မလေးရှားနိုင်ငံရောက် မွန်အမျိုးသားအဖွဲ့အစည်းကကြီးမှူး၍ မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲအခမ်း အနားကို မလေးရှားနိုင်ငံ Perak State လှေဆိပ် ရာမညနိကာယ မွန်ဘုန်းတော်ကြီးကျောင်း၌ယနေ့မွန်းလွဲ ပိုင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ အငြိမ်းစားညွှန်ကြားရေးမှူး မွန်သမိုင်းပညာ ရှင် နိုင်မောင်တိုးက မွန်အမျိုးသားသမိုင်းဖြစ်စဉ်နှင့် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပုံ၊ ရှေးကျသောမွန်သမိုင်း အကြောင်းအရာများနှင့် မွန်ပြည်နယ်နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာများကိုတင်ပြခဲ့သည်။
ထို့အပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က မွန်အမျိုးသားတို့၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ သာသနာရေးရာနှင့် လက်ရှိ နိုင်ငံရေးအနေအထားများကို ရှင်းပြသွားခဲ့သည်။
ယနေ့ကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲအခမ်းအနားကို မလေးရှားနိုင်ငံ Perak State ဖိရာတ်ပြည်နယ်မှ မွန်တိုင်းရင်းသား ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု မလေးရှားနိုင်ငံရောက် မွန်အမျိုးသားအဖွဲ့အစည်း ဒုဥက္ကဌ နိုင်စိုင်းဝဏ္ဏက ပြောသည်။
“ဆရာတို့ဟောပြော သွားတဲ့ အထဲမှာ အဓိက မွန်အမျိုးသားသမိုင်းကြောင်းနဲ့ စာပေအပိုင်းတွေကို ပရိသတ်တွေ ပိုစိတ်ဝင်စားတယ်၊ ဒီလိုဟောပြောပွဲမျိုးက ပထမဆုံးအကြိမ်လည်းဖြစ်တော့ မွန် အကြောင်းတွေ မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်တွေအဖို့ ဗဟုသုတပိုရတာပေါ့ ” ဟု နိုင်စိုင်းဝဏ္ဏက ပြောသည်။
အလားတူ နိုဝင်ဘာလ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မွန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့သွား ရောက် ဟောပြောခြင်းနှင့် မွန်တိုင်းရင်းသားတွေ့ဆုံပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ဟောပြောပွဲခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Chinese Assembly Hall နေရာ၌ ကျင်းပခဲ့ရာ မွန်တိုင်းရင်းသားပေါင်း ၃၀ဝ ကျော်ခန့် တက်ရောက်ခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၂၆ ရက်နေ့က စင်္ကာပူနိုင်ငံခြေစိုက် Mon Friendship Association Singapore မွန်မိတ်သဟာယအသင်းက ကြီးမူး၍ Ren Ci Community Hospital Hall, 71 Irrawaddy Rd, Singapore 329562 Near Novena MRT Station နေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။