ကွမ်တာ၊ ကော့ခပုံကျေးရွာများတွင် ၄င်းမှိုင်းခံရာဘာစက်ရုံများ၏ အနံ့အသက်များနှင့် ရေပုပ်နံ့များကို အမြဲတမ်းရှုရှိုက်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။
မုဒုံဦးကျေးရွာနေ အငြိမ်းစားကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ရာဘာစက်ရုံကစွန့်ပစ်တဲ့ ရေပုပ်တွေဟာ အနံ့တော်တော်ဆိုးတယ်၊ ဒီအနံ့အသက်ဆိုးကြောင့် အစိုးရအိမ်တွင်းမှု သိပ္ပံကျောင်းသင်တန်းသူတစ်ဦး မူးဝေဒဏ်ခံစားရလို့ ကျမမှာဆေးလာကုသွားတယ်၊ အခြားသူတွေလည်း မူးဝေတဲ့ဝေဒနာတွေ ခံစားနေရပါတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်တွင် မုဒုံဦးကျေးရွာတဝိုက်၌ ရာဘာစက်ရုံ ၂ ရုံခန့်သာရှိခဲ့ရာမှ ယခုအခါ ပုဂ္ဂလိကရာဘာကြိတ်စက်ရုံ၊ မှိုင်းခံစက်ရုံ ၁၀ ရုံခန့်ရှိသောကြောင့် အနံ့ဆိုးများပိုမိုများပြားလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းရာဘာ စွန့်ပစ်ရေများသည် မြောင်းများမှတဆင့် ချောင်းထဲစီးဆင်းနေမှုကြောင့် ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော် စသည့်ဥယာဉ်ခြံ အသီးအနှံပင်များ ရေပေးဝေရန် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
“အရင်ကဆိုရင် ကျနော်တို့မုဒုံဦးကျေးရွာက စိုက်ပျိုးရေးကျေးရွာတစ်ရွာပေါ့၊ ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော်တို့ကို အဓိကထားစိုက်ပျိုးကြတယ်၊ အခုတော့ ရာဘာစက်ရုံ၊ မိူင်းရုံ အဲလိုတွေ များလာတော့ အဲဒီကထွက်တဲ့ အညစ်အကြေးတွေကို စည်းမဲ့ကမ်းမဲ့ မြောင်းထဲကို ဖေါက်ချတော့ချောင်းထဲကို စီးဝင်သွားတာပေါ့” ဟု ၎င်းဒေသခံက ပြောသည်။
ရာဘာအနံ့အသက်ဆိုးများ ခံစားနေရသည့်ကိစ္စအား မုဒုံဦးကျေးရွာသားများမှ ယမန်နှစ်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း မည်သူမျှအရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
မုဒုံဦးကျေးရွာသည် လွန်ခဲ့သည့် ၂၅ နှစ်တာကာလတွင် ဥယာဉ်ခြံစိုက်ပျိုးရေး ကျေးရွာတစ်ရွာအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အလားတူ မုဒုံမြို့နယ်တောင်ပိုင်း တော်ကူး၊ တံခွန်တိုင်ကျေးရွာအနီးတဝိုက် ဒေသများတွင်လည်း ရာဘာစက်ရုံမှထွက်ရှိသောအနံ့ဆိုးများဒဏ်ကို ခံစားနေကြရသည်ဟုလည်း ဒေသခံရွာသားများထံမှ သိရသည်။
ယင်းရာဘာကြိတ်စက်ရုံများသည် ဒေသထွက်ရာဘာစေး အမျိုးမျိုးအား ပြည်ပပို့ဆောင်နိုင်မည့် အရည်အချင်းပြည့်မီသော ရာဘာတုံးများပြုလုပ်ရာတွင် စက်ဖြင့်ကြိတ်ခြင်း၊ ရေနှင့်အက်ဆစ်ဓါတုပစ္စည်းများ အသုံးပြုခြင်း၊ မီးဖြင့်အပူပေးခြင်းတို့ကို အဆင့်ဆင့်ပြု လုပ်နေရသည်ဟု စက်ရုံလုပ်သားတစ်ဦးထံမှ သိရသည်။