ခေါင်းဆောင် လေးဦး ရိုက်နှက်ဖမ်းဆီး၊ ရွှေလုပ်သားများ ချီတက်ဆဲ

ခေါင်းဆောင် လေးဦး ရိုက်နှက်ဖမ်းဆီး၊ ရွှေလုပ်သားများ ချီတက်ဆဲ
by -
မဇ္ဈိမ

နေပြည်တော်သို့ လမ်းလျှောက်ချီတက်နေကြသည့် မိုးထိမိုးမိ ရွှေလုပ်သားများအား တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး၏ မေတ္တာရပ်ခံချက်အတိုင်း မြို့လှမြို့အရောက်တွင် သုံးရက်ကြာ ရပ်နားပေးခဲ့သော်လည်းပြန်လည်ချီ တက်သည့် သောကြာနေ့တွင် ခေါင်းဆောင်များ ရိုက်နှက် ဖမ်းဆီးခံလိုက်ရကြောင်း ရွှေလုပ်သားများ က ပြောသည်။

တောင်ငူခရိုင်၊ မြို့လှမြို့အထွက် ရေနီစက္ကူစက်အနီးအရောက် နံနက် ၁ဝ နာရီ ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် အရပ်ဝတ် ၂၅ ဦးခန့်က ဝင်ရောက်ရိုက်နှက်ကာ လုပ်သား ခေါင်းဆောင် လေးဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“စက္ကူစက်နား ရောက်တဲ့အခါကျတော့ ရဲတွေက ဒိုင်းတွေနဲ့ ကာပြီးတော့ လမ်းကို ပိတ်လိုက်တယ်ရှင့်။ လူဝတ်တွေ က ကျမတို့ ခေါင်းဆောင်တွေကို လက်သီးနဲ့ ထိုး၊ နံပါတ်တုတ်တွေ၊ လက်ထိပ်တွေနဲ့ ဝင်ရိုက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတော့ ဖမ်းသွားတယ်ရှင့်” ဟု ချီတက်ဆန္ဒပြရာတွင် ပါဝင်သည့် မအိမွန်ကျော် က မဇ္စျိမကို ပြောသည်။

အဖမ်းခံရသည့် ရွှေလုပ်သား ခေါင်းဆောင်များမှာ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ ဖြစ်ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်လာကြစဉ် ၁၃ ရက်မြောက်နေ့တွင် မြို့လှမြို့သို့ ရောက်ရှိခဲ့သည်။ သမ္မတဦးသိန်းစိန် အာဆီယံအစည်းအဝေးတက် ရောက်နေမှုနှင့် အမေရိကန်သမ္မတ၏ မြန်မာပြည်ခရီးစဉ်များကြောင့် ချီတက်မှုကို ၃ ရက်ဆိုင်းငံ့ရန်နှင့် ဆက်လက် ချီတက်သည့် အခါ အကူအညီပေးသွားမည်ဟု ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောဆိုခဲ့ဖူးသည်။

“အဲဒီတုန်းက ခင်ဗျားတို့ သုံးရက် နားနေမယ်ဆိုရင် ဒီဘက် သွားရေး လာရေးကိစ္စအတွက် သူတို့ (ခရိုင်ရဲတပ်ဖွဲ့မှူး) တာဝန်ယူတယ်လို့တော့ ပြောခဲ့တယ်ခင်ဗျ။ အဲဒီလို ပြောခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ သူတို့က လုပ်ချင်တာကို လုပ်နေတယ်ခင်ဗျ” ဟု ရွှေလုပ်သား ကိုမြင့်ရီ က မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံရသည့် ခေါင်းဆောင်များကို မြို့လှမြို့ဘက်သို့ ကားဖြင့် တင်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ရွှေလုပ်သားများက ပြောသည်။

ခေါင်းဆောင်များ ဖမ်းဆီးခံရသည့်နောက် လမ်းလျောက် ဆန္ဒပြသူများ တိုင်ပင်ဆွေးနွေးကြပြီး နေပြည်တော်သို့ ဆက်လက်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

“ကျမတို့က တဗိုလ်ကျရင် တဗိုလ်တက်တဲ့ စနစ်နဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တဲ့ နေပြည်တော်ကို ရောက်အောင် သွားမှာပါရှင့်” ဟု ရွှေလုပ်သားခေါင်းဆောင် ကိုရဲရင့်ထွန်း၏ ဇနီးဖြစ်သူ မအိမွန်ကျော် က ပြောသည်။

ကုမ္ပဏီနှင့် လုပ်သားများအကြား သဘောတူညီထားချက်များကို ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာသည့် အတွက် ရွှေလုပ်သားများက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ပြေလည်မှု တစုံတရာ မရရှိသည့်အတွက် မိုင် ၂၇ဝ ခန့် ကွာဝေးသည့် နေပြည်တော်သို့ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ရ ဦး ပါဝင်သည့် ရွှေလုပ်သား ရ၆ ဦးတို့က လမ်းလျှောက် ချီတက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ကလည်း ရွှေလုပ်သားများ စခန်းချရာ မြို့လှမြို့ ဓမ္မရောင်ခြည် ဘုန်းတော်ကြီးကျောင်းသို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကိုယ်တိုင် အလုပ်သမားခေါင်းဆောင်များနှင့် လာရောက်စေ့စပ်ညှိနှိုင်းသော်လည်း အလုပ်သမားများဘက်မှ လက်မခံခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ချီတက်ဆန္ဒပြသည့် ရွှေလုပ်သားများ နေပြည်တော် ရောက်ရန် မိုင် ၃ဝ ခန့် ကွာဝေးသည့် ရေနီမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတွင် ၎င်းတို့၏ အခက်အခဲများကို တင်ပြတောင်းဆိုသွားမည့်အပြင် သမ္မတ အိမ်တော်သို့လည်း အသနားခံ တင်ပြသွားမည်ဟု ရွှေလုပ်သားများ က ပြောသည်။