မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု (မြင်းဆေးသုံးစွဲမှု) ပိုမိုများပြားလာကြောင်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲသူအများစုသည် တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်းကျောင်းသားလူငယ်များနှင့် ပြည်ပနိုင်ငံမှ ပြန်လာသည့် လူငယ်များအပါဝင် တချို့သော အိမ်ထောင်သည်တွေလည်း သုံးစွဲနေကြသည်။
“အများစုကတော့ ကျောင်းသားတွေ ပြည်ပက ပြန်လာတဲ့လူငယ်တွေ သုံးတာများတယ်၊ ညနေဆောင်းချိန်ဆိုရင် သူတို့တွေအုပ်စုနဲ့ ၃-၄ ယောက် စသုံးကြတာရှိတယ်” ဟု လူငယ်များ ဆေးဝါးအပေးအယူ ပြုလုပ်နေသည့်အချိန်တွင် မြင်တွေ့ခဲ့သည့် ဓမ္မသရွာသားတစ်ဦးက ပြောသည်။
၄င်းမူးယစ်ဆေးဝါးသည် ကျေးရွားအတွင်း သုံးစွဲနေကြသည့်လူငယ်များအကြားတွင် ပေါ်ပေါ်ထင်ထင်ပြန့်နှံ့နေပြီး၊ အဓိကရောင်းဝယ်နေသူကိုသာ တိတိကျကျ မသိရှိရသေးပါ။
“အခုဆိုရင် ကျနော်တို့ရွာမှာတောင် လူငယ်အယောက် တစ်ရာကျော်လောက်က ဆေးသုံးနေကြတယ်၊ တခြားရွာတွေမှာလည်း ဒီလိုပဲသုံးနေကြတယ်၊ ကျနော်တို့ရွာမှ တချို့ကခလေးတွေ တခြားရွာမှာ သွားဝယ်နေတာလဲရှိတယ်၊ ဒါကို ကျနော်ကိုယ်တိုင် တွေ့ခဲ့တယ် သူတို့တတွေအပေးယူလုပ်နေတဲ့ အချိန်မှာပေါ့” ဟု ဓမ္မသရွာသားက ဆက်ပြောသည်။
အတည်မပြုနိုင်သေးသည့် သတင်းတစ်ရပ်အဖြစ် ယခုလိုကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါး ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လာရသည်မှာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ဒီကေဘီအေနှင့် ကေဘီအက်ဖ်အဖွဲ့တို့ မှလာရောက်ဖြန့်ဖြူးနေကြောင်း ဒေသခံတို့က ပြောဆိုနေကြသည်။
ယခုလိုမျိုး ကျေးရွာအတွင်း လူငယ်များမူးယစ်ဆေးဝါသုံးစွဲနေမှုအပေါ် တာဝန်ရှိသူကျေးရွာဥက္ကဌအပါဝင် ဒေသခံအတွင်းရှိ ရဲတပ်ဖွဲ့တို့ကလည်း အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ရန် မရှိသေးကြောင်းလည်း သိရသည်။
“ယခုလို ခလေးတွေဆေးသုံးစွဲတာ များလာလေ မိဘနဲ့သားသမီးကြားမှာဆိုရင် ပြဿနာတွေကဖြစ်လာတယ်၊ တချို့ခလေးဆိုရင် ပိုက်ဆံတောင်းမရတော့ အိမ်ကိုသောင်းကျန်းတယ်။ အခြေအနေကတော့ဆိုးလာတာပေါ့။ တကယ်လို့ ဒီဆေးတွေသာ အခုလိုပဲပြန့်နေမယ် ဒီထက်ပိုပြန့်လာမယ်ဆိုရင်တော့ အခြေနေက ပိုပြီးဆိုးလာမှာပဲ ဒါကိုကျနော်တို့အနေနဲ့မြင်တယ်” ဟု တခြားဒေသခံတစ်ဦးက ပြောသည်။
လူငယ်များ သုံးစွဲနေသည့် မူးယစ်ဆေးဝါးများသည် တစ်လုံးလျှင် ၃၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ စျေးရှိပြီး၊ ဆေးဝါးအမျိုးအစားပေါ်မူတည်ကာ စျေးနှုန်းလည်း ကွဲပြားမှုရှိသည်။ အထူးသဖြင့် လူငယ်များ စုဝေးရာ တက္ကသိုလ်ကျောင်းပတ်ဝန်းကျင်တွင် အလွယ်တကူဝယ်ယူနိုင်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မူးယစ်ဆေးဝါးတို့သည် ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်တို့မှ တင်သွင်းလာကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။