မိလယီထော - ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူ ဒေသတဝိုက်တွင် သစ်များရှားပါးလာသဖြင့် ပရိဘောဂလုပ်ငန်းများ တွက်ချေမကိုက်ဖြစ်နေ ကြောင်း မြို့ခံပရိဘောဂလုပ်ငန်းရှင်များထံမှသိရ သည်။
“ကျွန်း၊ ပျဉ်းကတိုးတွေအင်မတန်ရှားသွားပြီ၊ သစ်ပုတ်တွေပဲအနည်းအကျဉ်းရှိတာ အပိုင်းတိုတွေပဲရတော့တယ်၊ ဒါတောင်မှမြို့ပြင်ကနေ ၁၀ မိုင်လောက်မှာလိုက်ဝယ်ရတာ” ဟု ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိပျဉ်းကတိုးတစ်တန် ဘတ်တစ်သောင်းရှစ်ထောင်ခန့် စျေးပေါက်နေသော်လည်းအလွယ်တကူဝယ်ယူရန် မလွယ်ကူကြောင်း သူကဆက်ပြောသည်။
“ကျနော်တို့အဖေါ်နှစ်ယောက် တောထဲမှာ နှစ်ရက်သုံးရက် သစ်ပုတ်အတိုတွေလိုက်ဖြတ်တာ တစ်ယောက်ကို ဘတ်နှစ်ထောင်လောက်ရတယ်၊ လောလောဆယ်တွက်ချေကိုက်နေတာပေါ့” ဟု မဲကသာတောထဲတွင် သစ်ရှာဖွေခဲ့သူတစ်ဦးက ပြောသည်။
သူ၏အပြောအရ သစ်ပုတ်အတိုဆုံး ၁ ပေခန့်ရှိလျှင် ရောင်းတန်းဝင်ပြီး လက်ရှိတစ်တန်လျှင် ဘတ် ၉၀၀၀ စျေးပေါက်နေသည်ဟု သိရသည်။
“ကျမတို့ဆိုင်က နာရီပုံစံအစရှိတဲ့အသေးစားပရိဘောဂပုံစံငယ်တွေထုတ်လုပ်ပြီး ရောင်းချပါတယ်၊သစ်ပုတ်တို အပိုင်းအစတွေနဲ့ပဲလုပ်တယ်၊ တခါတလေ သစ်အညံ့စားတွေနဲ့ဆို ပေါလစ်ဘယ်လိုပဲတင်တင်နောက်တော့မှို တွေတက်ပြီး ဖေါက်သည်တွေပြန်ပို့လာတာရှိတယ်၊ အခုတွက်ချေမကိုက်လို့ လုပ်ငန်းရပ်လိုက်ရတယ်” ပရိဘောဂဆိုင်ရှင်တစ်ဦးက ပြောသည်။
ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေ မဲကသာဒေသအတွင်း စစ်အစိုးရတပ်များ ထိုးစစ်ဆင်နေမှုကြောင့် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလမှ စ၍ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းနှင့် မဲကသာသစ်တောတို့ကို ကေအဲန်ယူတပ်မဟာ (၆) မှ သစ်ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။
သစ်ထည်လုပ်ငန်းသည် သုံးဆူဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်ပြီး၊ ၎င်းမှ ထုတ်လုပ်သည့် ပရိဘောဂများ၊ ပါကေးကြမ်းခင်းပြားများနှင့် ယွန်းထည်များကို မှောင်ခိုလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ အများဆုံး တင်ပို့ရောင်းချသည်။