မော်လမြိုင်မဲဆန္ဒနယ်၌ ကြိုတင်မဲကောက်ခံရာတွင် ရွေးကောက်ပွဲကော်မရှင်က ပါတီကိုယ်စားလှယ်လောင်း များအား ၀င်ရောက်ကြည့်ရှု့ခွင့် မရှိဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက သိရသည်။
ကြိုတင်မဲများကို ဝင်ရောက်ပြိုင်မည့် ပါတီတစ်ခုစီက ကိုယ်စားလှယ်နှစ်ဦးစီ ကြည့်ရှုရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားသော်လည်း ကြိုတင်မဲမကောက်ခံမီ တစ်ရက်အလိုက ပါတီကိုယ်စားလှယ်လောင်း များ လိုက်ခွင့်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထပ်မံပြောသည်ဟု မွန်ပါတီက ရွေးကောက်ပွဲအောင် နိုင်ရေး ဥက္ကဌနိုင်အောင်ချမ်းက ဆိုသည်။
“ ကြိုတင်မဲ ကောက်ခံတဲ့နေရာမှာ ပါတီကိုယ်စားလှယ်လောင်းတွေက လိုက်လို့ မရတဲ့အတွက် တရားမျှတမှု ရှိတဲ့ ကြိုတင်မဲတွေ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။
ကြိုတင်မဲနှင့် ပတ်သက်၍ ယနေ့မနက် ၉ နာရီတွင် ကော်မရှင်ရုံးသို့ သွားရောက်စဉ် ၎င်းမဲများအား ဖြည်ကြည့် ခွင့်မရကြောင်းနှင့် တစ်ပေကျော်ခန့်ရှိသည့်အိတ်နှင့် ကြိုတင်မဲများကို ထည့်သွင်းထားသည်ကိုသာ တွေ့မြင်ခဲ့သည်ဟု နိုင်အောင်ချမ်းက ဆက်ပြောသည်။
ကြိုတင်မဲကို ဧပြီလ-၁ရက်နေ့ ညနေ ၄ နာရီမှစ၍ မဲပေးမည့်မဲရုံများတွင် ကော်မရှင်က ဖောက်ပြမည်ဖြစ်ပြီး လာရောက်ကြည့်ရှုရန် ပါတီကိုယ်စားလှယ်လောင်းများအား ပြောဆိုခဲ့သည်ဟု သိရသည်။
မတ်လ ၃၀၊ ၃၁ ရက် နှစ်ရက်၌ ကြိုတင်မဲများကို သတ်မှတ်အချိန်အတိုင်း သက်ဆိုင်ရာ ကော်မရှင်နှင့် ကျေးရွာ၊ ရပ်ကွက်လူကြီးထံတွင် မဲပေးနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။