ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်ခွဲရှိ မွန်ပြည်သူများ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို မဲထည့်ပေးနိုင်ရန်အတွက် ၎င်းမြို့မှ မွန်အမျိုးသားအကျိုးဆောင်သူများ ဒေသခံတွေကို လိုက်လံစည်းရုံး.....
ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်ခွဲရှိ မွန်ပြည်သူများ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို မဲထည့်ပေးနိုင်ရန်အတွက် ၎င်းမြို့မှ မွန်အမျိုးသားအကျိုးဆောင်သူများ ဒေသခံတွေကို လိုက်လံစည်းရုံးပေးနေသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကရင်ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ချစ်ဦး၏ တောင်းဆိုမှုကြောင့် အောက်တို ဘာလ ၂၄ ရက်နေ့မှ စ၍ စာရွက်ဖြန့်ဝေခြင်းနှင့် မဲထည့်ပုံ ထည့်နည်း အကြောင်း ကို လိုက်လံ ရှင်းပြ ပေးနေသည်ဟု ဘုရားသုံးဆူမြို့ခံ အကျိုးဆောင် စည်းရုံးရေးမှူး တစ်ဦးက ပြောသည်။
နယ်စပ်ဒေသရှိ မွန်လူမျိုးများ၏ မဲအရေအတွက်များကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီကို ထောက်ခံသည့် မဲများသာ ဖြစ်စေ လိုသည့် ရည်ရွယ်ချက်ဖြင့် စည်းရုံးနေကြောင်း ၎င်းအကျိုးဆောင်က ပြောသည်။
၎င်းက “ကျနော်တို့ ကိုယ်တိုင်ကလည်း ကိုယ့်မွန်လူမျိုးအတွက်ဆိုရင် လုပ်ပေးဖို့ ဝန်မလေးပါဘူး၊ ဒီဒေသမှာ ရှိတဲ့ ကျနော်တို့ မွန်တွေကလည်း ဘယ်လိုမဲထည့်ရမလဲဆိုတာ နားမလည်သေးတာ အများကြီးပဲ၊ ဒါကြောင့် မဲသွားထည့်တဲ့ အချိန်မှာ ရမ်းတန်းပြီး မခြစ်မိစေဖို့၊ ပြီးတော့ စာမတတ်တဲ့ သူတွေလည်း မွန်ပါတီရဲ့ အလံနဲ့ တံဆိပ်ကို မှတ်ထားပြီး ခြစ်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး စည်းရုံးထားပါတယ်” ဟု ပြောသည်။
၎င်းတို့ ဖြန့်ဝေသော စာရွက်တွင် မွန်ဒေသလုံးဆိုင်ရာ အမှတ်တံဆိပ်၊ ပါတီ၏ အမည်ကို မွန်၊ အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ရေးသားထားပြီး ၎င်း၏ အောက်တွင် တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ချစ်ဦး ဟူ၍ ရေးသား ထားသည်။
စစ်အစိုးရ၏ ကြောထောက်နောက်ခံ ဖြစ်သည့် ကြံ့ဖွံ့ပါတီက နေရာဒေသအနှံ့တွင် ၎င်းတို့ ပါတီအတွက် မဲထည့်ပေးရန် ဝါဒဖြန့် နေကြ သည်။ ထိုကြောင့် ဒေသအသီးသီးရှိ မွန်လူမျိုးများ အနေနှင့်လည်း ယခု ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲနိုင်ရန်အတွက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မဲထည့်ပေးသင့်သည်ဟု ဘုရားသုံးဆူမြို့ရှိ ဝါရင့်မွန်နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
၎င်းက “ဒီနယ်စပ်ဒေသမှာ ဝင်ပြိုင်မယ့် ပါတီတွေရဲ့ အကြားမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ထိုးဖောက်ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက်နဲ့ မွန်ပြည်သူများကလည်း အတွေ့အကြုံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်လူမျိုး ဖြစ်တဲ့ မွန်ပါတီကို မဲထည့်ပေးကြပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် အခြားသော ပါတီများလှုပ်ရှားမှု မရှိသေးသည့်အတွက် ကျေးရွာ အများစုမှ ထောက်ခံမဲများ အပြည့်အဝ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း မွန်အမျိုးသား အကျိုးဆောင်က ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ် အနောက်ဖက်ဒေသများသည် ကြံ့ဖွံ့ပါတီကို ထောက်ခံသည့် မဲနယ်မြေ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများစာရင်း ကြေငြာပြီးနောက်ပိုင်းတွင် ဒေသခံအာဏာပိုင်တို့က ပြောထားသည်။
သို့သော် ဇမိမြစ်အနောက်ဖက်ရှိ မွန်ကျေးရွာများ ဖြစ်သည့် ဗလဲ့ဒွန်းဖိုက်ကျေးရွာ၊ ခလောက်ခနီ၊ ထီဝါဒို့၊ မဲကသာ၊ တဒိန်နှင့် အနန်း ကွင်း ကျေးရွာအထိ နယ်မြေများကို ဒေသလုံခြုံရေး မရှိဟု အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပပေးမည် မဟုတ်ကြောင်း ကိုလည်း ထပ်မံ ပြောကြားထားသည်။
ထို့ကြောင့် ၎င်းအကျိုးဆောင်အဖွဲ့များက ဘုရားသုံးဆူမြို့နယ်ရှိ ချောင်းဆုံကျေးရွာ၊ ရွာသစ်၊ လှည်းဆိပ်၊ ကျော့ဟဖလု အစ ရှိသည့် ကျေးရွာများနှင့် မြို့ပေါ်ရှိ မွန်ပြည်သူများသာ စည်းရုံးရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး ပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။