ထိုင်းနိုင်ငံမှ ကူးခွေရောင်းသူများကို အရေးယူရန် မွန်အဆိုတော်မှ စီစဉ်

ထိုင်းနိုင်ငံမှ ကူးခွေရောင်းသူများကို အရေးယူရန် မွန်အဆိုတော်မှ စီစဉ်
by -
ရိုင်မရော့
နာမည်ကျော်မွန်အဆိုတော်များက ခွေအသစ်ထုတ်တိုင်း ကူးခွေ ရောင်းချသူတို့ကြောင့် ၄င်းတို့အတွက် အခက်ခဲဖြစ်နေကြသည်။ “ခွေကူးရောင်းတဲ့သူတွေကြောင့် ကျနော်တို့အတွက် အခက်ခဲမျိုးစုံကြုံတွေ့ရတယ်၊ ခွေတစ်ခါထုတ်တိုင်း ကူးခွေတွေ ထွက်ပေါ်လာ ...

နာမည်ကျော်မွန်အဆိုတော်များက ခွေအသစ်ထုတ်တိုင်း ကူးခွေ ရောင်းချသူတို့ကြောင့် ၄င်းတို့အတွက် အခက်ခဲဖြစ်နေကြသည်။

“ခွေကူးရောင်းတဲ့သူတွေကြောင့် ကျနော်တို့အတွက် အခက်ခဲမျိုးစုံကြုံတွေ့ရတယ်၊ ခွေတစ်ခါထုတ်တိုင်း ကူးခွေတွေ ထွက်ပေါ်လာတယ်၊ ကျနော်တို့အနေနဲ့ ခွေတစ်ခွေထွက်ဖို့က ငွေကြေးအများကြီးကုန်ကျခံထားတယ်” ဟု နာမည်ကြီးမွန်အဆိုတော် စမိုင်းချမ်းက ပြောသည်။

ကူးခွေရောင်းချသူတို့ကြောင့် ခွေထုတ်သည့် အဆိုတော်များအတွက် ရင်းနှီးထားသမျှငွေကြေးများ ဆုံးရှုံးမှုရှိသည်။ ကူးခွေရောင်းသူများကို ဖမ်းဆီးအရေးယူရန် အတွက်လည်း အခွင့်မသာခဲ့သည့်အတွက် အကြိမ်ကြိမ် အခါခါ ဆုံးရှုံးနေရပါသည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မွန်သီချင်း ကူးခွွေ ရောင်းချသူများကို ဖော်ထုတ် ဖမ်းဆီးသွားရန် ထိုင်းအာဏာပိုင်များနှင့် ညှိနိူင်းထားသည်ဟု ၄င်းကဆိုသည်။

“ဒီတစ်ခါတော့ ကျနော်တို့ အဆိုတော် “အသိင်” ထုတ်ထားတဲ့ (“ဆုငက် ပံက်ဍုန်”) အမည်ရှိ  ဗီစီဒီ အတွက် ဖြန့်ချိရာမှာ ခွေခိုးကူးသူတွေ မကူးနိုင်အောင် ထိုင်းမှာ ရှိနေတဲ့ မွန်လူမျိုး (၅) ဦးက ထိုင်းအရာရှိတွေနဲ့ စာချုပ်စာတမ်းအသေချာလုပ်ပြီးတော့ ခွေကူးသူတွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူဖို့ သဘောတူညီချက်ယူထားတယ်” ဟု သူက ဆက်ပြောသည်။

ကူးခွေရောင်းချမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင်လည်း ကူးခွေရောင်းချ သူများကို မွန်ဂီတအနုပညာတွေကို အားပေးနေကြသည့် မွန်လူမျိုးများက ဦးဆောင်ပြီး အရေးယူသွားမည်ဟု သူကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ ခွေကူးသူတွေကို အရေးယူရာမှာ (၁) အချက်အနေနဲ့ ကူးခွေနဲ့ပတ်သက်သမျှ စက်ပစ္စည်းအားလုံးကို သိမ်းမယ်၊ ပြီးတော့ ထိုက်တန်သလောက် ကျနော်တို့ဘက်က လျော်ခိုင်းတာကိုလည်း ပြန်လျော်ပေးရမယ်” ဟု စမိုင်းချမ်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မွန်အမျိုးသား (၅) ဦးတို့က ကူးခွေရောင်းချသူတွေကို ဆက်လက်ဖော် ထုတ်သွားရန်ရှိသည်။ အခုလောလောဆယ်တွင် “အသိင်” ခွေ ဖြန့်ပြီးသည်နှင့် ခွေကူးယူရောင်းချသူများကို ဖမ်းဆီးမှု စတင်တော့မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း၌လည်း ကူးခွေရောင်းသူများရှိနေသော်လည်း ထိုင်းနိုင်ငံအတွင်းရှိ မွန်ကူးခွေရောက်ချသူများနှင့် နိုင်းယှဉ်လျှင် အနည်းအကျဉ်းသာရှိသည်ဟု ၄င်းကဆိုသည်။

Most read this week