ဖမ်းစီးမည့် သတင်းကြောင့် မလေးရှားရောက် အလုပ်သမားများ ထိပ်လန့်နေကြ

ဖမ်းစီးမည့် သတင်းကြောင့် မလေးရှားရောက် အလုပ်သမားများ ထိပ်လန့်နေကြ
by -
မိကျလွန်းထော
လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော နိုင်ငံရပ်ခြား အလုပ်သမားများအား ဖမ်းစီးနှင်ထုတ်မည်ဟု မလေးရှားနိုင်ငံထုတ် စတာသတင်းစာတွင် ထုတ်ပြန်ကြေငြာထားသည့်အတွက် အလုပ်သမားများ...

လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော နိုင်ငံရပ်ခြား အလုပ်သမားများအား ဖမ်းစီးနှင်ထုတ်မည်ဟု မလေးရှားနိုင်ငံထုတ် စတာသတင်းစာတွင် ထုတ်ပြန်ကြေငြာထားသည့်အတွက် အလုပ်သမားများ ထိပ်လန့်နေကြသည်။

“မလေးရှားအစိုးရက သူ့တို့နိုင်ငံမှာ နိုင်ငံရပ်ခြားကအလုပ်သမားတွေ ပြန်မထွက်ပဲ အလုပ်နေကြတဲ့အတွက် ရှင်းပြစ်ချင်လို့ အခုလိုသတင်းစာမှာကြေငြာပြီး အမိန့်ထုတ်လိုက်တာပါ၊ အဲဒီလို ကြေငြာလိုက်တော့ တချို့အလုပ်သမားတွေဆိုရင် အလုပ်ရှင်က တာဝန်မယူတာတို့၊ ခိုးဝင်လာတဲ့အလုပ်သမားတွေကတော့ အရမ်းကြောက်နေကြတယ်၊ အခုဆို အလုပ်သမားတွေ ခိုးပြီး အလုပ်လုပ်နေကြရတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) မလေးရှားမှ အတွင်းရေးမှုး ဦးအောင်ကျော်ဆက်က ပြောသည်။

ယခုလိုမျိုး မလေးရှားအစိုးရမှ ဖမ်းဆီမည်ဆိုသည့်သတင်း ထုတ်ပြန်ကြေငြာထားသည်ကို မသိရှိသေးသည့် အလုပ်သမားများလည်းရှိနေသည်ဟု မလေးရှားရှိ ကတာမြို့တွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ကျွန်တော်တို့ ဘာမှမသိသေးဘူး၊ သူဌေးလည်း ဘာမှမပြောရသေးဘူး၊ အဲဒီလို လာဖမ်းမယ်ဆိုရင် သူဌေးကအရင်သတိပေးပြီးတော့ ပုန်းခိုင်နေကျပဲ၊ ပြီးခဲ့တဲ့လကတောင် ကျနော်တို့ရှောင်ရသေးတယ်၊ အခု ဖမ်းစီမှုက အခြေနေဆိုးမယ်ထင်တယ်၊ ဒါပေမယ့် သူဌေးက ဘာမှမပြောရသေးဘူး” ဟု ၄င်းက ဆိုသည်။

မလေးရှား-ထိုင်းနယ်စပ်ရှိ ပါတမ်းမြို့တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးကလည်း “မလေးရှားအစိုးရက ဖမ်းမယ်ဆိုရင် သတင်း ထုတ်နေကျပဲ၊ ဒါပေမယ့် သူတို့ဖမ်းချင်မှ ဖမ်းမှာပါ၊ သတိနဲ့တော့ နေနေရတာပေါ့” ဟု မြန်မာအမျိုးသမီးတစ်ဦးက ဆိုသည်။

၄င်းတို့သာမက UN လက်မှတ်ရရှိထားသည့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများလည်း လာရောက်ဖမ်းစီးမည်ကို ထိပ်လန့် နေကြသည်ဟု မလေးရှားရောက် မွန်လူငယ်များအဖွဲ့ ဒုဥက္ကဌ ကိုဥက္ကာက ပြောသည်။

“UN လက်မှတ်ရထားလည်း မလေးရှားအစိုးရက ဖမ်းလို့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီ UN လက်မှတ်က မလေးရှားအစိုးရနဲ့ သဘောတူ ထားတာ မရှိသေးလို့၊ တကယ်လို့ UN လက်မှတ်ရထားတဲ့သူ အဖမ်းခံထိရင် UN အဖွဲ့ကနေပြီး ပြန်ထုတ်ပေးတယ်၊ အချို့ အရမ်းဆိုးတဲ့ မလေးရှားစစ်သားနဲ့တွေ့မယ်ဆိုရင် ပိုက်ဆံတော့ပါပေးရတယ်၊ အခုဆိုရင် UN လက်မှတ်ရထားတဲ့ မြန်မာအလုပ်သမားအများစုက လာဖမ်းမှာကိုစိုးရိမ်နေကြတယ်” ဟု ၄င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားများအနက် UN လက်မှတ်ရရှိပြီးသူဦးရေမှာ ရ၅၀၀၀ ဦးရှိပြီး၊ ၄င်းတို့အနက် မြန်မာနိုင်ငံသား ၆၀၀၀၀ ဦး ရှိသည်ဟု ကိုဥက္ကာက ဆက်ပြောသည်။

မလေးရှားအစိုးရမှ ယခုလိုမျိုး ဖမ်းစီးမည်ဟု ကြေငြာချက်ထုတ်ပြန်ထားသည်မှာ လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင်တကြိမ်၊ ၁၉၉၉ ခုနှစ်၊ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင်လည်း ဖစ်းစီးမှုများပြုလုပ်ခဲ့ပြီး၊ ယခု ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ဖမ်းစီးမည့် သတင်းကို ပြန်လည်ထုတ်ပြန်လာသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများသာမက ဖိလစ်ပိုင်၊ ဘင်္ဂလာဒေ့ရှ်လူမျိုးများလည်း အများအပြား ဝင်ရောက်လုပ်ကိုင်နေကြသည်။ မလေးရှား နိုင်ငံရောက် နိုင်ငံခြားအလုပ်သမား စုစုပေါင်း ၂ သန်းကျော်ရှိပြီး၊ ၄င်းမှ မြန်မာအလုပ်သမား ၆ သိန်းနီးပါးရှိသည်။ တရားဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိပြီး၊ တရားမဝင် မြန်မာအလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်နေကြသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (NLD-LA) မလေးရှားမှ အတွင်းရေးမှုး ဦးအောင်ကျော်ဆက်က ပြောသည်။

Most read this week