ဗုဒ္ဓသာသနာတော်နှင့် ပရိယတ္တိသာသနာတော် ထွန်ကားရေးအတွက် ရာမညရဌဗုဒ္ဓ မွန်သံဃာ့ တက္ကသိုလ်တည် ဆောက်ရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ဂျူလိုင်လ ၃၀ရက်နေ့ က မော်လမြိုင်မြို့ သာသနာ့ (၂၅၀ဝ) ခုနှစ် မွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ မွန်ဆရာတော်ကြီးများ၊ ရာမညနိကာယမွန်ပရိယတ္တိ အဖွဲ့ ဆရာတော်ကြီးများနှင့် အလှူရှင်ဒါယကာ ဒါယိကာမများ စုစုပေါင်း၂၀ဝ ကျော် တက်ရောက်ပြီး တက္ကသိုလ်တည်ဆောက်ရေးမှာ ဦးဆောင်နေသော ဆရာတော် ဘဒ္ဒန္တ သီလစာရ က တည်ဆောက်ရေးလုပ်ငန်းများကို ဆွေးနွေးသည်။
“တက္ကသိုလ်ဆောက်လုပ်ရေး ပြီးမြောက်သည်အထိ မွန်ဆရာတော်သံဃာတော်များ၊ ရာမညနိကာယမွန် ပရိယတ္တိအဖွဲ့ဆရာတော်ကြီး များကို ဤရာမညရဌမွန်သံဃာ့တက္ကသိုလ်ကို အပ်နှံလိုတယ်” ဟု ဘဒ္ဒန္တသီလစာရက လျှောက်တော်မူသည်။
ရာမညနိကာယပရိယတ္တိအဖွဲ့ ဆရာတော်များ အနေဖြင့် ပရိယတ္တိသာသနာရေးကိစ္စများ ဖြစ်သည့် သင်ကြားရေး ၊ စာမေးပွဲ ကျင်းပရေးနှင့် စာစစ်ကိစ္စများ၊ ကျမ်းပြုစုခြင်း ကိစ္စ များမြောင်နေ၍ တက္ကသိုလ်တည်ဆောက်ရေးကို တာဝန်မယူနိုင်သည့် အကြောင်းကို ဆရာတော်ကြီးများက ပြန်မိန့်သည်ဟု မော်လမြိုင်မြို့ ဓါတုမာလာကျောင်းတိုက်ဆရာတော်က မိန့်သည်။
ရာမညရဌဗုဒ္ဓ မွန်သံဃာ့ တက္ကသိုလ်တည်ဆောက်ရေးကို ဦးဆောင်နေသည့် ဆရာတော် ဘဒ္ဒန္တ သီလစာရ သည် မွန်ဒေသနှင့် ပြည်တွင်းအခြားဒေသများ၊ ပြည်ပနိုင်ငံများသို့ သာသနာပြုကြွချီ တရားဓမ္မဟောကြားကာ ဒါယကာ၊ဒါယိကာမများ၏ သဒ္ဓါတရားအရ လှူဒါန်းသော ဝတ္ထုငွေမှ မတည်၍ ဆောက်လုပ်သည်ဟု ဆရာတော်၏ တပည့်ဒါယကာများက ပြောသည်။
“ယခုလောလောဆယ်မှာ အခြေခံအုတ်မြစ် တည်ဆောက်တာ ၄၅ ရာနှုန်းလောက်ပြီးပြီ၊ ဆက်ဆောက်နေတယ်၊ အနယ်နယ်က တရားပွဲက လှူဒါန်းငွေနဲ့ လာရောက်လှူဒါန်းငွေအပါအဝင် ငွေကျပ်သိန်းပေါင်း (၃၁၀ဝ) ရရှိထားပါပြီ၊ ဒီတုက္ကသိုလ်ကြီးပြီးတဲ့အထိကို ငွေကျပ်သိန်းပေါင်း (၄၀ဝဝဝ) ကုန်ကျမယ်လို့ မှန်းထားတယ်” ဟု ဓါတုမာလာဆရာတော်က မိန့်သည်။
၄င်းပြင် ပြည်တွင်းမှ မွန်ဒါယကာများသာမက ပြည်ပရောက် မွန်ဒါယကာများ၏ထည့်ဝင်လှူဒါန်းငွေလည်း ပါဝင်ပြီး ပြည်ပမွန်များက ဆက်လက်လှူမည့်အစီအစဉ်များလည်း ရှိနေသည်ဟု သိရသည်။
တက္ကသိုလ်ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးကော်မတီ သီးသန့် မဖွဲ့ စည်းရသေး၍ ဆရာတော်ဘဒ္ဒန္တသီလစာရနှင့် တပည့်ဒါယကာများက ကြီးကြပ်ကာ ဆောက်လုပ်နေသည်ဟု ဓါတုမာလာ ဆရာတော်က မိန့်သည်။
ရာမညရဌဗုဒ္ဓတက္ကသိုလ်ကို ၂၀၁၂ ခုနှစ် ဇန္နာဝရီ ၁၅ ရက်နေ့ က စတင်တည်ဆောက်ခဲ့ပြီး လောလောဆယ်မှာ အဆောက်အဦ ပြီးစီးသည့် ရက်ကို သတ်မှတ်ထားခြင်း မရှိပဲ၊ အလှူရှင်များ ပေါ်လာလျှင် အခြားအဆောက် အဦးများကို ဆက်လက် ဆောက်သွားမည် ဟု ဆောက်လုပ်ရေးမှာ ကြီးကြပ်နေသည့် ဒါယကာ တဦးက ပြောသည်။
ရာမညရဌဗုဒ္ဓ မွန်သံဃာ့ တက္ကသိုလ်တည်ဆောက်ရေး အစည်းအဝေးကျင်းပခြင်း
“စဆောက်ကတည်းက စပြီ ယနေ့အထိမွန်ရွာများမှ လုပ်အားဒါန လာပေးတာ နေ့စဉ်လိုလို စည်ကားနေတာပဲ ဒါ့အပြင် မော်လမြိုင်တက္ကသိုလ်က ကျောင်းသားတွေလည်း ကျောင်းပိတ်ရက်မှာ အဖွဲ့လိုက် လုပ်အားဒါန လာပြုကြတယ်” ဟုဒါယကာ ကပြောသည်။
ရာမညရဌဗုဒ္ဓ မွန်သံဃာ့တက္ကသိုလ်ကို မော်လမြိုင်မြို့ မြိုင်သာယာရပ် ရှင်စောပုလမ်းရှိ (၁၀) ဧကခန့် ရှိသည့် မြေကွက်ပေါ်တွင် တည်ဆောက်ထားပြီး တက္ကသိ်ုလ်ပင်မ အဆောက်အဦးကို လေးထပ်အဆောက်အဦနှင့် စာသင်ဆောင်များ ၊ကျောင်းဆောင် များအပြင် ခေတ်မီသောတက္ကသိုလ်များ၏ အင်္ဂါရပ်များ အနည်းတူ ပုံစံထုတ်လုပ်ကာ ၄င်းပုံစံအတိုင်း အဆောက်အဦးများကို ဆက်လက်ဆောက်လုပ်သွားမည်ဟု သိရသည်။