မွန်ပြည်နယ်အတွင်း မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ဘက်မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချပေးနေသော CDMA-450 MHz ဖုန်းကို ဒေသခံများ အသုံးများ....
မွန်ပြည်နယ်အတွင်း မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ဘက်မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချပေးနေသော CDMA-450 MHz ဖုန်းကို ဒေသခံများ အသုံးများလာကြသည်။
အဆိုပါ ဖုန်းကို လိုချင်သူများ မော်လမြိုင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ လျှောက်ထားနိုင်ပြီး ၅ သိန်း တန်ဖိုးဟု ဆိုသော်လည်း နယ်ဘက်မှာ ကျပ်ငွေ ၆ သိန်းနှင့် ရ သိန်းကြား ပေးနေရသည်။ ထိုဖုန်းအတွက် ဖုန်းကဒ်ကို ၃ သောင်း ပေးဝယ်ရကာ တစ်မိနစ်လျှင် ၅၀ ကျပ် ကုန်ကျသည်ဟု မုဒုံမြို့နယ်ရှိ ဖုန်းလျှောက်ထားသူ တစ်ဦးက ပြောသည်။
“အခု နောက်ဆုံးထွက်တဲ့ ဖုန်းပေါ့နော်။ လူတွေ တော်တော်ဝယ်ယူနေကြတယ်။ ကျနော်တို့ ရွာမှာဆို ၄ လုံးလောက် လျှောက်ထားကြတယ်။ ကွမ်တာကျေးရွာမှာဆို ၁၀ လုံးအထက်တော့ ရှိကြတယ်” ဟု ၎င်းက ပြောသည်။
ဖုန်းလျှောက်ချင်သူများအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျေးရွာထိ စာရင်းလာရောက် ကောက်ခံ နေကြောင်း ဖုန်းတိုင်များလည်း စိုက်ထူနေပြီး ဖြစ်သည့်အတွက် လျှောက်ထားသူ များပြားလာကြောင်း သံဖြူဇရပ်မြို့မှ ဖုန်းလျှောက်ထားသူ တစ်ဦးက ပြောသည်။
“သံဖြူဇရပ်မြို့ပေါ်မှာဆို အများကြီး လျှောက်ကြတာပဲ။ အလုံးဘယ်လောက်လဲတော့ မသိနိုင်ဘူးလေ။ ကျမတို့ အမတွေတောင် လျှောက်ထားသေးတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ကျပ် ၁၇ သိန်းတန် CDMA ဖုန်း ချပေးနေပြီး ၄င်းဖုန်းအတွက် ဖုန်းကဒ် မလိုကြောင်း၊ သို့သော် စျေးကြီး ပေးဝယ်ရသည့်အတွက် ဝယ်သူနည်းပါးပြီး ယခုနောက်ပိုင်း ချပေးနေသည့် CDMA-450 MHz ဖုန်းကိုသာ စျေးသက်သာစွာဖြင့် ပေးဝယ်ရသည့်အတွက် ဝယ်သူများသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုမြို့ပေါ်မှာ CDMA-450 MHz ဖုန်းအမျိုးအစား လျှောက်ထားသူ အများအပြား ရှိနေကြောင်း အသုံးပြုနေပြီ ဖြစ်သည့် လူများလည်း ရှိနေကြောင်း လျှောက်ထားတာ ကျလာသည့် အချိန်မှသာ သတ်မှတ်ထားသော စျေးနှုန်းပေးရသည်ဟု အခြားသံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
ယခုလို နယ်ဘက်မှာပါ CDMA-450 MHz ဖုန်းလိုမျိုး ချပေးနေမှုအပေါ် တချို့က ဒေသခံများကို ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးမှုပင် ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။