တွေ့ဆုံရေးသည်သာ နိုင်ငံရေးလမ်းကြောင်း အမှန်ဟု မွန်ပြည်သစ်ပြော

တွေ့ဆုံရေးသည်သာ နိုင်ငံရေးလမ်းကြောင်း အမှန်ဟု မွန်ပြည်သစ်ပြော
by -
မင်းအဲ၊ မင်းအာသံ

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းရင်းသား များအတွက် နိုင်ငံရေးလမ်းကြောင်း ထွက်ပေါက် မဟုတ်ဘဲ သုံးပွင့်ဆိုင် တွေ့ဆုံရေးသည်သာ နိုင်ငံရေး လမ်းကြောင်း အစစ်အမှန်....

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းရင်းသား များအတွက် နိုင်ငံရေးလမ်းကြောင်း ထွက်ပေါက် မဟုတ်ဘဲ သုံးပွင့်ဆိုင် တွေ့ဆုံရေးသည်သာ နိုင်ငံရေး လမ်းကြောင်း အစစ်အမှန်ဟု ၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ပါတီလက်အောက်ရှိ ပလဲ့ဒွန်းဖိုက်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး မွန်ပြည်သစ် ပါတီဥက္ကဌ နိုင်ထောမွန်၏ တော်လှန်ရေးနေ့ သဝဏ်လွှာတွင် လာမည့် ၂ လကျော် အတောအတွင်း စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပပြီး ၄င်းတို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသက်သွင်းရန် မြန်မာစစ် အစိုးရမှ  စီစဉ်နေသည်။
NMSPP-300x168
“မွန်ပြည်သစ်ပါတီတို့က ယနေ့ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာ အခြေအနေကို တိုင်းရင်းသားများနှင့်အညီ ပါဝင်ဆွေးနွေး သွားရန် ရည်ရွယ်ခဲ့တာကြောင့် စစ်အစိုးရထံ ပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တယ်၊ သို့သော် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမှာ ၂၀၀၈ မူကြမ်းနှင့် မူဝါဒပုံစံကို အသက်သွင်းပြီ ပြည်သူ့စစ် ပုံစံနှင့် နယ်ခြားစောင့်တပ် ပုံစံအဖြစ် မွန်ပြည်သစ်ကို ဖိအားပေးခဲ့တယ်” ဟု မွန်ပြည်သစ် ဒု-စစ်ဦးစီးချုပ် နိုင်လရီဂကောင်းက ပြောသည်။

၎င်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး စစ်အစိုးရ၏ ပရိယာယ်သာ ဖြစ်သည့်အတွက် သဘောမတူကြောင်း၊ တိုင်းရင်းသားများ ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန်အတွက် ၄င်းတို့ ထောက်ပြထားသည့် အချို့အချက်အလက်များကို ပြင်ဆင်နေဆဲ ဖြစ်သည်ဟု ၄င်းသဝဏ်လွှာက ဆိုပါသည်။

ယခုကဲ့သို့ စစ်အစိုးရတို့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို အစီအစဉ်တကျ လုပ်ထားရာ ဒီမိုကရေစီစနစ် ဖြစ်ရာ မရောက်သည့်အတွက် အစိုးရ ဖိအားပေးလာသည့် နယ်ခြားစောင့်နှင့် ပြည်သူ့စစ် ပုံစံကို မွန်ပြည်သစ် ပါတီဘက်မှ ပြင်းထန်စွာ ဆန့်ကျင်လာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်သည်။

အခမ်းအနား၌ “ကျနော်တို့ ပါတီဟာ စစ်အစိုးရကို ပြောထားပြီးပြီ။ သူတို့ လုပ်ခိုင်းတဲ့ နယ်ခြားစောင့်တပ်ဖြစ်ဖြစ် ပြည်သူ့စစ်ဖြစ်ဖြစ် လုံးဝလက်မခံပါဘူး၊ အကယ်၍ စစ်အစိုးရက စစ်အင်အား ကြီးကျယ်စွာ ထိုးစစ်ဆင်လာခဲ့ရင် ပါတီဘက်မှာ တောင့်ခံတဲ့ အင်အား ရှိမရှိဆိုတာ ပြောရခက်ပါတယ်။ ရန်သူဘက်မှ စစ်အင်အား ဘယ်လောက်နဲ့ တိုက်မလဲ ဘယ်လိုပုံစံနဲ့ တိုက်မလဲဆိုတာ ကျနော်တို့လဲ သေသေချာချာ မသိနိုင်ပါဘူး။ ကျနော်တို့မူကတော့ တော်လှန်စစ်ဆိုတာ ရေရှည်တော်လှန်တဲ့ စစ်ဖြစ်တယ်၊ ကျနော်တို့ တိုက်ရင် အခြေခံပြောက်ကျားစနစ်နဲ့ ပြန်ပြီး တိုက်သွားမယ့် အစီအစဉ် ရှိပါတယ်” ဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။

မွန်ပြည်သစ်ပါတီတို့သည် တော်လှန်ရေးနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပသည့် ဘုရားသုံးဆူအနီး ဂျပန် ရေတွင်း ရွာမှာ မလုပ်ဘဲ ပလဲ့ဒွန်းဖိုက်ကျေးရွာမှာ ပြောင်းရွေ့ကျင်းပခဲ့သည်။

ယခုကဲ့သို့  နေရာပြောင်းရွေ့လိုက်သော်လည်း ယင်းအခမ်းအနားကို စစ်အင်အားများ၊ မွန်ပြည်သူအများနှင့် သံဃာတော်များ အပါအဝင် စုစုပေါင်းလူအင်အား ၃၀၀ ကျော် တက်ရောက်ကြသည်။

အလာတူပင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သံဃာတော်များ၊ ကျောင်းသားလူငယ်များနှင့် မွန်လူငယ် များလည်း မွန်တော်လှန်ရေးနေ့ အထိမ်အမှတ်ဖြင့် ကွယ်လွန်ခဲ့သော နိုင်တင်မောင် ရှိရာ ပေါင်မြို့သို့ သွားရောက် ဂါရဝပြုကြသည်။

ဂါရဝပွဲ တက်ရောက်ခဲ့သော မွန်ပြည်သူ အများစုမှာ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ် အစရှိသော နယ်အသီးသီးမှ နိုင်ငံရေး စိတ်အားတက်ကြွ သံဃာတော်များ၊ ကျောင်းသားများနှင့် လူငယ်များ ဖြစ်ပြီး ဂါရဝပြုပွဲကို စည်ကားစွာ ကျင်းပခဲ့သည်ဟု သွားရောက်ခဲ့သော မွန်လူငယ်တစ်ဦးက ပြောသည်။

“ကျနော်တို့ မွန်ခေါင်းဆောင်ဟောင်း ဖြစ်တဲ့ နိုင်တင်မောင်ကို အခုလို ပန်းစည်းတွေနဲ့ ဂါရဝပြုတာ ဒါဟာ သဘာဝကျပါတယ်၊ ကျနော်တို့ မွန်လူငယ် အနေနဲ့လဲ ဂုဏ်ယူပါတယ်၊ အခုလို ဂါရဝပြုပွဲကို သွားတဲ့ အကြောင်းကတော့ မွန်လူငယ်တွေအကြား ဆက်သွယ်မှုလည်း ရခဲ့တယ်” ဟု ၄င်းက ပြောသည်။

ထိုမျှမက ပြည်ပနိုင်ငံတွေ ဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံရောက် မွန်လူမျိုးများလည်း ၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။