အိမ်သစ် ဆောက်ထားသူများ အခွန်စတင် ပေးဆောင်နေရ

အိမ်သစ် ဆောက်ထားသူများ အခွန်စတင် ပေးဆောင်နေရ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၂၀၀၇-၂၀၁၀ ခုနှစ်အတွင်း၌ တည်ဆောက်ထားသည့် အိမ်များကို မြို့နယ် မယကတို့မှ အခွန်စတင်...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၂၀၀၇-၂၀၁၀ ခုနှစ်အတွင်း၌ တည်ဆောက်ထားသည့် အိမ်များကို မြို့နယ် မယကတို့မှ အခွန်စတင် ကောက်ခံနေသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ မြို့နယ်မယကဥက္ကဌမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်အသစ်များကို အခွန်ငွေပေးဆောင်ရမည်ဟု ညွန်ကြားထားပြီး ယခု မတ်လ ၂၅ ရက်နေ့မှာ ကျေးရွာဥက္ကဌမှတဆင့် စတင်ကောက်ခံနေပြီးဖြစ်သည်။

“၂၅ ရက်နေ့မှာ သူတို့တွေ ဆင်းလာတယ်၊ ရွာဥက္ကဌကနေကောက်တာ ဘယ်သူမှမပေးနိုင်ဘူး၊ မပေးချင်ကြဘူး၊ အဲဒါကြောင့်မို့ သူတို့ကိုယ်တိုင် ဆင်းလာပြီးတော့ ကောက်တယ်၊ ဒါပေမယ့် အဲဒီနေ့က ဘယ်သူမှ မပေးဖြစ်ဘူး၊ အခုဆို အိမ်အသစ်တွေမှာ သူတို့စာကပ်ထားတယ်၊ ဧပြီလအတွင်းမှာ နောက်တကြိမ်လာမယ်၊ အဲဒီအခါကျရင် ပေးရမယ်” ဟု မုဒုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ကောက်ခံရာတွင် အိမ်ဆောက်ထားသည့်နှစ်အပေါ်မှာ မူတည်ပြီး ၂ သိန်းကနေ ၅ သိန်းအထိ ကောက်ခံသွားမည်ဖြစ်သည်။

“အခုလ ၂၅ ရက်နေ့မှာ အားလုံးပေးရမယ်ဆိုပြီး ပြောထားတယ်၊ တချို့ကတော့ ပေးနိုင်လို့ ပေးလိုက်ပြီး၊ တချို့ကျတော့ မပေးနိုင်ဘူး၊ အဲဒီနေ့မှာ မပေးနိုင်တဲ့ လူတွေ ကျတော့ နောက်ထပ် ရက်ချိန်းလိုက်တယ်” ဟု တခြားဒေသခံတစ်ဦးက ပြောသည်။

ယခုလို အခွန်ကောက်ခံရန်အတွက် မြို့နယ်မယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို အစည်းအဝေးခေါ်ယူပြီး၊ ကျေးရွာဥက္ကဌမှတဆင့် ထိုအခွန်ကို ကောက်ခံရန် ညွှန်ကြားထားသည်။

“အိမ်ပေါ်မူတည်ပြီးတောင်းတယ်၊ နှစ်ထပ်တိုက်ဆိုရင် ၄ သိန်းခွဲ၊ တိုက်ပုဆိုရင် ၃ သိန်းခွဲ၊ သစ်အိမ်ဆိုရင်တော့ ၂ သိန်းခွဲ၊ အားလုံးပေးရမယ်လို့ ကျေးရွာဥက္ကဌကနေ ညွှန်ကြားထားတယ်” ဟု ၄င်းဒေသခံက ပြောသည်။

မုဒုံမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း (၄၂)  ရွာခန့် ရှိပြီး၊ တချို့ကျေးရွာတွေမှာ ပေးဆောင်နေရပြီးရှိသလို တချို့ကျေးရွာတွေမှာ မပေးနိုင်သေး၍ နောက်ထပ် ရက်ချိန်းလိုက်သည်လည်းရှိသည်။

“ဒီလို အိမ်အသစ်ဆောက်လို့ အခွန်ပေးရတာ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်၊ အရင်က မပေးရဘူး၊ အခုမှ အိမ်ခွန်ဆိုတာ ပေါ်လာတယ်၊ တချို့ပိုက်ဆံရှိတဲ့ လူကျတော့ တောင်းသလောက်ပေးနိုင်တာပေါ့ မရှိတဲ့လူကျတော့ ဘာပေးရမှာလည်း ဒုက္ခရောက်ရပြီးပေါ့” ဟု နှီးပဒေါ်ရွာခံတစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လမှာလည်း စည်ပင်သာယာရေးဦးစီးဌာနမှ ကရင်ပြည်နယ် ခရား၊ သံလယ်စသည့် မွန်ကျေးရွာတွေမှာ ၄င်းတို့မှ ၂၀၀၇ နှင့် ၂၀၀၉့ ခုနှစ်အတွင်း ဆောက်လုပ်ထားသော အိမ်အသစ်များကို ကုန်ကျစရိတ် အပေါ်မူတည်၍ ရာခိုင်နှုန်းဖြင့် ငွေကြေးတောင်းခံခဲ့ကြောင်း သိရပါသည်။

ခရားကျေးရွာတွင် ၂ သိန်း လောက်သာ ပေးဆောင်ရပြီး သံလယ်မှာ ဆောက်ထားတဲ့ အိမ်အပေါ်မူတည်ပြီ (၁၁) သိန်းကနေ (၁၄) သိန်းအထိ စည်ပင်သာယာရေး ဦးစီးဌာနက လာရောက်တောင်းခံခဲ့သည်။ သို့သော် အိမ်ရှင်များက တောင်းဆိုကာ ၉ သိန်းအထိ လျှော့ပေးခဲ့သည်။

ထိုနည်းတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သမ္မတကျေးရွာမှာလည်း အသစ်ဆောက်လုပ်ထားသောအိမ်များကို ဒေသခံအာဏာပိုင်တို့မှ အိမ်ခွန်ဟုဆိုကာ ငွေကြေး တောင်းခံသွားသည်။

Most read this week