တပ်ရင်း-၃ ရွာသူကြီးထံမှ ရာမညတပ် ထပ်မံငွေတောင်းခံ

တပ်ရင်း-၃ ရွာသူကြီးထံမှ ရာမညတပ် ထပ်မံငွေတောင်းခံ
by -
မင်းအာသံ
ယမန်နေ့တွင် နိုင်ခင်မောင်ဦးစီးသော “ရာမည” တပ်မှ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း-၃ ကျေးရွာကို ထောက်ပံ့ကြေးငွေတောင်းခံထားသည်ဟု ရွာသားများက ပြော ...

ယမန်နေ့တွင် နိုင်ခင်မောင်ဦးစီးသော “ရာမည” တပ်မှ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း-၃ ကျေးရွာကို ထောက်ပံ့ကြေးငွေတောင်းခံထားသည်ဟု ရွာသားများက ပြောသည်။

“သူတို့ ငွေတောင်းတာ ဘတ်တစ်သိန်းပေါ့၊  သူတို့တောင်းတာ မပေးဘူးဆိုရင် ရတဲ့နည်းနဲ့ သူတို့ယူမှာပဲလို့   ကျွန်တော်တို့ကို လာခြိမ်းခြောက်သွားတယ်၊ ကျွန်တော်တို့ မပေးချင်ပေမယ့် အခုလိုမျိုး ပြောထားတော့ ဘယ်လိုလုပ်ရမလဲ” ဟု ရွာသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းတွင် ယခုကဲ့သို့ ငွေတောင်းသည်မှာ ဆပ်ကြေးတောင်းခြင်း မဟုတ်ပဲ စေတနာဖြင့် တောင်းယူခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော ဥက္ကဋ္ဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကိုလည်း အကူညီတောင်းသောအနေဖြင့် ခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်း နယ်စပ်တွင် “ရာမည” တပ်ကို ဦးဆောင်လှုပ်ရှားနေသူ နိုင်ခင်မောင်က ပြောသည်။

“ကျတော်တို့ ခေါ်သွားတဲ့အကြောင်းကတော့ အကူအညီတောင်းချင်လို့ပါ၊ ဒီနှစ်ယောက်ကိုလဲ ကျတော်တို့ဘက်က ဘာမှမယူခဲ့ပါဘူး၊ အခုလို ရွာမှာ ငွေတောင်းတာက နှစ်ပတ်လည် ငွေတွေပါ၊ နောင်နှစ်ဒီအချိန်ရောက်ရင်လဲ ပြန်တောင်းမှာပဲ၊ ကျွန်တော်တို့ရဲ့ ရာမညတပ်မှာ လူအင်အားက များနေလို့ အခုလို ရွာမှာ အကူညီတောင်းရတာပါ” ဟု ၄င်းက ပြောသည်။

လောလောဆယ်ဆယ်၌ ယခုငွေတောင်းခြင်းကိစ္စနှင့် ပတ်သက်၍ ရွာအတွင်းတွင် တပ်သားများအား အစောင့်ချထားရဆဲ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်အုပ်ချူပ်ရေးကော်မတီဝင် နိုင်ဘတင်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် ရာမညတပ် လက်နက်ကိုင်အဖွဲ့မှ ငွေတောင်းစာတစ်စောင်ကို ကျေးရွာထဲတွင် ကြားသိရပြီးနောက် ရွာအတွင်းတွင် ကင်းလှည့်လျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

ဘုရားသုံးဆူ အုပ်ချူပ်ရေးတာဝန်ခံတစ်ဦး၏ပြောပြချက်အရ “ဗဟိုရဲ့ပြဌာန်းချက်အရ မွန်ပြည်သစ်နယ်မြေမှာ တခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ငွေတောင်းတာ ရှိပါက ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ သြဇာကို သက်သက်မဲ့မဲ့ လာထိခိုက်တာပဲ” ဟု ၄င်းက ပြောသည်။

လွန်ခဲ့သောသီတင်းပတ်တွင် တပ်ရင်း-၃ ကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် ဆယ်အိမ်ခေါင်းတို့ကို ရာမညတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းတို့ထံမှ ထိုင်းဘတ်ငွေငါးသောင်းတိတိ တောင်းယူခဲ့ကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူများက ပြောသည်။

ရာမညတပ်၏ ရည်ရွယ်ချက်မှာ မွန်လူမျိုးများ စစ်အစိုးရ၏ လက်အောက်မှ ပြန်လည်လွတ်မြောက်ရန်နှင့် နအဖအား ပြန်လည်တွန်းလှန်ရန် ဖြစ်သည်ဟု နိုင်ခင်မောင်က ပြောသည်။

Most read this week