မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ
by -
မွန်အေဂျင်စီ

အသရေဖျက်မှုဖြင့် ထောင် ၆ လ ကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား တရားစီရင်နေချိန် ၎င်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်းက ဓမ္မသတ်ရွာသား ရ၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

imna02
“ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး- ဒို့အရေး စာတမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင်တစ်ဦးအဖြစ်လှုပ်ရှားနေသူ မင်းစိုးမြင့်က ပြောသည်။

ဆန္ဒပြပွဲအား မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်က စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟု မျက်မြင်တွေ့ရှိ သူများ ပြောပြချက်အရ သိရသည်။

“ဦးစိုးသိန်းအမှုကို ဒီနေ့စီရင်ချက်ချမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုလာမယ့် ၈ ရက်နေ့ကို ရုံးချိန်းထပ်ချိန်း လိုက်ပြန်ပြီး” ဟု မင်းစိုးမြင့်ကပြောသည်။

ယင်းကဲ့သို့ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ကြိုတင် ခွင့်မတောင်းခဲ့သော်လည်း အာဏာပိုင်များက တားဆီးခဲ့ခြင်း မရှိဟု သိရသည်။

“တရားရုံးမှာအော်ဟစ်ဆန္ဒပြပြီးနောက် မော်လမြိုင်ထောင်ဘက်ကိုသွားပြီး ထပ်အော်ကြတယ်၊ ကားတန်းတွေနဲ့ မြို့ကိုပတ်ပြီးတော့ အခုသူတို့ရွာဖက်ကို ပြန်သွားကြပြီ” ဟု သတင်းမှတ်တမ်းတင်နေသူ သံလွင်တိုင်းမ်းဂျာနယ် အယ်ဒီတာ ကိုမင်းမင်းနွယ်က ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ဦးစိုးသိန်း လွတ်မြောက်ရေးအတွက် ဓမ္မသတ်ရွာသားများမှ ကျိုက်မရောမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒပြခွင့် တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။

ဓမ္မသတ်ရွာဥက္ကဌဟောင်း ဦးထွန်းလင်းအား စာသင်ကျောင်းမြေရောင်းစားသည်ဟု တိုင်ကြားခဲ့ရာတွင် အခြေအမြစ်ခိုင်လုံမှုမရှိဟု ကျိုက်မရောတရားရုံးက သုံးသပ်ခဲ့ပြီး ဦးစိုးသိန်းအား ပုဒ်မ ၅၀ဝ အသရေဖျက်မှု မြောက်သဖြင့် လွန်ခဲ့သည့်အောက်တိုဘာလ ၂ ရက်နေ့၌ ထောင်ဒဏ် ၆ လကျခံစေရန်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

၄င်းကိစ္စကို မကြေနပ်ကြသောရွာသားများက အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးကိုဆန္ဒပြခြင်းဖြစ်သည်ဟု ကာယကံရှင်များထံမှ သိရသည်။

နှစ်ဖက်ပြဿနာများကြေအေးကြရန် ပြီးခဲ့သော စနေ့နေ့က ဓမ္မသတ် ရွာဥက္ကဌဟောင်းဖက်က ကိုယ်စားလှယ် ဦးထွန်းလင်းနှင့် ဆန္ဒပြ အဖွဲ့ခေါင်းဆောင် မင်းစိုးမြင့်တို့ တဖွဲ့လျင် ၅ ဦးစီ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်၌ နှစ်ဖွဲ့မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့ပေ။