ယခုနိုဝင်ဘာလဆန်းမှစ၍ သံဖြူဇရပ်မြို့ရှိ ရပ်ကွက်များနှင့် မြို့နယ်ဝန်းကျင်အတွင်းရှိ ကျေးရွာများ မီးသတ်သင်တန်း မတက်မနေရ တက်နေရသည်ဟု သိရသည်။
“မတက်မနေရလို့ မီးသတ်တပ်ဖွဲ့က ပြောထားတယ်၊ တချို့ မအားတဲ့ သူတွေကြတော့ လူငှားရတာပေါ့၊ ဒီမြို့ပေါ်မှာပဲ တက်ရတယ်၊ မီးသတ်သင်တန်းပေးပြီးတော့ မီးလောင်လို့ မီးသတ်တာလည်း မတွေ့ပါဘူး” ဟု သံဖြူဇရပ်မြို့ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
သံဖြူဇရပ်မြို့ရှိ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တစ်ရပ်ကွက်လျှင် ၂၀ ဦးနှင့် ကျေးရွာတစ်ရွာလျှင် ၅ ဦးစီ တက်ရမည်ဟု လွန်ခဲ့သည့် အောက်တိုဘာလကုန်တွင် အကြောင်းကြားထားသည်။ ၄င်းသင်တန်းကို သံဖြူဇရပ်မြို့ရှိ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဌာနတွင် နိုဝင်ဘာလဆန်းမှစ၍ တစ်လတိတိ တက်ရမည် ဖြစ်သည်။
ပွင့်လင်းရာသီ ဆောင်းဥတုသို့ရောက်ရှိလာသည့်အတွက် မီးသတ်သင်တန်းပေးသည်ဟု အမည်ခံထားသော်လည်း လက်တွေ့တွင် မီးသတ်သင်တန်း၊ အခြေခံစစ်လက်နက်သင်တန်း စသည့် အခြေခံစစ်တပ်နှင့်ပတ်သက်သည့်အကြောင်းများ သင်ကြားသွားမည်ဟု သင်တန်းဆရာတစ်ဦးနှင့် နီးစပ်သည့် သံဖြူဇရပ်မြို့သားတစ်ဦးက ပြောသည်။
“အဓိကကတော့ ဒီလာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အခုတက်နေတဲ့သင်တန်းသားတွေက ပြည်သူတွေကို ဘယ်လိုစည်းရုံးရမှာရယ်၊ ပြီးတော့ ပြည်သူကြားမှာလည်း ဘယ်လိုဦးဆောင်ပြီး နေရာယူသွားရမှာကို သင်ကြားသွားမှာဖြစ်ပါတယ်” ဟု သင်းတန်းဆရာပြောသည့်စကားကို ကိုးကား၍ ၄င်းမြို့သားက ဆက်ပြောသည်။
သံဖြူဇရပ်မြို့နှင့် တစ်မိုင် ၄ ဖာလုံအကွာရှိသော ဝဲသွန်ချောင်းကျေးရွာတွင်လည်း ရွာသားများ အစိုးရ မီးသတ်တပ်ဖွဲ့ဌာနတွင် မီးသတ်သင်တန်း သွားတက်နေရသည်ဟု ၄င်းရွာသားတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ရွာက ၁၀ ယောက်ခေါ်တယ်၊ ၈ ယောက်လောက်ပဲ သွားတက်ကြတယ်၊ မအားကြလို့လေ၊ ဒီသင်တန်းက တစ်လကြာမယ်လို့တော့ ပြောတယ်၊ ရွာကလူငယ်တွေ နေ့တိုင်းအသွားအပြန် တက်နေကြတာ ကျွန်တော်မြင်တယ်” ဟု သံဖြူဇရပ်မြို့နှင့် တစ်မိုင် ၄ ဖာလုံအကွာရှိသော ဝဲသွန်ချောင်းကျေးရွာမှ ရွာသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ မီးသတ်သင်တန်း ပေးရခြင်းမှာ ၄င်းတို့၏အဖွဲ့အစည်းအင်းအားကို တိုးမြှင့်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးသိမ်းသွင်းခြင်း ဖြစ်နိုင်သည်ဟု သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာ မွန်လူငယ်ညီညွတ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ထင်မြင်ချက်ပေးသည်။
“သူတို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲအတွက် သူတို့လူတွေ ဖြစ်လာအောင် စုနေတာပါ၊ ဒီသင်တန်းကလည်း မီးသတ်သင်တန်းသက်သက်တော့ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအကြောင်းတွေကိုလည်း ထည့်ပြီးစည်းရုံးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ၄င်းက ပြောသည်။
ထိုသို့ မီးသတ်သင်တန်းတက်ရန်အတွက် ဌာနမှ ညွှန်ကြားပြီးနောက် ရပ်ကွက်လူကြီးများက ရပ်ကွက်အတွင်းရှိ အမျိုးသားများအား ခေါ်ယူရွေးချယ်ပြီး သင်တန်းတက်စေခဲ့သည်ဟု သိရသည်။