၂၀၁၂ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပ

၂၀၁၂ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ (Mon State Youth Forum) တရပ်ကို မွန်ပြည်နယ် ပွင့်လင်းကွန်ယက်အဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်မြို့ရှိ မွန်မြတ်သောအိမ်ထောင်စု ဘုရားရှိခိုးကျောင်း (Holy Family Church) ၌ ယနေ့ စတင်ပြုလုပ်ခဲ့ကြောင်း အခမ်းအနားဦးဆောင်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပသည့်နေရာ(Kyi Zaw Lwin)

မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ကိုကြည်ဇော်လွင်က “ ဒီနေ့ တွေ့ဆုံပွဲမှာတော့ လူမှုရေး ကိုယ်စားပြုတဲ့အဖွဲ့ရယ်၊ နိုင်ငံရေး ကိုယ်စားပြုတဲ့ အဖွဲ့တွေရယ်၊ နောက်ပြီး တိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့တွေရယ် အားလုံး အသင်းအဖွဲ့ ၅၀ ကျော်တယ်” ဟု ပြောသည်။

ယနေ့ကျင်းပသော လူငယ်များတွေ့ဆုံပွဲသို့ ပအို့ဝ်ပါတီ ယဉ်ကျေးမှုအဖွဲ့၊ ကရင်လူငယ်များအဖွဲ့၊ စာကြည့်တိုက်လူငယ်များအဖွဲ့ ၊ လူငယ် volunteer အဖွဲ့၊ ပရဟိတ အသင်းအဖွဲ့များ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တက္ကသိုလ်ကျောင်းသား လူငယ်များနှင့် သွေးလှူရှင်အသင်းအဖွဲ့များမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၁၀ဝ ကျော်ခန့်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ မူယစ်ဆေးဝါး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ယဉ်ကျေးမှု၊ လူငယ်နှင့်မီဒီယာ၊ တခြား လူငယ်နှင့် ပတ်သတ်သော ကဏ္ဍများ(၁၀) ခုအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကြည်ဇော်လွင်က “ ခေါင်းစဉ် ၁၀ ခုဆိုတော့ သူ့ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးတဲ့ လူက ၁၀ ယောက်ပါ၊ တက်ရောက်လာကြတဲ့ လူငယ်တွေအနေနဲ့လဲ စိတ်ဝင်စားစွာနဲ့ ဆွေးနွေးသွားကြပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအစီအစဉ်ပြီးဆုံးပါက အတည်ပြုချက် ရလဒ်များကို ကြေညာချက်တစ်ရပ် ထုတ်ပြန် ထုတ်ရန်ရှိသလို မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ် တက်ရောက်ရန်အတွက် ကိုယ်စားလှယ်များ ရွေးချယ်သွားမည် ဖြစ်သည်။

လာမည့် ဒီဇင်ဘာလလယ်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်အလိုက် လူငယ်ဖိုရမ်များမှ ရွေးချယ်သော ကိုယ်စား လှယ်များဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အား ဆက်လက် ကျင်းပသွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိမည့် အာစီယံလူငယ်များ ဖိုရမ်အတွက် ကြိုတင်ပြင်ဆင်မှုတရပ်ဟု ဦးစီးကျင်းပသူ လူငယ်များက ပြောသည်။