၂၀၀၈ ခုနှစ် အောက်တိုဘာလခန့်က အဆမတန်ကျဆင်းသွားသည့် ရာဘာစျေး သည် ယခုလမှစပြီး အမြင့်ဆုံးစျေးသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ရာဘာစျေး ထိုးတက်လာခြင်းကြောင့် ရာဘာကိုသာ အဓိကစီးပွားရေးဝင် ငွေတစ်ခု အဖြစ် စောက်ချလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်အတွင်းရှိ ရာဘာလုပ်သားများက လည်း စီးပွားရေးပြန်လည် ကောင်းမွန်လာနေပြီ ဖြစ်သည်။
“ဒီလကနေစပြီးတော့ စျေးပြန်တက်သွားတယ်၊ အရင် စျေးမကျခင်က စျေးထက် တောင် ကျော်နေပြီ၊ နေ့တိုင်းလိုလို တက်နေတယ်၊ တချို့ရက်တွေမှာ ကျတာတော ့ရှိတယ်၊ ဒါပေမယ့် ကျပြီး ပြန်တက် အဲလိုဖြစ်နေတယ်၊ ကျနော်တို့လို ရာဘာခြံလုပ် သူတွေအတွက်ကတော့ အကောင်းဆုံးပဲပေါ့” ဟု ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ယခုလက်ရှိ ရာဘာအကောင်းစား (အပါး) တစ်ပေါင်၏ ပေါက်စျေးသည် ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်ကြားတွင် စျေးငြိမ်နေပြီး၊ ရာဘာ (အထူ) တစ်ပေါင်၏ ပေါက် စျေးသည် ၉၀၀ ကျပ်ကျော် ရှိသည်။ ယခင်က တစ်ပေါင် ၁၂၀၀ ကျပ်မှ ၃၀၀ ကျပ်ထိ ကျဆင်းထားသည်ကို ယခုလမှစပြီး အမြင့်ဆုံးစျေးသို့ ရောက်ရှိနေသည်။
“ရာစျေးပြန်တက်လာတော့ ရာဘာကိုသာ အဓိကလုပ်ကိုင်နေကြတဲ့ လူတွေအတွက် စားဝတ်နေရေး အဆင်ပြေလာကြတယ်၊ ရာဘာစျေးကျတုန်းကဆို အခက်အခဲအမျိုး မျိုးနဲ့ ကြံုခဲ့ရတယ်၊ ရာဘာစျေးကလည်းကျ၊ ကုန်စျေးနှုန်းကလည်းတက် ဆိုတော့ အခက်အခဲ ဖြစ်ကြတာပေါ့၊ ဒီနှစ်မှာလည်း တကယ်လို့ ရာဘာစျေး သာမကောင်းရင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး၊ ဆန်စျေးတွေကလည်း တက်နေတယ်ဆိုတော့” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
မွန်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ရာဘာစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်လာရာ တစ်နိုင်ငံလုံးတွင် ရာဘာအများဆုံး စိုက်ပျိုးထုတ်လုပ်သောဒေသ လည်း ဖြစ်သည်။
“စျေးကျတုန်းက ဝယ်လှောင်ထားတဲ့ အဝယ်ဒိုင်တွေကျတော့ အမြတ်အများကြီး ရကြတယ်၊ ကျနော်တို့ကျတော့ မသိုလှောင်ထားဘူး၊ အခုဆို အဝယ်ဒိုင်ကြီးတွေ ကုမ္မဏီတွေက ရသလောက်ကို သူတို့လိုက်ဝယ်နေတယ်၊ စျေးကောင်းကောင်းနဲ့ သူတို့လိုက်ဝယ်တယ်၊ လိုတဲ့အချိန်မှာပေါ့၊ စျေးကျတုန်းကဆို တချို့အဝယ်ဒိုင်တွေက မဝယ်ကြဘူး၊ အဲဒါကြောင့် ကျနော်တို့လည်း မဝယ်ရဲဘူး” ဟု မုဒုံမြို့နယ်မှ ရာဘာ ရောင်းဝယ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံတွင်လည်း ရာဘာစျေးမြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံရှိရာဘာခြံများတွင် သွားရောက်လုပ်ကိုင်နေကြသည့်မြန်မာ အလုပ်သ မားများလည်း ယမန်နှစ်ကထက် နေရပ်ဆီသို့ငွေပိုမိုလွှဲပို့နိုင်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် ရာဘာလုပ်သားတို့ကပြောသည်။
မြန်မာ့နိုင်ငံ၏ ရာဘာစိုက်ပျိုးမှုသည် မြေညီမြေပြန့်ဒေသတွင်သာမက ကုန်းမြေများ၊ တောင်စောင်းများနှင့် လျုုိမြောင်များရှိသည့်ရှမ်းပြည်နယ်၊ ကချင်နယ်နှင့် တနသာင်္ ရီတိုင်းတွင်လည်း စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ်သည်ဟု စစ်အစိုး ရထုတ်မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ရာဘာများကို တရုတ်နိုင်ငံ၊ မလေးရှား၊ အန္ဒိယနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိသည်။
မြန်မာနိုင်ငံတွင် တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တို့သည် ရာဘာအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ရာဘာစိုက်ပျိုးမြေဧက ၄ သိန်းပြည့်မီရန် လျာထားကြောင်း စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။