သံဃာတော်တစ်ပါး အဖမ်းခံရပြီးနောက် အင်တာနက်ဆိုင်များ စစ်ဆေးခံရ

သံဃာတော်တစ်ပါး အဖမ်းခံရပြီးနောက် အင်တာနက်ဆိုင်များ စစ်ဆေးခံရ
by -
နိုင်စန်း၊ မင်းအဲ
သံဖြူဇရပ်မြို့ပေါ်တွင် သံဃာတော်တစ်ပါး အဖမ်းခံရပြီးနောက် မြို့ပေါ်ရှိ အင်တာနက်ဆိုင်များ အာဏာပိုင်တို့မှ စစ်ဆေးမေးမြန်းခြင်းခံရကြောင်း စုံစမ်း...

သံဖြူဇရပ်မြို့ပေါ်တွင် သံဃာတော်တစ်ပါး အဖမ်းခံရပြီးနောက် မြို့ပေါ်ရှိ အင်တာနက်ဆိုင်များ အာဏာပိုင်တို့မှ စစ်ဆေးမေးမြန်းခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

“သံဖြူဇရပ်မှာ သံဃာတော်တစ်ပါး အဖမ်းခံရပြီးတော့ အခုဆို အင်တာနက်ဆိုင်မှာ လူအဝင်အထွက်နည်းသွားပြီး၊ အဲဒီဘုန်းကြီး အဖမ်းခံရပြီး နောက်မှာ အာဏာပိုင်တွေ အင်တာနက်ဆိုင်ရှင်တွေကို ခေါ်မေးတာတွေလည်းရှိခဲ့တယ်” ဟု သံဖြူဇရပ်မှ အင်တာနက် ဝင်သုံးနေသူမြို့ခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ ညနေ ၂ နာရီခွဲခန့်တွင် အရှင်ဥက္ကံသဆိုသူ သံဃာတော်တစ်ပါးအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် ရဲများက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ၄င်းမြို့ပေါ်ရှိ အင်တာနက်ဆိုင်များမှာ အင်တာနက်သုံးစွဲသူ နည်းပါးလာကြောင်း သိရသည်။

ဆိုင်ရှင်များကို အာဏာပိုင်တို့မှ ခေါ်တွေ့မေးမြန်းရာမှာ ထိုကဲ့သို့ သံဃာတော်တစ်ပါးကို ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း အင်တာနက်ဆိုင်မှာ တခြား သံဃာတော်များ အင်တာနက်လာရောက်သုံးစွဲမှုရှိ မရှိကို မေးမြန်းသွားကြောင်း စုံစမ်းသိရသည်။

“အခုဆို အင်တာနက်သုံးသူတွေ မရှိသလောက်ကို နည်းသွားပြီး၊ သံဃာတော်တစ်ပါး အဖမ်းခံရပြီးတော့ ဆိုင်တွေမှာလည်း ရဲတွေ လာရောက် မေးမြန်းနေတယ် ဆိုတော့ ဘယ်သူက အင်တာနက်ဆိုင်တွေ ဝင်ရဲတော့မှာလည်း” ဟု အထက်ပါ မြို့ခံက ပြောသည်။

အခုလိုမျိုး အာဏာတို့မှ သံဖြူဇရပ်ရှိ အင်တာနက်ဆိုင်များ စစ်ဆေးမေးမြန်းရခြင်းမှာ အဖမ်းခံရသည့် သံဃာတော်က သံဖြူဇရပ်ရှိ အင်တာနက်ဆိုင်တွေမှာ အင်တာနက်ဝင်ရောက် သုံးစွဲခဲ့ဖူးသောကြောင့်ဖြစ်သည်။

“အရင်ကဆို အင်တာနက်တခါခါသုံးဖို့ အကြာကြီး စောင့်ရတယ်၊ အခုဆို ကွန်ပျူတာတွေက လွတ်နေတာပဲ” ဟု သံဖြူဇရပ်မှ လူငယ်တစ်ဦးက ပြောသည်။

သံဃာတော်အား ဖမ်းဆီးစဉ်တွင် လက်ဆွဲကွန်ပျူတာတစ်လုံး၊ ဗွီဒီယိုကင်မရာတစ်လုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာတစ်လုံးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက် ၄ ရွက်နှင့်အတူ အဖမ်းခံထားရသည်။

အဖမ်းခံရသည့် ညတွင်ပင် မုဒုံမြို့ရှိ ရဲများနှင့် အဖွဲ့ပေါင်းစုံမှ အယောက် ၃၀ ခန့် ထိုသံဃာတော် နေထိုင်ရာ နိုင်လှုံကျေးရွာရှိ အောင်ဇေယျ ပရိယတ္တိစာသင်တိုက်သို့ လာရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး၊ ကွန်ပျူတာအပိုပစ္စည်းများနှင့် သူ၏အသုံးအဆောင် စာရွက်စာတမ်းများကို သိမ်းဆည်း သွားခဲ့သည်။