ကရင်ပြည်နယ် သံလွင်မြစ်လယ်တွင် ကျွန်းတစ်ကျွန်းဖြစ်ပေါ်လာပြီး ဘားအံမြို့နယ်၊ ထုံးအိုင်အထက်ရွာ ဒေသခံလူထု များ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည်။
သံလွင်မြစ်လယ်၏ အနောက်ဘက်ရှိ ထုံးအိုင်အထက်ရွာ ကမ်းစပ်ဘက်သို့ သဲများသောင်ထွန်းလာသဖြင့် ကျွန်းတစ် ကျွန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဘားအံမြို့နယ် ထုံးအိုင်အထက်ရွာမှ နိုင်လှမြိုင်က ပြောသည်။
“လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က ရွာကမ်းစပ်နဲ့ ရေလယ်သောင်ဟာ တော်တော်ဝေးနေတော့ ရွာသားတွေရေခပ်၊ ရေချိုး နွေစပါးအတွက်အားလုံးအဆင်ပြေခဲ့တယ်၊ သောင်တွေက တဖြေးဖြေးနဲ့ရွာဘက်ကို တိုးလာတော့ ရေချိုး၊ ရေခပ်မရ တော့ဘူး၊ နွေစပါးလည်းစိုက်မရ၊ ရေရှိတဲ့နေရာရောက်ဖို့တစ်ဖါလုံကျော်ဝေးတယ်၊ အခုမိုးပြတ်တာနဲ့ရေအခက်အခဲ တွေ့ပြီ”
ထုံးအိုင်ရွာသည် သံလွင်မြစ်ရေကိုသာ အားထားနေရသည့်အတွက် မြစ်ရေကိုသယ်ယူရန် နေရာအလွန်ဝေးကွာ နေသဖြင့် အဝီစိတွင်းမှရေဝယ်ယူ သုံးစွဲကြရသည်ဟု သိရသည်။
ထို့အပြင် “အဝီစိတွင်းက အနက်ပေ ၁၀ဝ ကျော်တူးရတယ်၊ ငွေကျပ် ၅ သိန်းလောက်ကုန်တယ်၊ ရေဝယ်သုံးတာ တိုင်ကီ(ပေပါ) ၈ လုံးဆံ့တဲ့ ဖွတ်ချက်ကားတစီးစာကို၂၅၀ဝ ကျပ်ပေးရတယ်”ဟု ထုံးအိုင်ရွာ မူလတန်းပြဆရာမ မိစုခိုင်က ပြောသည်။
ထုံးအိုင်ရွာသည် ဘားအံမြို့နယ်အတွင်းရှိမွန်ရွာကြီးတရွာဖြစ်ပြီး အထက်ရွာနှင့်အောက်ရွာဟု ခွဲခြားထားသည်။
သံလွင်တံတား(ဖားအံ) တည်ဆောက်ချိန်မှစပြီး မြစ်ရေစီးကြောင်းပြောင်းလဲကာ ဘားအံနှင့်ထုံးအိုင်ကြားရှိ ကော့လှိုက်ကျွန်းသည်လည်း ရေတိုက်စားမှုဒဏ်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။
၄င်းကော့လှိုက်ကျွန်းမြေများက နီးစပ်ရာထုံးအိုင်အထက်ရွာ အနီးသို့ စုပုံလာပြီး ကျွန်းတစ်ကျွန်းထပ်မံ ဖြစ်ပေါ်လာခဲ့ သည်ဟု သဘာဝပတ်ဝန်းကျင်လေ့လာနေသူများက ခန့် မှန်းပြောဆိုကြသည်။