မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရှိ မွန်ကျေးရွာခရီးစဉ်အတွင်း ရေး၊ တံတားဖြူ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားစဉ် ၄င်းဂိတ်မှ နိုင်ဟံသာကို မသိရှိသည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွှေခံရသည်ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။
“နိုင်ဟံသာကို စစ်အစိုးရက အထူးတစ်ယောက်အနေနဲ့ စောင့်ကြည့်ဖို့ သတ်မှတ်ထားတယ်။ အခုလို နိုင်ဟံသာ ရေး၊ တံတားဖြူဂိတ်ဖြတ်တာကို မသိတဲ့အတွက် အဲဂိတ်က ဗိုလ်ကြီး အပြောင်းခံရတယ်။ နအဖတို့ကလည်း နိုင်ဟံသာ ဘယ်သွားသွား သူတို့သိချင်တဲ့အတွက် အခုလို မသိတဲ့သူကို အပြစ်ပေး လိုက်တာဖြစ်မယ်။” ဟု ၄င်းက ပြောသည်။
နိုင်ဟံသာ ဆင်းပြီးနောက်ပိုင်း မြန်မာစစ်အစိုးရက ၄င်းဂိတ်ကို် စစ်ဆေးရေး တင်းကျပ်ထားပြီး ဝါးလုံးတန်းတိုးပြီး ပိတ်ထားသည်ဟု ထိုခရီးစဉ်သို့ လိုက်ပါသွားသော အရာရှိတစ်ဦးက ပြောသည်။
“ဂိတ်မှာ တားထားတဲ့ ဝါးလုံးတန်းက အရင်ကဆို တစ်လုံးပဲ၊ အခုက နှစ်လုံးတောင်် ဖြစ်သွားပြီး။ အခုဆိုင်ကယ်က လွဲပြီး ကားအဝင်အတွက်အားလုံးကို စစ်တယ်။ ရွာဘက်လူတွေ ဆိုရင်တော့ သွားရလာရတာ အရမ်းခက်မယ်။” ဟု ၄င်းက ပြောသည်။
မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးလရီစင်း ဆင်းမည်ဟု ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံက တံတားဖြူဂိတ်သို့ အကြောင်းကြားထားသော်လည်း နိုင်ဟံသာက သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးလို၍ ထိုခရီးစဉ်ကို အစားထိုးဆင်းသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အသိုင်းအဝိုင်းထံမှ သိရပါသည်။
“နိုင်ဟံသာက ပါတီရဲ့ရပ်တည်ချက်နဲ့့ ၂၀၁၀ ရွေးကောက်ပွဲမဝင်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်။ ကျနော်နဲ့ နိုင်အောင်မငေးကို နအဖက စောင့်ကြည့်နေတယ်။ ကျနော်တို့ရဲ့ ပါတီအကြားမှာရှိတဲ့ ဗဟိုကော်မတီဝင် အချင်းချင်း အမြင်စောင်းသွားအောင်လည်း သူတို့က လိုက်လုပ်နေတယ်။ ဥပမာ ပြရမယ်ဆိုရင်တော့ နအဖက နိုင်ရှောင်နဲ့ နိုင်အောင်နိုင်ကို စည်းရုံးပြီး မွန်အချင်းချင်း ပြဿနာဖြစ်အောင် လုပ်နေတယ်လို့ ရှင်းလင်းပွဲခရီးစဉ်မှာ သူပြေားခဲ့တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။
နိုင်ဟံသာသည် ရ-၁၁-၂၀၀၉ မှ ၁၂-၁၁-၂၀၀၉ ထိ မွန်ကျေးရွာ များဖြစ်သော ဝယ်ဇင်၊ ခနီ၊ နှစ်ကရုတ် စသည့်တို့ဖြစ်သည်။ ထိုရှင်းလင်းပွဲခရီးစဉ်ကို သံဃာတော်များ၊ မွန်လူငယ်များ၊ ဒေသခံများနှင့် အခြား မွန်အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြောင်း သိရပါသည်။