လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ပေါ်ရှိ စိန်ရွှေလက်ဝတ်ရတနာရောင်း ဝယ်ဆိုင်တစ်ဆိုင်အား ယနေ့မွန်းလွဲပိုင်းတွင် မျက်နှာဖုံးစွပ်လက်နက်ကိုင်တစ်ဖွဲ့မှ ဓါးပြတိုက်ခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
မွန်အမျိုးသား မင်းအုန်းဖေပိုင် “အင်ပါယာစိန်ရွှေရတနာရောင်းဝယ်ဆိုင်” မှ ခန့်မှန်းရွှေအလေးချိန် ၂ ပိဿာ၊ မြန်မာကျပ်ငွေသိန်း ၃၀ ခန့်နှင့် ထိုင်းဘတ်ငွေ ၂ သိန်းကျော် ယင်းဓါးပြတိုက်သူများ လက်ထဲပါသွားသည်ဟု ကာယကံရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“မျက်နှာဖုံးစွပ်လူ ၃ ဦးဆိုင်ထဲရုတ်တရက်ဝင်လာပြီး သေနတ် ၂ ချက်ဖေါက်တယ်၊ ဆိုင်ထဲရှိသူတွေကို လက်မြှောက်ခိုင်းပြီး တွေ့သမျှရွှေငွေပစ္စည်းတွေယူသွားတာပဲ၊ အချိန် ၅ မိနစ်လောက်ပဲကြာတယ်၊နောက် ထပ်သေနတ် ၄ ချက်ဖေါက်ပြီး ဟွန်ဒါလိုအစိမ်းရင့်ရောင် သူတို့ကားငယ်တစ်စီးနဲ့ အာရှလမ်းမအတိုင်းထွက် သွားတယ်”ဟု သူကဆက်ပြောသည်။
ဓါးပြတိုက်ခံခဲ့ရသော ၄င်းအင်ပါယာစိန်ရွှေရတနာရောင်းဝယ်ဆိုင်သည် မြဝတီမြို့ပေါ် ဘုရင့်နောင်ဈေးအနီး တွင်တည်ရှိပြီး ရဲစခန်းနှင့် ကိုက် ၂၀ဝ ဝန်းကျင်ခန့်သာ ကွာဝေးသည်ဟုလည်း ဒေသခံများပြောပြချက်အရ သိရသည်။
အမည်မဖေါ်လိုသောရဲဝန်ထမ်းတစ်ဦးက “အဲဒီဓါးပြအုပ်စုမှာ AK 47 တစ်လက်၊ M-16 တစ်လက်၊ ပစ္စတို တစ်လက်ပါတယ်လို့ မျက်မြင်သက်သေထွက်ဆိုချက်အရ သိရပါတယ်” ဟု ပြောသည်။
ယခုအခါ အဆိုပါဓါးပြများထွက်ခွာခဲ့သည့်လမ်းကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာမှလိုက်လံမေး မြန်းစုံစမ်းနေဆဲဟု အထက်ပါရဲဝန်ထမ်းက ပြောသည်။
အလားတူ ၂၀၁၀ ခုနှစ် ဇွန်လတွင်လည်း မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမြင်းဝန်ဘုရား ကြီးအရှေ့ဘက်မုခ်ရှိ ရွှေဆိုင်တစ်ဆိုင်ဓါးပြတိုက်ခံခဲ့ရာတွင် တရားခံများအားသက်ဆိုင်ရာမှရှာဖွေဖေါ် ထုတ်နိုင်ခြင်းမရှိခဲ့သေးပေ။
ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်စဲမှုရရှိခဲ့ပြီးနောက်ပိုင်း မြဝတီမြို့ပေါ်တွင် ပထမအကြိမ်ဖြစ်ပေါ်ခဲ့သော ဓါးပြအမှုဖြစ်သည်။
မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသောနယ်စပ်မြို့တစ်မြို့ဖြစ်သည်။