အဖမ်းဆီးခံထားရသည့် အလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်နေရ

အဖမ်းဆီးခံထားရသည့် အလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်နေရ
ကော့သောင်းမြို့အဝင်မှာ ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်သည့်အတွက် လက်ရှိအနေအထားမှာ အစားအစာအတွက်...

ကော့သောင်းမြို့အဝင်မှာ ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်သည့်အတွက် လက်ရှိအနေအထားမှာ အစားအစာအတွက် အခတ်အခဲကြံုတွေ့နေရသည်။

ဖမ်းဆီးခံထားရသည့် အလုပ်သမား အယောက် (၁၀၀) ကျော်သည် တဖက်နိုင်ငံသို့ တရားမဝင်ခိုးဝင်သည့်ပြစ်မှုမှလွဲပြီး ပြစ်မှုတစုံတရာကျူးလွန်ခြင်းမရှိပဲ အာဏာပိုင် တို့မှ နေရပ်သို့ ပြန်ပို့ပေးခြင်းမရှိသည့်အပြင် ကော့သောင်းရှိ ရပ်ကွက်ရယကရုံးတွေမှာ ချုပ်နှောင်ထားသည်မှာ တစ်လနီးပါးရှိနေပြီးဖြစ်သည်။

“ဖမ်းထားတဲ့လူတွေကို ပြန်လည်းမပို့ဘူး၊ လွှတ်လည်း မလွှတ်ပေးဘူး၊ အစာလည်းမကျွေး၊ ရေလည်းမပေးသောက် မပေးချိုးဘူး၊ သူတို့တတွေ တော်တော် ဒုက္ခ ရောက်နေကြပြီး” ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်ရန် ရေးလမ်း၊ ကားလမ်း၊ လေယာဉ်လမ်းဖြင့် ကော့သောင်းသို့ ဝင်လာသူများကို ကော့သောင်းဗျူဟာမှူး ခင်လတ်ကြည်မှ ဦးဆောင်ပြီး ခရီးသည် မှတ်ပုံတင်များစစ်ဆေးကာ ကော့သောင်းဒေသမှ မဟုတ်သူများအားလုံး အကုန်ဖမ်းပြီး သက်ဆိုင်ရာ ရပ်ကွက် ရယကရုံးမှာ ချုပ်နှောင်ထားသည်။

“ကော့သောင်းအဝင်ဂိတ်အားလုံးမှာ ရဲတွေ စစ်တပ်တွေ စောင့်နေတယ်၊ တကယ်လို့ ဥပမာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားရင် ဖမ်းလိုက် တယ်၊ ထားဝယ်တို့ မြိတ်တို့ကဆို မဖမ်းဘူး၊ ဒါပေမယ့် အဲဒီလူတွေကို တကယ်လို့ ညညမှာ တည်းခိုခန်းမှာ တည်ရင်တော့ အဖမ်းခံရမှာပဲ၊ သဘောကတော့ ကော့သောင်းက လူတွေမဟုတ်ဘူးဆိုတဲ့သဘောပေါ့” ဟု ကော့သောင်းမြို့မှ ပွဲစာတစ်ဦးက ပြောသည်။

ကော့သောင်းမြို့ပေါ်ရှိ (lucky) တည်းခိုခန်း၊ ခေတ်သစ်ဆန်းတည်းခိုခန်း၊ ဘုရင်မတည်းခိုခန်း၊ လကမ္ဘာတည်းခိုခန်းတွေမှာ တည်းနေကြသည့် ခရီးသည်မှန်သမျှကို ညပိုင်းအချိန်မှာ ဝင်ရောက်ဖမ်းဆီးလိုက်ပြီး၊ သက်ဆိုင်ရာ ရယကရပ်ကွက်ရုံးတွေမှာ ချုပ်နှောင်ထားကြသည်။

ထိုတည်းခိုခန်းတွင် ဝင်ရောက်တည်းခိုသူများအားလုံးကို တည်းခိုခန်းတာဝန်ခံမှ သက်ဆိုင်ရာသို့ ဧည့်စာရင်းတိုင်ကြားထားသော်လည်း ယခုလိုဖမ်းဆီးခံရဆဲဖြစ်သည်။

ယခုလက်ရှိဖမ်းဆီးထားသည့် ရွှေ့ပြောင်းအလုပ်များကို ဘုရင့်နောင်ရပ်ကွက်၊ အတ္တဝါရပ်ကွက်၊ ရွှေဟသာင်္ရပ်ကွက်၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရွှေပြည်သာရပ်ကွက် အစရှိသည့် ရပ်ကွက်ရယကရုံးတွေမှာ အစာမကျွေးပဲ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။

ယခုလို ဖမ်းဆီးမှုတင်းကြပ်လာသည်မှာ ကော့သောင်းဗျူဟာမှူးအသစ်ပြောင်းလာပြီးနောက်ပိုင်း ၄င်းမှ တရားမဝင် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသူများကို တင်းကြပ်စွာ စစ်ဆေးနေခြင်းကြောင့်ဖြစ်သည်။

“ဗျူဟာမှူးပြောင်းပြီးတော့ ယခုလို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်၊ တချို့ ဒီကော့သောင်းမှာ တာဝန်ကျနေတဲ့ ရဲအုပ်တွေ၊ တပ်ကြပ်တွေ ဒုရဲအုပ်တွေ ပြုတ်သွားတာ တွေလည်း ရှိနေတယ်၊ သဘောကတော့ အဲဒီလူတွေ လာဘ်စားထားပြီးတော့ အခုလို တရားမဝင်ခိုးဝင်တဲ့လူတွေကို ခွင့်ပြုထားတယ်ဆိုတဲ့သဘောပေါ့” ဟု အထက်ပါ ပွဲစာက ပြောသည်။

Most read this week