အလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး

အလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး
by -
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၉ သိန်းကျော်အနက် ၂ သိန်းကျော် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြောင်း ...

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၉ သိန်းကျော်အနက် ၂ သိန်းကျော် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြောင်း ယမန်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။

မဟာချိုင်းမြို့ရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)၂၀၁၀ ခုနှစ်တွင် သက်တမ်းတိုးရန် အလုပ်သမား ၉၃၂ ၂၅၅ ဦး လျှောက်လွှာ တင်ထားသော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် သက်တမ်းတိုး ကုန်ဆုံးချိန်ထိ ရ၀၆ ၄၄၅ ဦးသာ သက်တမ်းတိုးခဲ့ပြီး ၂၂၅ ၈၁၀ ဦး ပျက်ကွက်ခဲ့သည်။

“ကျနော်တို့ ခန့်မှန်းချက်အရဆိုရင် work permit သက်တမ်းတိုးဘို့ ပျက်ကွက်တဲ့အထဲမှာ မြန်မာအလုပ်သမား ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှိမယ်” ဟု ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ Andy Hall က ပြောသည်။

ဖေဖော်ဝါရီလ တလအတွင်းသာ သက်တမ်းတိုးကာလအဖြစ် သတ်မှတ်ခဲ့ပြီး တနှစ်သက်တမ်း တိုးပေးကာ ထိုင်းဘတ်ငွေ ၃၈၀၀ ကုန်ကျသည်ဟု သက်တမ်းတိုးခဲ့သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းကြသည်။ အများစုမှာ တရားမဝင် နေထိုင်ကြပြီး အနည်းစုသာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည်။

သက်တမ်းတိုးရန် ပျက်ကွက်ခြင်းမှာ အလုပ်သမားအချို့ နေရပ်ပြန်သွားကြခြင်း၊ တာဝန်ရှိသူများကို အသိမပေးဘဲ ပြောင်းရွှေ့သွားကြခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးမည်ဟု ကောလာဟာလ ထွက်နေခြင်းနှင့် သက်တမ်းတိုးရန် ငွေမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Andy Hall က သုံးသပ်သည်။

အလုပ်သမားများ သက်တမ်းတိုးရန် ပျက်ကွက်ခြင်းသည် မှာယွင်းမှုတခု ဖြစ်ကြောင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးပြီးမှသာလျှင် နိုင်ငံကူးလက်မှတ် လုပ်နိုင်ကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အလုပ်သမား အများစုက သက်တမ်းမတိုးလိုကြဘူး၊ သက်တမ်းတိုးပြီးရင် နိုင်ငံကူးလက်မှတ် လုပ်ရမှာ ကြောက်တယ်။ နိုင်ငံကူးလက်မှတ်အကြောင်းလည်း သူတို့ နားမလည်ကြဘူး၊ နောက်တော့ နိုင်ငံကူးလက်မှတ်က အကုန်အကျလည်း များတယ်” ဟု Andy Hall က ဆက်ပြောသည်။

သက်တမ်းတိုးရန် ပျက်ကွက်သည့် အလုပ်သမားများကို ဖမ်းဆီးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။