ယခုလို ကျောင်းသားများ စားမေးပွဲဖြေဆိုချိန်ကာလအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အများစုမှ မီးပုံမှန်မရရှိခြင်းကြောင့် ကျောင်းသားများအပါအဝင် ကျောင်းသားမိဘများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
“မုဒုံမြို့ပေါ်မှာဆိုရင် မီးပုံမှန်မလာတော့ဘူး၊ ပိုဆိုးတာက ကျောင်းသားတွေ စားမေးပွဲဖြေနေတဲ့အချိန်လည်းဖြစ်နေတယ်၊ တချို့မီးစက်ရှိတဲ့အိမ်ဆို ဆီဝယ်ပြီးတာ့ ကိုယ့်မီးစက်နဲ့ ကိုယ်မောင်းရတယ်၊ စက်မရှိတဲ့အိမ်ဆို အခက်အခဲဖြစ်တာပေါ့ ဘယ်လိုလုပ်ရမှာလဲ ကိုယ့်သားသမီးအတွက် အခက်အခဲဖြစ်တာပေါ့၊ မီးစက်မရှိတဲ့အိမ်မှာ ကျောင်းသားတွေ ဖယောင်းတိုင်မီးနဲ့ စာဖတ်နေရတယ်” ဟု မုဒုံမြို့ပေါ်ရှိ အလယ်တန်းကျောင်းသားမိဘတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၅ လခန့်က မုဒုံမြို့တဝိုက်တွင် မီးပုံမှန်လာနေပြီး၊ တချို့ရက်တွေမှာ တနေကုန်လာပြီး၊ တချို့ရက်တွေမှာ နေ့လာပြီး၊ ညပျက်သွားသည်လည်း ရှိခဲ့သည်။ မီးပျက်သည်ဟုဆိုသော်လည်း ခဏလေးသာပျက်ပြီး ပြန်လာလေ့ရှိသည်။ သို့သော် ယခုအခြေအနေသည် ယခင်ကထက် ပိုမိုဆိုးဝါးနေကြောင်းသိရသည်။ မီးလာဟုဆိုသော်လည်း လူအများအိပ်ရာဝင်ချိန်နှင့် မအားလပ်သည့်အချိန်မှာသာ လာလေ့ရှိပြီး၊ လာလိုက် ပျက်လိုက်နှင့် တစ်ခါတစ်လေဆိုလျှင်လည်း ည (၁၀) နာရီ၊ နံနက် (၂) နာရီမှသာ ထလာတက်သည်။
“မနှစ်ကဆို စာမေးပွဲဖြေချိန်မှာ မီးမလာလို့ မော်လမြိုင်မှာ ကျောင်းသားတွေ ဆန္ဒပြကြတယ်၊ ဒီနှစ်မှာလည်း မီးက လာကိုမလာတာ၊ မနှစ်ကလိုပဲ၊ ခဏပဲလာပြီးတော့ တနေကုန် တညလုံးပျက်သွားရောပဲ၊ ဒါပေမယ့် မနှစ်ကလိုတော့ ဘယ်သူမှ မလှုပ်ရှားရဲဘူး၊ ကျောင်းသားတွေလည်း ငြိမ်းနေကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ယခုလို စာမေးပွဲကာလအတွင်း မီးပုံမှန်ပျက်နေခြင်းကြောင့် တချို့သော စီးပွားရေးအဆင်ပြေသည့်ကျောင်းသားမိဘများအတွက် အခက်အခဲဖြစ်နိုင်ချေနည်းသော်လည်း တချို့သော စီးပွားရေးအဆင်မပြေသည့်ကြားမှ သားသမီးပညာရေးအတွက် ကျောင်းထားနေကြရသည့် မိဘများအတွက် အခက်အခဲမျိုးစုံနှင့် ကြံုတွေ့နေကြသည်။
“တလောကတော့ လာလိုက် ပျက်လိုက်နဲ့ မီးလာတော့ လာတယ်၊ မော်လမြိုင်မြို့မှာဆို တစ်နေ့လုံးမှာမှ (၅-၆) နာရီလောက်ပဲလာတယ်၊ ကျောင်းသားတွေ စာမေးပွဲ မဖြေခင်ကဆို ဟုတ်တာပေါ့၊ အခုလို စားမေးပွဲကာလမှာဆိုရင် မီးအချိန်ပြည့်ပေးသင့်တာပေါ့၊ ကျောင်းသားတွေရော မိဘတွေရော ဒုက္ခရောက်ကြရတယ်၊ ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဘယ်သူမှ မကျေနပ်ကြပေမယ့် ဘယ်သူမှလည်း မပြောရဲ မဆိုရဲပါဘူး” ဟု မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
မုဒုံမြို့ပေါ်မှာသာမက မုဒုံမြို့နယ်အတွင်းရှိ လျှပ်စစ်မီးရယူထားသည့် ကျေးရွာများမှာလည်း တစ်နေ့လျှင် (၂-၃) နာရီလောက်သာ မီးရရှိနေပြီး၊ တချို့ရက်တွေမှာ ခဏသာလာလေ့ရှိသော်လည်း တချို့ရက်တွေမှာ လုံးဝမလာသည့်ရက်များလည်းရှိသည်။ ယခုလိုအခြေအနေမျိုးမှာ ၁၀ တန်းကျောင်းသား/သူများနှင့် သက္ကသိုလ် ကျောင်းသားများအတွက် များစွာအခက်အခဲ ကြံုတွေ့ကြရသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ (၆) ရက်နေ့တုန်းကလည်း ယခုလို စာမေးပွဲကာလအတွင်း မီးပုံမှန်မလာသည့်အတွက်ကြောင့် ၁၀ တန်းကျောင်းသား/သူများနှင့် တက္ကသိုလ်ကျောင်းသား စုစုပေါင်းအယောက် ၁၀၀ ကျော်တို့က မော်လမြိုင်မြို့ မန္တလေးရပ်ကွက် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးမီးစက်ရုံနှင့် ရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဆိုင်ကယ်ဖြင့် လှည့်လည်ပြီး မြိုင်သာယာရပ်ကွက်တွင် လျှပ်စစ်မီးပေးရန် တောင်းဆိုခဲ့ကြသည်။
ထိုကဲ့သို့ ကျောင်းသားများ လျှပ်စစ်မီးပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီး နောက်တနေ့မှာ မြိုင်သာယာတရပ်ကွက်လုံးမှာ လျှပ်စစ်မီး ပုံမှန်ပြန်လည်ရရှိလာခဲ့သည်။