ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ဝင်းယော်ဆိပ်ကြီး ကျေးရွာမှ မွန်ပြည်နယ် မုဒုံမြို့သို့ သွားရာကားလမ်း တစ်လျှောက်တွင် ဂိတ် ၄ ဂိတ်ပိုလာသည်ဟု ၄င်းလမ်းခရီးမှာ ကားပြေးဆွဲနေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
၄င်းကားလမ်း တစ်လျှောက်ရှိ တောင်ကလေးနှင့် ခလယ်တံခွန်တိုင်အကြားမှာ ဟောင်သရောအဖွဲ့ (ကေဘီအက်ဖ်)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တို့မှ ဂိတ်နှစ်ဂိတ်စီ တိုးလာကြောင်းလည်း ၄င်းကဆိုသည်။
“မနှစ်ကဆို ၁၃ ဂိတ်ရှိတယ်၊ ဒီနှစ်မှာတော့ ၁၇ ဂိတ်ဖြစ်သွားပြီး၊ ဂိတ်တွေ များလာတော့ ကျနော်တို့ ကားသမားတွေအတွက် တစ်ခေါက်ဆိုရင် ဘာမှမကျန်ဘူး။ ဂိတ်သမားတွေကို လုပ်စားနေရသလို ဖြစ်နေတယ်” ဟု ဝင်းယော်ဆိပ်ကြီးမှ မုဒုံမြို့သို့ (၆) နှစ်ကြာ ကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။
၄င်း (၁၇) ဂိတ်တို့သည် မွန်ဂိတ်၊ မြန်မာဂိတ်နှင့် ကရင်ဂိတ်တို့ဖြစ်ကြပြီး၊ ဖြတ်သန်းသွားလာနေသည့် ကားတွေကို တင်ထားသည့် ကုန်ပစ္စည်းပေါ် မူတည်ပြီး အခွန်ကောက်ခံနေသည်။
“ဂိတ်တွေကလည်း တစ်နှစ်နဲ့တစ်နှစ် ပိုပိုလာနေတယ်၊ အခုပိုလာတဲ့ ကရင်ဂိတ် တွေက ခလယ်တံခွန်တိုင်နဲ့နီးနီးလေးပဲ၊ အသေအချာကို သူတို့ဆောက်ထားတယ်၊ အခွန်ကတော့ စကောက်နေပြီး” ဟု ၄င်းကားသမားက ဆက်ပြောသည်။
မြန်မာဂိတ်မှ ကားတစ်စီးလျှင် ၅၀၀ ကျပ်၊ မွန်ပြည်ပါတီဂိတ်မှ ၂၅၀၀ ကျပ်၊ ကေဘီအက်ဖ်ဂိတ်မှ ၁၀၀၀ ကျပ်နှင့် ဒီကေဘီအေဂိတ်မှ ၃၅၀၀ မှ ၄၀၀၀ ကျပ်ထိကောက်ခံနေပြီး ၄င်းဂိတ်များအနာက် ဒီကေဘီအေဂိတ်တွင် အခွန်ကောက်ခံမှုအများဆုံးဖြစ်သည်။ တင်ထားသည့်ကုန်ပစ္စည်းပေါ်မူတည်ပြီး ပိုကောက်သည်များလည်းရှိသည်။
မိုးရာသီအတွင်း ဝင်းယော်ဆိပ်ကြီးမှ ဒေသခံတို့သည် လှေလမ်းခရီးကို အသုံးပြုကြပြီး၊ နွေဦးပိုင်းသို့ ရောက်လာသည့်အခါ ကားလမ်းခရီးဖြင့် အသုံးပြုကြသည်။
“ကားနဲ့က ခရီးမကြာဘူး၊ မုဒုံနဲ့ ဝင်းယော်ဆိပ်ကြီးဆိုရင် အသွားအပြန်တောင် ရသေးတယ်။ လှေနဲ့ဆို တစ်နေကုန် စီးရတာ၊ အဲဒါကြောင်မို့ ကားလမ်းဆို ခရီးသွားတွေများတယ်၊ အခုဆို မိုးကုန်တော့မယ်၊ မိုးတွင်းမှာလည်း တချို့ဆိုကားနဲ့ပဲ သွားလာနေတယ်၊ ဒါပေမယ့် လမ်းတော့ သိပ်မကောင်းဘူးပေါ့” ဟု မွန်ခရီးသည်တစ်ဦးက ပြောသည်။