ပညာရေးဝန်ကြီးဌာနမှ သူငယ်တန်းဖတ်စာအုပ် အခမဲ့ဖြန့် စီမံထားသော်လည်း ကျောင်းသားမိဘများ ဝယ်နေရ

ပညာရေးဝန်ကြီးဌာနမှ သူငယ်တန်းဖတ်စာအုပ် အခမဲ့ဖြန့် စီမံထားသော်လည်း ကျောင်းသားမိဘများ ဝယ်နေရ
by -
မင်းအာသံ
မြန်မာတနိုင်ငံလုံးရှိ သူငယ်တန်းကျောင်းသား/သူများအတွက် အစိုးရပညာရေးဝန်ကြီးဌာနမှ သူငယ်တန်း ဖတ်စာအုပ်များအခမဲ့ဖြင့် ဖြန့်ဝေရန် စီမံထားသော်လည်း ကျောင်းသားမိဘများက ယနေ့ထိ သူငယ်တန်း ဖတ်စာအုပ်ဝယ်နေရကြောင်း သိရ ...

မြန်မာတနိုင်ငံလုံးရှိ သူငယ်တန်းကျောင်းသား/သူများအတွက် အစိုးရပညာရေးဝန်ကြီးဌာနမှ သူငယ်တန်း ဖတ်စာအုပ်များအခမဲ့ဖြင့် ဖြန့်ဝေရန် စီမံထားသော်လည်း ကျောင်းသားမိဘများက ယနေ့ထိ သူငယ်တန်း ဖတ်စာအုပ်ဝယ်နေရကြောင်း သိရသည်။

၄င်းတို့ဌာနမှ ဖြန့်ဝေခဲ့သော သူငယ်တန်းဖတ်စာအုပ်သည် မွန်ပြည်နယ် ကျေးရွာအနည်းစုသာ ရရှိပြီး တချို့ကျေးရွာများတွင် ကျောင်းသားမိဘများက ယခင်နှစ်တိုင်းပင် ပေးဝယ်နေရပါသည်ဟု မုဒုံမြို့နယ်မှှ သူငယ်တန်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“ကျွန်မသား သူငယ်တန်းအဆင့် ကျောင်းသွားအပ်တာ ပိုက်ဆံကုန်တယ်၊ ဖတ်စာအုပ်ကြေးလား ဘာကြေးလဲဆိုတာ မပြောဘူး၊ ကျောင်းအပ်တာနဲ့ (၄၅၀၀) ပေးရတယ်၊ ဒါပေမယ့် ကျောင်းမှာ ဝယ်လိုက်တဲ့ ဗလာစာအုပ်တွေက Unicelf တံဆိပ်ဖြစ်နေတယ်၊ ကွမ်လှာနှင့် နှီးပဒေါ်ကျေးရွာတို့က  ကျောင်းအပ်ခ (၅၀၀) ကျပ် လောက်ပဲ ပေးရတယ်၊ သူတို့က ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံတွေပါ ရတယ်၊” ဟု ပြောသည်။

မွန်ပြည်နယ်တွင် မူလတန်းအဆင့်ချင်းတူညီသော်လည်း တချို့ကျေးရွာများသာ သူငယ်တန်းဖတ်စာအုပ်အခမဲ့ဖြစ် ရရှိပြီး ကရင်ပြည်နယ်အတွင်းတွင်လည်း တချို့ကျေးရွာများတွင် ယနေ့ချိန်ထိ မရသေးသည့်အပြင် ဝယ်နေရပါသည်ဟု သိရသည်။

“သူငယ်တန်းဖတ်စာအုပ်အတွက်  (၆၀၀) ကျပ်ပေးရတယ်၊ ကျောင်းမှာ ဗလာစာအုပ် (၁၂) အုပ် နှင့် ခဲတံပါ ကျောင်း သား/သူတွေကို (၃၀၀၀) ကျပ်နဲ့ ကျောင်းဆရာမတွေ ပြန်ရောင်းနေတယ်”ဟု ဘားအံမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မုဒုံမြို့တွင် သူငယ်တန်းနှင့် ပထမတန်း ကျောင်းအပ်ခမှာ (၂၀၀၀) ကျပ် ပေးရပြီး (၂)တန်းမှ (၄) တန်းအထိ ကျောင်းအပ်ခသည် (၂၅၀၀) ကျပ် ပေးနေရပါသည်ဟု သိရပါသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၀၉/၂၀၁၀ ပညာသင်နှစ်တွင် သူငယ်တန်းကျောင်းသား/သူများအတွက် သူငယ်တန်း ဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေနိုင်ရေးစီမံချက်အရ စုစုပေါင်းတန်ဖိုး ကျပ် ၁၅၇၄၉၇၁၀၀ (၁၅၇ သိန်း) စာအုပ် (၆ သိန်းကျော်) ကို ဖြန့်ဝေမည်ဖြစ်ကြောင်း ပညာရေးဌာန၏ တရားဝင်ထုတ်ပြန်သော သတင်းအရ သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ပညာရေးမြှင့်တင်မှုအစီအစဉ် နှစ် ၃၀ နှစ်ရှည်စီမံကိန်းကာလကို ၂၀၀၁/၂၀၀၂ ပညာသင်နှစ်မှ ၂၀၃၀/၂၀၃၁ ပညာသင်နှစ်ထိသတ်မှတ်ဆောင်ရွက်နေသည်ဟု Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။