အလှည့်ကျ ပေးသည့်မီး ပုံမှန်ပြန်ပျက်လာ

အလှည့်ကျ ပေးသည့်မီး ပုံမှန်ပြန်ပျက်လာ
by -
ကွန်းချမ်း
ရေအားလျှပ်စစ်ကို အားကိုးအားထားပြုလျှက်ရှိသည့် ရန်ကုန်မြို့တွင် မိုးတွင်းကာလ ၂ လခန့်မှလွဲပြီး မီးပျက်လေ့ရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ်လောက်မှစပြီး မြို့တော်ရန်ကုန်မှာ မီးအချိန်ပြည့်မရတော့ပဲ အလှည့်ကျစနစ်ဖြင့်...

ရေအားလျှပ်စစ်ကို အားကိုးအားထားပြုလျှက်ရှိသည့် ရန်ကုန်မြို့တွင် မိုးတွင်းကာလ ၂ လခန့်မှလွဲပြီး မီးပျက်လေ့ရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ်လောက်မှစပြီး မြို့တော်ရန်ကုန်မှာ မီးအချိန်ပြည့်မရတော့ပဲ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးရရှိခဲ့သည်။

မြို့တော် နေပြည်တော်သို့ ပြောင်းသွားသည့်နောက်ပိုင်းမှစပြီး ရန်ကုန်မြို့ရှိ လျှပ်စစ်မီးပေးဝေစနစ် သိသိသာသာ ကျဆင်းလာခဲ့သည်။ ယခုတလော အလှည့်ကျလာနေသည့်မီးကလည်း ကြားဖြတ်ပုံမှန်ပျက်လာပြီး မြို့ခံများ စိတ်ညစ်နေကြရသည်။

“သက်ဆိုင်ရာက သတင်းထုတ်ပြန်ချက်လည်းမရှိတော့ ယာယီပျက်တာလား သည်အတိုင်းဆက်သွားမလား ဆိုတာကလည်း မပြောနိုင်ကြဘူး။ ဒီ့ထက် ဆိုးဆိုးဝါးဝါးပျက်ခဲ့တာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းမတိုင်ခင်က စပ်ကြားဖြစ်ပြီးတော့ အဲဒီနောက်မှာ အလှည့်ကျမီးပေးစနစ်က အုပ်စုခွဲပေးဝေစနစ်ဖြင့် ပုံမှန်ရလာတယ်” ဟု ရန်ကုန်မြို့ခံ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုးတွင်းကုန်ခါနီးတိုင်း လျှပ်စစ်မီးကို အုပ်စု (အေ၊ ဘီ၊ စီ) စနစ်ဖြင့် သုံးအုပ်စုခွဲပြီး ရန်ကုန်မြို့မှာ ပေးဝေလေ့ရှိသည်။ အုပ်စုအေ၊ အုပ်စုဘီ၊ အုပ်စုစီ စနစ်ဖြစ်သည့် ၆နာရီ၊ ၁၂နာရီ၊ ၁၈နာရီဖြင့်ရရှိခဲ့သည်။ ၂၀၀၇ ရဲ့ အစောပိုင်းလွန်အချိန်တွေမှာ လာချိန်လည်းပျက် ပျက်ချိန်လည်းပျက်နှင့် ဆိုးဝါးသည့်အခြေအနေပင်ဖြစ်သည်။

“တချို့မိသားစုတွေမှာ မီးလာတဲ့အချိန်ကျတော့ အကုန်လုံးက အလုပ်သွားကြတယ်။ အိမ်ပြန်ရောက်တဲ့အခါကျတော့ မီးကမလာတော့ ရေလည်းမတင်ဖြစ်တော့ဘူး။ သုံးဖို့အတွက် ရေအခက်အခဲ မကြာခဏကြုံတွေ့ရတယ်၊ ချက်ဖို့အတွက် မီးသွေးတွေပြန်ဆင်းဝယ်ရတယ်၊ အလုပ်ကနေပြန်လာတာ မောတဲ့ကြားထဲ၊ တခါတလေ မရှိမဖြစ်သုံးဖို့ရေတွေအတွက် လူဌားထမ်းခိုင်းရတာတွေလည်းရှိတယ်” ဟု တာမွေမြို့နယ် ကျောက်မြောင်း သင်တန်းကျောင်းတခုမှ အသက် ၄၀ အရွယ် သင်တန်းဆရာမတစ်ဦးက ပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများစွာအတွက် လျှပ်စစ်မီးသည် အဓိကအရေးပါဆုံးဖြစ်ပေမယ့် ဖွံ့ဖြိုးမှု နှောင့်နှေးသည့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို ကျယ်ကျယ် ပြန့်ပြန့် မပေးဝေသည့်အပြင် ရေးအားလျှပ်စစ်မှ ထုတ်လုပ်ခဲ့သည့် လျှပ်စစ်မီးကို နိုင်ငံတကာသို့ ရောင်းချနေသည်။

သတင်းစာရောင်းနေသူတစ်ဦးကလည်း “သတင်းစာတွေကို ဒီအတိုင်းသွားမထိနဲ့ မီဂါဝပ်တွေသိပ်များတယ်၊ ဓါတ်လိုက်လိမ့်မယ်” ဆိုပြီး ရယ်ရယ်မောမောနှင့် ပြောသွားသည်။

နိုင်ငံပိုင် သတင်းစာမှာ ထုံးစံအတိုင်း ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ ဆည်တာတမံတွေ ဘယ်လောက်ရှိနေပြီးလည်း စသဖြင့် နေ့စဉ်နဲ့အမျှ ဖော်ပြနေပေမယ့် ပြောင်းလည်းမှုမရှိပဲ မီးပုံမှန်ပျက်နေသည့်အပြင် အလှည့်ကျစနစ်လည်း ပုံမှန်ပျက်လာပြီး ဖြစ်သည်။

စျေးကွက်သဘောအနေဖြင့် အင်တာနက်ဆိုင်များလည်းပါဝင်သည်။ (မီးပျက်မီးလာ ၄၀၀) ဆိုပြီး နေရာတော်တော်များများမှာ ကြောငြာထားသည်ကို တွေ့ရှိရသည်။ မီးမလာသည့်အတွက်ကြောင့် မီးစက်မောင်းပြီး ဆိုင်ဖွင့်ရသူများ အဆင်မပြေမှုနှင့် ရင်ဆိုင်လာရသည်။ သုံးစွဲသူများသည့်ဆိုင်မှာ မီးစက်ဖြင့် အဆင်ပြေသော်လည်း တချို့ဆိုင်တွေမှာ အဆင်မပြေကြပေ။ ယခုနောက်ပိုင်း  (အင်တာနက်ဆိုင်တဆိုင်လုံးရောင်းသည်) ဆိုပြီး ကြေငြာစားစောင်များပင် ထွက်ပေါ်လာသည်။

Most read this week