KNU/KNLA ငြိမ်းချမ်းရေးကြောင့် ဂိတ်ကြေးတိုးမည်ကို ဘုရားသုံးဆူ ဒေသခံများ စိုးရိမ်နေ

KNU/KNLA ငြိမ်းချမ်းရေးကြောင့် ဂိတ်ကြေးတိုးမည်ကို ဘုရားသုံးဆူ ဒေသခံများ စိုးရိမ်နေ
by -
ဂျူရီချိုင်း

အစိုးရနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) တို့ငြိမ်းချမ်းရေး သဘောတူညီချက်တွင် KNU/KNLA ၏ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် ဘုရားသုံးဆူတွင် ဖွင့်လှစ်မည့် အချက်ပါရှိသည့်အတွက် ယင်းဒေသတွင် အခကြေးငွေကောက်ခံမည့် ဂိတ်အသစ် ထပ်တိုးလာမည့်အရေးကို ဒေသတွင်းရှိ မွန် စီးပွားရေးသမားများက စိုးရိမ်နေကြသည်။

ဘုရားသုံးဆူမြို့မှ စီးပွားရေးသမားများသည် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များပါ၀င်သော အဖွဲ့ပေါင်းစုံ၏ ဂိတ် ၆ ဂိတ်တွင် ဂိတ်ကြေးများ ပေးဆောင်နေရ၍ နောက်ထပ် ဂိတ်အသစ်တစ်ခု ထပ်တိုးပါက စီးပွားရေး လုပ်ကိုင်ရန် စရိတ်စကများ ပိုမိုကုန်ကျမည်ဟု ဘုရားသုံးဆူမြို့မှ ဒေသခံ မွန်စီးပွားရေးသမားတစ်ဦးက ပြောသည်။

“ကရင်ငြိမ်းချမ်းရေးကောင်စီက ဆက်ဆံရေးရုံးထားရင် နောက်တပ် ဂိတ်သစ်ကြေးအတွက် ထပ်ပေးရဦး မယ်။ ဒါဆို စီးပွားရေးမှာ တွက်ချေမကိုက်ဖူး” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရကြား ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး ပဏာမသဘောတူ လက်မှတ်ရေးထိုးပွဲတွင် ဆက်ဆံရေးရုံးများကို ကော့သောင်း၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ မောတောင်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

ဘုရားသုံးဆူတွင် မွန်လူမျိုး အများအပြား နေထိုင်သည့်အပြင် ယင်းဒေသတဝိုက်တွင် မွန်ပြည်သစ်ပါတီ လှုပ်ရှားမှုလည်း ရှိသည်။ သို့သော် ဆက်ဆံရေးရုံး အစီအစဉ်နှင့် ပတ်သက်၍ အစိုးရထံမှ ဖြစ်စေ KNU/KNLA ထံမှဖြစ်စေ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးဟု မွန်ပြည်သစ်ပါတီက ပြောသည်။

“ဘုရားသုံးဆူမှာ KNU/KNLA ဆက်ဆံရေးရုံးဖွင့်ဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီဘက်က ကျနော်တို့ကို ဘာမှတိုင်ပင်ထားတာမရှိသေးဘူး။ မဆောက်နဲ့လို့လည်း ကျနော်တို့ ပြောပိုင်ခွင့်မရှိဘူး” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

ဘုရားသုံးဆူမြို့ကို မွန်ဒေသခံအများစုက မွန်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း အစိုးရဘက်က ကရင်ပြည်နယ်အဖြစ် သတ်မှတ်ထားသည်ဟု သူက ပြောသည်။

Most read this week