ကားပိုင်ဆိုင်သူများထံ ငွေကြေးကောက်ခံ

ကားပိုင်ဆိုင်သူများထံ ငွေကြေးကောက်ခံ
by -
မိကျလွန်းထော
မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ရပ်ကွက်ဥက္ကဌများက မီးသတ်ကားများ ပြင်ဆင်ရန်အတွက် မြို့ရှိ ကားပိုင်ဆိုင်သူများထံ၌ ယမန်နေ့မှစ၍ ငွေကြေး...

မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ရပ်ကွက်ဥက္ကဌများက မီးသတ်ကားများ ပြင်ဆင်ရန်အတွက် မြို့ရှိ ကားပိုင်ဆိုင်သူများထံ၌ ယမန်နေ့မှစ၍ ငွေကြေးလိုက်လံ ကောက်ခံနေသည်ဟု သိရသည်။

လိုင်စင်ရှိကားဖြစ်ပါက တစ်စီးလျှင် ၅ ထောင်ကျပ် ပေးရပြီး၊ လိုင်စင်မရှိသော ကားဖြစ်ပါက ကျပ် ၁ သောင်း ပေးဆောင်ရသည်။ ကားအမျိုးအစား သတ်မှတ်ချက် မရှိသည့်အပြင် ထော်လာဂျီကားအသေးစား ပိုင်ဆိုင်သူများလည်း ၄င်းအတိုင်း ပေးဆောင်နေရသည်ဟု သံဖြူဇရပ်မြို့ရှိ လိုင်စင်ရှိသော ကားပိုင်ရှင်တစ်ဦးက ဆိုသည်။

“မနေ့က ရပ်ကွက်ဥက္ကဌက လာကောက်သွားတယ်၊ စားဝတ်နေရေး အဆင်မပြေတဲ့ကြားထဲက ပိုက်ဆံလာတောင်းနေတယ်၊ သားသမီးတွေ ကျောင်းစရိတ်ကလည်း ရှိသေးတယ်၊ မပေးချင်လည်း ပေးလိုက်ရတယ်” ဟု ၄င်းက ပြောသည်။

လွန်ခဲ့သော နှစ်များတွင် မီးသတ်ကား ပြင်ဆင်ရန်အတွက် ကောက်ခံခြင်းမရှိကြောင်းနှင့် ယခုနှစ်မှသာ စတင်ကောက်ခံနေကြောင်း သိရသည်။
ကားလိုင်စင် မရှိသော သံဖြူဇရပ်မြို့ပေါ်မှ အမျိုးသားတစ်ဦးကလည်း “သူတို့ ကောက်ချင်သလို ကောက်နေကြတာပဲ၊ ကျွန်တော့်မှာလည်း လိုင်စင်မရှိဘူးဆိုတော့ မငြင်းချင်တော့ပါဘူး၊ သူတို့တောင်းသလောက် ပေးလိုက်တယ်” ဟု ဆိုသည်။

မီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကျေးရွာဥက္ကဌတို့က ယခုကဲ့သို့ အကြောင်းမျိုးမျိုးပြပြီး ငွေကြေး မကြာခဏ ကောက်ခံနေကြောင်း သိရသည်။
သံဖြူဇရပ်မြို့တွင် မီးသတ်ကား ၂ စီးသာ ရှိပြီး ၄င်းမီးသတ်ကားမှာ နှစ်အတန်ကြာ အသုံးပြုခဲ့သည့်အတွက် အလွန်ပင် ဟောင်းနွမ်းနေပြီ ဖြစ်သည်။

“အဲဒီမီးသတ်ကား ကျွန်တော်တို့ငယ်ငယ်လေးကတည်းက တွေ့နေရတယ်၊ သူတို့လည်း တစ်ခါမှ မပြင်ဘူး၊ မီးလောင်တဲ့အချိန်ဆိုရင် တစ်ရွေ့ရွေ့နဲ့ သွားနေတယ်၊ စိတ်နဲ့မရဘူးပေါ့ဗျာ၊ မီးသတ်ကား နှစ်စီးပြင်တာ ဒီလောက်အထိ ပိုက်ဆံကောက်နေ တာတော့ လွန်တာပေါ့ ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် လိုင်စင်ရှိမော်တော်ကားနှင့် လိုင်စင်မဲ့ကား ၂၀၀၀ ခန့်ရှိသည်ဟု ကားပြေးဆွဲသူတစ်ဦးက ပြောသည်။ လွန်ခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သံဖြူဇရပ်မြို့ မီးသတ်ဌာနအနီးရှိ စစ်အစိုးရပိုင် ရာဘာသိုလှောင်ရုံ မီးလောင်သွားခဲ့သော်လည်း မီးလောင်ရာနေရာသို့ မီးသတ်ကား မရောက်ရှိခဲ့ဟု ဒေသခံတို့က ပြောသည်။

ထိုသို့ကောက်ခံနေသည်မှာ သံဖြူဇရပ်မြို့အတွင်း တစ်ခုတည်းကိုသာ ကောက်ခံခြင်း ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် ကောက်ခံခြင်း မရှိသေးကြောင်း သိရပါသည်။

Most read this week