မြို့နယ်အခွန်ဦးစီးဌာနမှ အမြတ်တော်ခွန် ကောက်ခံ

မြို့နယ်အခွန်ဦးစီးဌာနမှ အမြတ်တော်ခွန် ကောက်ခံ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ရှိ အကောက်ခွန် ဦးစီဌာနတို့မှ ယခုလအတွင်း အမြတ်တော်ခွန် စည်းကြပ်ရန်အတွက် လုပ်ငန်းရှင်များသာမက စျေးသည်များကိုပါ ယမန်နေ့က အစည်းအဝေး ခေါ်ယူတွေ့ဆုံထား ...

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ရှိ အကောက်ခွန်ဦးစီဌာနတို့မှ ယခုလအတွင်း အမြတ်တော်ခွန် စည်းကြပ်ရန်အတွက် လုပ်ငန်းရှင်များသာမက စျေးသည်များကိုပါ ယမန်နေ့က အစည်းအဝေး ခေါ်ယူတွေ့ဆုံထားကြောင်း သိရသည်။

ဘုရားသုံးဆူရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနသည် မြို့တွင်းရှိ ကွမ်းယာဆိုင်များကအစ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ အိမ်နှင့် အခန်းငှားသူများ၊ ပရိဘောဂဆိုင်များနှင့် အခြားသော လုပ်ငန်းရှင်များ၏ ဝင်ငွေအပေါ်တွင် ၁၅ ရာခိုင်နှုန်း အမြတ်တော်ခွန်အဖြစ် အခွန်စည်းကြပ်မည်ဟု သိရပါသည်။

အကောက်ခွန်များစည်းကြပ်ရာတွင် ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်အတွက် နှစ်နှစ်စာကောက်ခံမည်ဖြစ်ပြီး၊ တချို့က ၂၀၀၈ ခုနှစ်အတွက် အရင်ပေးဆောင်ကြသည်။

အခွန်ဆောင်ရာ တစ်နှစ်စာဝင်ငွေပေါ်မူတည်ပြီး ကောက်ခံသည် အချို့အကြီးစားဖွင့်ထားသူများက ဘတ်ငွေ နှစ်သောင်းနီးပါး ပေးဆောင်ရသည်များလည်း ရှိသည်။

၄င်းအမြတ်တော်ခွန်အတွက် မြို့နယ်ဥက္ကဌနှင့် ရပ်ကွက်ဥက္ကဌတို့က တာဝန်ယူပြီး အခွန်စည်းကြပ်သွားမည်ဟု သိရပါသည်။ အကောက်ခွန်ဦးစီးဌာနမှ ၁၅ ရာခိုင်နှုန်းဟု သတ်မှတ်ထားသော်လည်း ဝင်ငွေအနည်းအများအပေါ်မူတည်၍  ရပ်ကွက်ဥက္ကဌတို့မှ အမြတ်တော်ခွန်ကိုကောက်ခံပြီး အကောက်ခွန် ဦးစီးဌာနသို့ ပေးမည်ဟုလည်း သိရပါသည်။

အဆိုပါ အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦး၏အဆိုအရ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ အမြတ်တော်ခွန်ကောက်ခံရာတွင် ဖြတ်ပိုင်းပြေစာ ပေးမည် မပေးမည်မှာ မသေချာဟု ဆိုပါသည်။

သို့သော်လည်း မွန်လူ့အခွင့်အရေး ဖောင်းဒေးရှင်းစုံစမ်းမှုအရ ယခုလို အကောက်ခွန်များ ကောက်ခံရာတွင် ဖြတ်ပိုင်းနှင့်တကွ ကောက်ခံနေကြောင်း သိရသည်။ တချို့ငွေကြေးတက်နိုင်သူများက ပေးဆောင်ပြီးသွားကြောင်းကိုလည်း သိရသည်။

အမြတ်တော်ခွန်အတွက် ကောက်ပါကလည်း ပေးရမည်မှာ သေချာသလောက်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့မှာ မြန်မာအာဏာပိုင် လက်အောက်တွင် နေနေရသည့်အတွက်ဖြစ်ကြောင့် ၄င်းအစည်းအဝေးတက်ရောက်သူက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် အခန်းငှားပေါင်း တစ်ထောင်နီးပါးခန့်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

Most read this week