ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်သူ အလွန်များပြားလာသည်ဟု သိရသည်။
မြန်မာအလုပ်သမားများသည် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူများ လက်တွေ့ခံစားနေရသော အခွင့်အရေးများကို တွေ့မြင်လာခဲ့ကြရာမှ ထိုလက်မှတ်အပေါ် ယုံကြည်မှုရှိလာသည်ဟု ထိုင်းနိုင်ငံ မဟာချိုင်မြို့ ရေခဲစက်ရုံမှ မွန်အလုပ်သမားတစ်ဦးက ဆိုသည်။
“အစကတော့ ဗမာအစိုးရကို သိပ်မယုံကြည်ဘူး၊ အခုတော့ ကျွန်တော့်တူ ကိုယ်တိုင်သွားလုပ်တာ အားလုံးအဆင်ပြေတယ်၊ ဘာပြဿနာမှ မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ပတ်စပို့လုပ်ဖို့ စိတ်ဝင်စားလာတာပါ၊ အခု ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ရုံမှာ မွန်၊ ဗမာ အလုပ်သမား ၃၀၀ လောက်ရှိတယ်၊ အားလုံး လုပ်ကြမယ်၊ အခုဆိုရင် တာချီလိတ်ဘက်မှာ တစ်နေ့ကို လူအယောက် ၁၅၀ လောက် သွားလုပ်နေကြတယ်” ဟု ၄င်းက ပြောသည်။
မဟာချိုင်မြို့ရှိ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၁ သောင်းဝန်းကျင်ခန့်သည်လည်း ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လျှောက်လွှာ တင်ထားကြပြီဖြစ်ကြောင်း ၄င်းစက်ရုံမှ မြန်မာအလုပ်သမတစ်ဦးက ဆိုသည်။
ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူဦးရေမှာ ၁ သောင်းကျော် ရှိနေပြီး၊ လက်ရှိ စာရင်းတင်သွင်းထားသူများမှာ မဟာချိုင်မြို့ရှိ မြန်မာအလုပ်သမားအားလုံး၏ တစ်ဝက်ကျော် ရှိသည်ဟု မဟာချိုင်မြို့ရှိ ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွာတင်သွင်းသည့်နေရာတွင် ကူညီဆောင်ရွက်ပေးနေသည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
“ဒီ မဟာချိုင်မှာရှိတဲ့ အလုပ်ရုံတော်တော်များများက ပတ်စပို့လုပ်ဖို့ လျှောက်လွှာတင်နေကြတယ်၊ အခုဆိုရင် မဟာချိုင်မြို့မှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ ၃ ပုံ ၂ ပုံလောက်က တင်ထားပြီးပြီ၊ လုပ်တဲ့သူ များများလာတယ်” ဟု ၄င်းက ပြောသည်။
မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူ များပြားလာကြောင်းကိုု မဟာချိုင်မြို့ရှိ HRDF (Human Right Development Foundation) အလုပ်သမားအခွင့်အရေးနှင့် ဖွ့ံဖြိုးရေးဖောင်ဒေးရှင်းကလည်း ပြောသည်။
“အလုပ်သမားတွေ ပတ်စပို့လုပ်တာ အရင်ကထက်များလာပြီ၊ သူတို့အရှေ့က ပတ်စပို့ရပြီးတဲ့ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာနေတာကို သူတို့မြင်တော့ လုပ်လာကြတယ်လေ၊ အချို့လူတွေကျတော့ မြန်မာအစိုးရနဲ့ အလိမ်ခံရမှာစိုးလို့ မလုပ်ကြတဲ့သူတွေလည်း ရှိပါတယ်” ဟု ထိုဖောင်ဒေးရှင်းမှ တာဝန်ခံ ကိုစိန်ဌေးက ပြောသည်။
မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် အလွယ်တကူလုပ်ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် ဝန်ဆောင်မှုအဖွဲ့အစည်း ၅ ဖွဲ့ကျော် ရှိပြီး ၄င်း အဖွဲ့အစည်းတို့မှ ညှိနှိုုင်းပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ကုန်ကျစရိတ်အားလုံးအတွက် ထိုင်းဘတ်ငွေ ၄၅၀၀ ဘတ် ယူရန် သတ်မှတ် ထားကြသည်ဟု ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Bi weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
၄င်းအပြင် မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် လုပ်ခွင့်သက်တမ်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးရက်ဟု သတ်မှတ် ထားသော်လည်း ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ထိုင်းနိုင်ငံမှ နောက်ထပ်သက်တမ်း ၂ နှစ် တိုးမြှင့်ပေးလိုက်သည်ဟု ယခုလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် တင်ပြထားပါသည်။